{{Zawgyi/Unicode}}
အမေရိကန်တပ်ဖွဲ့တွေအသုံးပြုနိုင်မယ့် စစ်အခြေစိုက်စခန်းနောက်ထပ် ၄ ခု ရဲ့ တည်နေရာတွေကို ဖိလစ်ပိုင်က တနင်္လာနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ နှစ်နိုင်ငံကြားက ဆယ်စုနှစ်များစွာကြာ ခိုင်မာနေတဲ့မဟာမိတ်ဆက်ဆံရေးကို နောက်တဆင့်မြှင့်တင်ဖို့ကြိုးပမ်းတဲ့ ကာကွယ်ရေးသဘောတူညီချက်မှာ ပါဝင်တဲ့ စစ်စခန်းအရေအတွက်ထက် နှစ်ဆနီးပါး တိုးလာခဲ့တာပါ။
တိုးလာတဲ့နေရာတွေကတော့ စစ်ရေးဗျူဟာမြောက် အချက်အချာကျတဲ့နေရာတွေဖြစ်တဲ့ ကာဂါယန်ပြည်နယ်ထဲက လာလိုလေဆိပ်၊ ကာမီလိုအိုဆာယက်စ် ရေတပ်အခြေစိုက်စခန်း၊ အစ္စဘယ်လာပြည်နယ်ထဲက မဲလ်ချော ဒဲလ်လာ ခရူဇ် စစ်စခန်းနဲ့ ပလာဝမ် ပြည်နယ်ကမ်းရိုးတန်းအနီးက ဗာလဘတ်ကျွန်းတို့မှာ ဖြစ်ပါတယ်။
အစ္စဘယ်လာနဲ့ ကာဂါယန်ပြည်နယ်တွေက ထိုင်ဝမ်ကျွန်းရှိတဲ့မြောက်ဘက်ကို မျက်နှာမူနေကြပြီး ပလာဝမ် ပြည်နယ်ကတော့ တောင်တရုတ်ပင်လယ်ထဲမှာ ရေပိုင်နယ်အငြင်းပွားနေတဲ့ စပရက်တလေကျွန်းစုတွေအနီးမှာပါ။ အဲဒီမှာ တရုတ်ဘက်ကကျွန်းတုတွေဖန်တီးပြီး လေယာဉ်ပြေးလမ်းတွနဲ့ ဒုံးကျည်စနစ်တွေ တည်ဆောက်ထားတာပါ။
ဒီ နေရာတွေဟာအလွန်ဗျူဟာမြောက်ပြီး တောင်တရုတ်ပင်လယ်မှာ နိုင်ငံတကာ အသိုင်းအဝန်းအတွက် ဖိလစ်ပိုင်အနေနဲ့တာဝန်ရှိကြောင်း ဖိလစ်ကာကွယ်ရေးဦးစီးချုပ် ကာလီတို ဂဲလ်ဗက်ဇ် ပြောပါတယ်။ အဲဒီနေရာဟာ နိုင်ငံတကာ ကုန်သွယ်မှုလမ်းကြောင်းလည်း ဖြစ်ပြီး ကုန်သွယ်မှုပမာဏ ဒေါ်လာ (၃) ထရီလီယံဝန်းကျင် နှစ်စဉ် အဲဒီမှာ ဖြတ်သန်းနေပါတယ်။
အခု တိုးချဲ့လိုက်တဲ့စစ်စခန်းတွေက အမေရိကန်နဲ့ ဖိလစ်ပိုင်ချုပ်ဆိုထားတဲ့ တိုးမြှင့်ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် (EDCA) ကို ထပ်မံ ချဲ့ထွင်လိုက်တာလည်းဖြစ်ပါတယ်။ ဒါဟာ တောင်တရုတ်ပင်လယ်က တရုတ်နိုင်ငံရဲ့ ပြုမူ လှုပ်ရှားမှုတွေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရထိုင်ဝမ်အပေါ် တင်းမာမှုတွေ ကြီးထွားလာချိန်မှာ ဖိလစ်ပိုင်နိုင်ငံရဲ့ ဗျူဟာမြောက် အရေးပါမှုကို ဖော်ပြပါတယ်။
အမေရိကန်သမ္မတ ဘာရက် အိုဘားမား လက်ထက် ၂၀၁၄ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့တဲ့ EDCA စာချုပ်အရ အမေရိကန်တပ်ဖွဲ့တွေအနေနဲ့ ဖိလစ်ပိုင် စစ်အခြေစိုက်စခန်းတွေမှာ ပူးတွဲလေ့ကျင့်ရေးလုပ်ဆောင်တာ၊ ပြေးလမ်းတွေ၊ လောင်စာဆီသိုလှောင်မှုနဲ့ စစ်ဘက်အိမ်ရာတွေလို အဆောက်အအုံတွေ ဆောက်လုပ်တာမျိုးကို ခွင့်ပြုမှာဖြစ်ပြီး အမေရိကန်တပ်တွေ အမြဲတမ်းတပ်စွဲထားမှာတော့ မဟုတ်ပါဘူး။
အခုလို အမေရိကန်တပ်ဖွဲ့တွေအတွက် စစ်စခန်းတွေ တိုးချဲ့အသုံးပြုခွင့်ကို ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာက ဖေဖော်ဝါရီလ ကတည်းက ကြေညာချက်တာပါ။ ဒါပေမယ့် ဒေသဆိုင်ရာခေါင်းဆောင်တွေက ဖိလစ်ပိုင်အနေနဲ့ အမေရိကန်နဲ့ တရုတ်နိုင်ငံအကြား အနာဂတ်ပဋိပက္ခတွေမှာ ကြားကနေ ဓားစာခံဖြစ်မှာစိုးရိမ်ပြီး ကန့်ကွက်နေကြလို့ စစ်စခန်းနေရာတွေကို ထုတ်ပြန်ဖို့က ကြန့်ကြာခဲ့တာပါ။
မနီလာမြို့က တရုတ်နိုင်ငံသံရုံးကတော့ အခုလို စစ်စခန်းတွေတိုးချဲ့လိုက်တာ အပေါ် မှတ်ချက်ပေးဖို့ တောင်းဆိုတာကို ချက်ချင်းမတုံ့ပြန်ခဲ့ပါဘူး။ အမေရိကန်က အခုလို စစ်အင်အားဖြန့်ကျက်နေလို့ တင်းမာမှုတွေတိုးလာနေတယ်လို့ တရုတ်ဘက်က စွပ်စွဲလေ့ရှိပါတယ်။
အမေရိကန်ဟာ ဖိလစ်ပိုင်မှာ လက်ရှိ ရှိနှင့်ပြီး စစ်စခန်း ၅ ခုမှာလည်း ဒေါ်လာသန်း ၈၀ ကျော်တန်ဖိုးရှိတဲ့ အခြေခံအဆောက်အအုံတွေ ဆောက်လုပ်ပေးဖို့ ကတိပြုထားပါတယ်။
ဖိလစ်ပိုင်မှာ အမျိုးသားရေးလိုလားသူတွေ ကန့်ကွက်ရှုတ်ချခဲ့လို့ ၁၉၉၂ ခုနှစ်မှာ အမေရိကန်ရဲ့ အမြဲတမ်းစစ်အခြေစိုက်စခန်းတွေ နောက်ဆုံး ရုပ်သိမ်းခဲ့ရပါတယ်။ ဒါပေမယ့် ၂၀၀၀ ခုနှစ်နောက်ပိုင်းမှာတော့ နှစ်နိုင်ငံ စစ်ရေး ပူးပေါင်းမှု ပြန်လည်လုပ်ဆောင်ခဲ့ပြီး နှစ်စဉ်နှစ်တိုင်း ပူးတွဲလေ့ကျင့်တာတွေ လုပ်လေ့ရှိပါတယ်။
=============
{{Unicode}}