စစ်ကောင်စီနဲ့ ဆက်နွယ်သူတွေကို ဒဏ်ခတ်အရေးယူဖို့ ကုလ ကိုယ်စားလှယ်တိုက်တွန်း

မြန်မာနိုင်ငံဆိုင်ရာ လူအခွင့်အရေးကုလအထူးကိုယ်စားလှယ် Tom Andrews နဲ့အဖွဲ့က တောင်ကိုရီးယားနိုင်ငံအမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုယ်စားလှယ်ရုံးမှာ NUG ကိုယ်စားလှယ် ကိုရန်နိုင်ထွန်းနဲ့အဖွဲ့ကို သွားရောက်တွေ့ဆုံစဉ်။ (နိုဝင်ဘာ ၂၁၊ ၂၀၂၁)

[[Zawgyi/Unicode]]

မြန်မာစစ်ကောင်စီဆက်နွယ်ပတ်သက်သူတွေကို စီးပွားရေးအရ အရေးယူဒဏ်ခတ်ဖို့ မြန်မာ့လူအခွင့်အရေးဆိုင်ရာ ကုလအထူးကိုယ်စားလှယ်က တောင်ကိုရီးယားနိုင်ငံကို တိုက်တွန်းပါတယ်။

မြန်မာနိုင်ငံအတွင်းလုပ်ကိုင်နေတဲ့ တောင်ကိုရီးယားစီးပွားရေးလုပ်ငန်းတွေအနေနဲ့ လူ့အခွင့်အရေးနဲ့ ကျင့်ဝတ်စည်းကမ်းတွေကို လေးစားလိုက်နာစေဖို့ တောင်ကိုရီးယားအစိုးရအနေနဲ့ ကြပ်မတ်ပေးဖို့ကိုလည်း အထူးကိုယ်စားလှယ် Thomas Andrews က တိုက်တွန်းပါတယ်။ ကုလအထူးကိုယ်စားလှယ် Thomas Andrews ဟာ တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိနေပြီး အခု ၆ ရက်မြောက် နောက်ဆုံးနေ့ တနင်္လာနေ့မှာ သတင်းစာရှင်းလင်းပွဲလုပ်တာပါ။

ယူကရိန်းကို ရုရှားကျူးကျော်စစ်ဖြစ်ပြီးနောက် ရုရှားပိုင်လုပ်ငန်းတွေအပေါ် နိုင်ငံတကာက အရေးယူဒဏ်ခတ်ရာမှာ တောင်ကိုရီးယားက ပါဝင်ပူးပေါင်းဆောင်ရွက်တာကို ထောက်ပြပြီး အာဏာသိမ်း မြန်မာစစ်ကောင်စီကို အထောက်အပံ့ပေးနေတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို အလားတူ အရေးယူဆောင်ရွက်ဖို့ ကုလကိုယ်စားလှယ်က ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက နိုင်ငံရေးအကျဉ်းသားတချို့ကို စစ်ကောင်စီ ပြန်လွှတ်ပေးတာဟာ နိုင်ငံတကာရဲ့အမြင်သဘောထားတွေ ပြောင်းလဲလာစေဖို့ အပေါ်ယံ ဟန်ပြတိုးတက်မှု လုပ်ပြတာဖြစ်တယ်လို့လည်း အထူးကိုယ်စားလှယ်က ဝေဖန်ပါတယ်။ ပြီးခဲ့တဲ့ ကြာသာပတေးနေ့ အမျိုးသားအောင်ပွဲနေ့တုန်းက အကျဉ်းသား ၆ ထောင်နီးပါးလွှတ်ပေးခဲ့ရာမှာ NLD ပါတီရဲ့ ဩစတြေးလျ စီးပွားရေးအကြံပေးအပါအဝင် နိုင်ငံရေးအကျဉ်းသားတချို့လည်း ပါဝင်ခဲ့ပါတယ်။ ကုလအထူးကိုယ်စားလှယ် Thomas Andrews ဟာ တောင်ကိုရီးယားနိုင်ငံကို ပြီးခဲ့တဲ့သီတင်းပတ်က ရောက်ရှိပြီး မြန်မာ့အကျပ်အတည်းအခြေအနေကိုဖြေရှင်းရေး တောင်ကိုရီးယားနိုင်ငံရဲ့အခန်းကဏ္ဍအတွက် အစိုးရတာဝန်ရှိသူတွေ၊ စီးပွားရေးလုပ်ငန်းအကြီးအကဲတွေကို တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

Your browser doesn’t support HTML5

စစ်ကောင်စီနဲ့ ဆက်နွယ်သူတွေကို ဒဏ်ခတ်အရေးယူဖို့ ကုလ ကိုယ်စားလှယ်တိုက်တွန်း.mp3

===================

[[Unicode]]





