လက်နက်ချ စစ်ကောင်စီတပ်ဖွဲ့ဝင် ထောင်ချီရှိကြောင်း AA အဖွဲ့ ကြေညာ 

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ရာနဲ့ချီ လက်နက်ချကြောင်း AA က သတင်းထုတ်ပြန်သည့် ဗွီဒီယိုမှ မြင်ရသည့်ပုံ (မေ ၆၊ ၂၀၂၄)

ရခိုင်ပြည်နယ်က တိုက်ပွဲတွေအတွင်း ဖမ်းဆီးရမိသူတွေနဲ့ လက်နက်ချတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ထောင်နဲ့ချီ ရှိနေကြောင်း အာရက္ခတပ်တော် AA ကကြေညာလိုက်ပါတယ်။ တချိန်တည်းမှာပဲ မောင်တောမြို့ကနေ ဆုတ်ခွာလာကြတဲ့ နယ်ခြားစောင့်တပ်ဖွဲ့ ဝင်တွေနဲ့ မိသားစုဝင်တွေကို စစ်ကောင်စီရေတပ်က လက်မခံပဲ ခြောက်လှန့်ပစ်ခတ်ခဲ့တယ်လို့ဆိုတဲ့ ဗွီဒီယိုဖိုင်တခုကိုလည်း ဒီကနေ့အစောပိုင်းမှာပဲ AA အဖွဲ့က ထုတ်ပြန်ခဲ့တာပါ။ စစ်ရေးတင်းမာနေတဲ့ ရခိုင်ပြည်နယ်က အခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို ကိုစံကျော် တင်ပြထားပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်းက စတင်ခဲ့တဲ့ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်AAကြားတိုက်ပွဲတွေဟာ ဒီကနေ့အထိ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပါတယ်။ တိုက်ပွဲကာလ ၆လကျော်အတွင်း ရခိုင်ပြည်နယ် မြို့နယ် ၉ခုနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို အပြီးအပိုင်သိမ်းပိုက်ထားနိုင်ကြောင်း AA ဘက်ကသတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ရခိုင်တိုက်ပွဲ ၆ လကျော်ကာလအတွင်းမှာ ထောင်နဲ့ ချီတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်မိသားစုတွေကို AAဘက်က ထိန်းသိမ်းပြီးတော့ လူသားချင်းစာနာမှုဆိုင်ရာ အကူညီပေးထားတယ်လို့လည်း AAကပြောဆိုထားပါတယ်။

လက်ရှိ AA ထိန်းသိမ်းထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပန်းအရေးနဲ့ ပတ်သတ်ပြီး စစ်ကောင်စီနဲ့ AAကြား ဆွေးနွေးခဲ့တာရှိပေမယ့် အဆင်မပြေခဲ့ကြောင်းလည်း AAပြောခွင့်ရ ခိုင်သုခက ပြီးခဲ့တဲ့ စနေနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့ပါတယ်။

“ ဒီစစ်သုံ့ပန်းကိစ္စနဲ့ ပတ်သတ်ပြီးတော့ နောက်ဆုံးကျနော်တို့ ကူမင်းမှာ စစ်ကောင်စီနဲ့ နှစ်ဖွဲ့ ချင်းတွေ့ခဲ့တဲ့ အစည်းအဝေးမှာ ကျနော်တို့က စစ်သုံ့ပန်းကိစ္စသူတို့ကို ပြောတာရှိတယ်။ ဥပမာ မင်းတို့ ဘက်က ပစ်ခတ်နေတာတွေက အန္တရာယ်များတယ်။ငါတို့ပြည်သူတွေ အတွက် သာမက မင်းတို့ ရဲဘော်တွေအတွက်ပါ အန္တရာယ်ရှိတယ် လို့ ကျနော်တို့ပြောတယ်၊ ရခိုင်ပြည်သူတွေကို မငဲ့ညှာရင်တောင်မှ မင်းတို့ ရဲဘော် ရဲဘက်တွေကို ငဲ့ညှာသင့်တယ် ကျနော်တို့ ပြောတဲ့အခါ သူတို့က ဘာပြန်ပြောလဲဆိုတော့ ကျနော်တို့ဆီမှာ ရှိနေတဲ့ စစ်သုံ့ပန်းတွေဟာ သူရဲဘောကြောင်တဲ့သူတွေ၊ လက်နက်ချအညံ့ခံတဲ့သူတွေ သစ္စာဖောက် တဲ့သူတွေ စစ်ဥပဒေအရဆိုရင် သေဒဏ်ကျမယ့်သူတွေ ဆိုပြီးတော့ သူတို့ဘက်က ပြင်းပြင်းထန်ထန်ခါးခါး သီးသီး ရဲဘော်ရဲဘက် မပီသပဲ သစ္စာမဲ့စွာ ပြောခဲ့တာတွေရှိတယ်။ အဲဒါကြောင့် ဒီကိစ္စကို ဆက်ပြီးတော့ မဆွေးနွေးဖြစ်တော့ဘူး။”

လက်ရှိ AA ဘက်က ပိတ်ဆို့တိုက်ခိုက်နေတဲ့ မောင်တောမြို့နယ်မှာလည်း စစ်ကောင်စီ တပ်စခန်းတော်တော်များများကို သိမ်းပိုက်ထားပြီးဖြစ်တယ်လို့ မကြာသေးခင်က ထုတ်ပြန်တဲ့ AA ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ရာနဲ့ချီ လက်နက်ချကြောင်း AA က သတင်းထုတ်ပြန်သည့် ဗွီဒီယိုမှ မြင်ရသည့်ပုံ (မေ ၆၊ ၂၀၂၄)

ကျန်ရှိနေသေးတဲ့ တပ်စခန်းတွေထဲကနယ်ခြားစောင့် ၄နဲ့ ၉ တပ်ရင်းတွေကနေ ဆုတ်ခွာလာတဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေနဲ့ တပ်မိသားစုဝင်တွေ၊ ကလေးတွေ ရဲ့ အခြေအနေကို ပြသထားတဲ့ ဗွီဒီယိုဖိုင်တခုကို AA ဘက်က ဒီကနေ့မနက်ပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

သူတို့တွေဟာ အမိန့်အရ စခန်းကနေ ဆုတ်ခွာလာကြပေမယ့် ကမ်းထိုးရေယာဉ်ဆီကို စက်လှေနဲ့ ကူးခတ်စဉ် စစ်ကောင်စီရေတပ်က လက်မခံပဲ သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် စက်လှေမှောက်ပြီးတော့ ဒုက္ခရောက်နေကြတာဖြစ်တယ်လို့ အဲဒီမှာပါဝင်တဲ့ အမျိုးသား တဦးက သူတို့အခြေအနေကို ပြောပြထားပါတယ်။

“ရခိုင်ပြည်နယ်မြောက်ပိုင်း နယ်ခြားစောင့် ၄နဲ့ နယ်ခြားစောင့် ၉ က လက်ရှိ ကျန်ရှိတပ်ဖွဲ့ဝင် တွေ၊ ဆုတ်ခွာတဲ့ အချိန်မှာဗျာ စက်လှေနဲ့ ဆိုတော့ စက်လှေနဲ့ ကယ်ပေးမယ်လို့ မောရဝတီဗျူဟာက ချိတ်ပေးလို့ ဒီမှာ တပ်ဖွဲ့ဝင်တွေ အကုန်လုံး တပ်မမှူး အမိန့်လည်းရပြီ ကွပ်ကွဲရေးမှူး အမိန့်လည်းရပြီဆိုတော့ ဆုတ်မယ်ပေါ့ကျနော်တို့က သူတို့အရင် စက်လှေနဲ့ တစီးနဲ့ ကမ်းထိုး ယာဉ်ဆီအရင် သွားတယ်ဗျာ သူတို့ရောက်တော့ စက်လှေပြန်လွှတ်ပြီး နောက်ကျန်တပ်ဖွဲ့ဝင်တွေ မိန်းမတွေ ကလေးတွေနဲ့ ဒဏ်ရာ ရထားသူတွေကို သွားပို့တဲ့ အချိန်မှာ နှစ်စီးလုံးကို သေနတ်နဲ့ ပစ်လွှတ်တယ်တဲ့ဗျာ။ ကမ်းထိုးပေါ်အတက်မခံဘူး၊ အကပ်လည်းမခံဘူးတဲ့ဗျာ။ အဲဒါ ပြန်လှည့်လာတော့ ကမ်းခြေမှာ လှိုင်းလည်းတအားကြီးတော့ စက်လှေမှောက်တယ်ဗျာ။ ရဲမိန်းမနှစ်ယောက် ရှာမရဘူးဗျာ ကလေးနှစ်ယောက်ရော ဟိုမှာလည်း ကလေးနှစ်ယောက်က မျောနေပြီဗျာ။”

စစ်ကောင်စီအနေနဲ့ ရခိုင်တိုက်ပွဲတွေမှာ အရပ်သားတွေကို ပစ်မှတ်ထားတိုက် ခိုက်တာတွေ ဒေသခံကျေးရွာသားတွေ ဖမ်းဆီးသတ်ဖြတ်တာတွေကို ပိုမိုလုပ်ဆောင် လာတာကြောင့် နှစ်ဘက်လုံးက အရပ်သားတွေကို ကာကွယ်ကြဖို့ AAဘက် တောင်းဆိုခဲ့ ပေမယ့် စစ်ကောင်စီဘက်က လက်မခံခဲ့ကြောင်းလည်း အာရက္ခတပ်တော်စစ်ဦး စီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ဗွီအိုအေကို ပြောဆိုထားတာရှိပါတယ်။

မောင်တောဘက်က ဆုတ်ခွာလာတဲ့ နယ်ခြားစောင့်တပ် ၄ နဲ့ ၉ကတပ်ဖွဲ့၀င်တွေကို စစ်ကောင်စီက ပစ်ခတ်ခဲ့တဲ့ ဆိုတဲ့ သတင်းနဲ့ ပတ်သက်လို့ ဗွီအိုအေက စစ်ကောင်စီကို ဆက်သွယ်မေးမြန်းထားပေမဲ့ တုံ့ပြန်ချက်မရသေးပါဘူး။

Your browser doesn’t support HTML5

လက်နက်ချ စစ်ကောင်စီတပ်ဖွဲ့ဝင် ထောင်ချီရှိကြောင်း AA အဖွဲ့ ကြေညာ