ဒေသတွင်း တရုတ်အစိုးရရဲ့ အငြင်းပွားဖွယ် နယ်မြေချဲ့ထွင်မှုတွေအခိုင်အမာပြုလုပ်လာနေတာကို တန်ပြန်ဖို့ ကာလရှည်ကြာ မဟာမိတ်နိုင်ငံတွေဖြစ်တဲ့ ဖိလစ်ပိုင်နဲ့အမေရိကန်တို့ရဲ့ အကြီးဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဒီကနေ့ အင်္ဂါနေ့က စတင်ပြုလုပ်ခဲ့ပါတယ်။
Balikatan လို့အမည်ပေးထားတဲ့ ဖိလစ်ပိုင်မှာ နှစ်စဉ်ပြုလုပ်တဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ တပ်ဖွဲ့ဝင် အင်အား ၁၈,ooo နီးပါးပါဝင်ပါတယ်။ ဒီနှစ်စစ်ရေးလေ့ကျင့်မှုမှာ တရုတ်က သူပိုင်ဆိုင်ကြောင်း ပြောဆိုထားတဲ့ တောင်တရုတ်ပင်လယ်အတွင်း လက်နက်တွေကို ပစ်ခတ်စမ်းသပ်ခဲ့ကြပါတယ်။
ထိုင်ဝမ်နဲ့ ပတ်သက်လို့ သဘောထားတင်းမာမှုကို ပြသတဲ့ သုံးရက်ကြာ တရုတ်စစ်ရေးလေ့ကျင့်မှု တနင်္လာနေ့က ပြီးဆုံးသွားပြီးနောက် အခုလို အမေရိကန်နဲ့ ဖိလစ်ပိုင် ပူးတွဲစစ်ရေးလေ့ကျင့်ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။
ထိုင်ဝမ်နဲ့ မိုင် ၁၉ ၀ နီးပါးအကွာမှာရှိတဲ့ ဖိလစ်ပိုင်က Luzon ကျွန်းမြောက်ဘက်စွန်းမှာ Balikatan စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်နေတာဖြစ်ပါတယ်။ အဲဒီမှာ စစ်ရဟတ်ယာဉ်တွေ ဆင်းသက်တာ၊ ကြည်းတပ်၊ ရေတပ်တွေပူးပေါင်းပြီး အခြားကျွန်းတွေကို ပြန်ပြီး သိမ်းယူတာ စတာတွေကိုလည်း လေ့ကျင့်ဖို့ရှိနေပါတယ်။
အရင်ဖိလစ်ပိုင်သမ္မတ ဒူတာတေးလက်ထက်က မဟာမိတ်အမေရိကန်နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဖျက်သိမ်းပြီးနောက် လက်ရှိသမ္မတဖာဒီနန်မားကို့စ်ဂျူနီယာ လက်ထက်မှာ နှစ်နိုင်ငံဆက်ဆံရေးခိုင်မာစေဖို့ ပြန်ပြီး စစ်ရေးလေ့ကျင့်မှုကို ပထမဆုံးအကြိမ်ပြုလုပ်ခဲ့ပါတယ်။
Your browser doesn’t support HTML5