"မြန်မာ့အရေး အာဆီယံ ကြိုးပမ်းမှု အမေရိကန် ဆက်လက်ထောက်ခံမည်" - သမ္မတဘိုင်ဒင်

အမေရိကန်သမ္မတအိမ်ဖြူတော်မှာ တွေ့ဆုံဆွေးနွေးနေတဲ့ အင်ဒိုနီးရှားသမ္မတ Joko Widodo နဲ့ အမေရိကန်သမ္မတဂျိုးဘိုင်ဒင် (နိုဝင်ဘာ ၁၃၊ ၂၀၂၃)

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်နေတဲ့ နိုင်ငံရေး အကျပ်အတည်းတွေကို ဖြေရှင်းရေး အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ရဲ့ ကြိုးပမ်းမှုတွေကို ဆက်လက် အားပေးသွားမယ့်အကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ပြောလိုက်ပါတယ်။ မြန်မာ့အရေး ဖြေရှင်းဖို့ အာဆီယံက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်နဲ့ မြန်မာပြည်သူတွေကိုလည်း အားပေးထောက်ခံမယ့်အကြောင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံက သမ္မတ Joko Widodo နဲ့ သမ္မတဘိုင်ဒင် အိမ်ဖြူတော်မှာ မနေ့တုန်းက တွေ့ဆုံအပြီး ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်မှာ ဖော်ပြခဲ့တာပါ။

ထိတ်လန့်စရာ အကြမ်းဖက်လုပ်ရပ်တွေ ရပ်တန့်ဖို့၊ လူသားချင်း စာနာမှုအကူအညီတွေ အကန့်အသတ်မရှိ ပေးအပ်ခွင့်ရှိဖို့၊ မတရားဖမ်းဆီးထားသူတွေကို ပြန်လွှတ်ဖို့နဲ့ အားလုံးပါဝင်နိုင်မယ့် ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်လည်ဦးတည်ဖို့လည်း မြန်မာစစ်အာဏာပိုင်တွေကို အမေရိကန်နဲ့ အင်ဒိုနီးရှားခေါင်းဆောင်တွေက တောင်းဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးပြဿနာတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ပေါ်ပေါက်နေတာကို ဖြေရှင်းဖို့ အာဆီယံအသင်းက ဘုံသဘောတူညီချက် ၅ ရပ် ချမှတ်ခဲ့ပေမဲ့ လက်တွေ့အကောင်အထည် မဖော်နိုင်ပဲ ဖြစ်နေတာပါ။ ဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်ရာမှာ မြန်မာစစ်ကောင်စီက ပူးပေါင်းဆောင်ရွက်ဖို့ ပျက်ကွက်တယ်ဆိုပြီး အာဆီယံအသင်းက အဆင့်မြင့်အစည်းအဝေးတွေကိုလည်း စစ်ကောင်စီကိုယ်စားလှယ်တွေ ပါဝင်တက်ရောက်ခွင့် ကန့်သတ်ထားပါတယ်။

Your browser doesn’t support HTML5

"မြန်မာ့အရေး အာဆီယံ ကြိုးပမ်းမှု အမေရိကန် ဆက်လက်ထောက်ခံမည်" - သမ္မတဘိုင်ဒင်