မြန်မာနိုင်ငံမှာ အကြမ်းဖက်လုပ်ရပ်တွေ ချက်ချင်းရပ်ဖို့လိုတယ်လို့ အမေရိကန်၊ သြစတေးလျ၊ ဂျပန်နဲ့ အိန္ဒိယ ၄ နိုင်ငံပါတဲ့ လုံခြုံရေးဆိုင်ရာ လေးပွင့်ဆိုင် ဆွေးနွေးဘက်နိုင်ငံများ Quad အဖွဲ့က အလေးအနက်ပြောကြားလိုက်ပါတယ်။ ဆိုးဝါးယိုယွင်းနေတဲ့ မြန်မာနိုင်ငံအခြေအနေအပေါ် အထူးစိုးရိမ်ကြောင်းလည်း Quad အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဥပဒေမဲ့ဖမ်းဆီးထားသူအားလုံးကို ပြန်လွှတ်ပေးဖို့၊ ဆွေးနွေးအဖြေရှာဖို့၊ လူသားချင်းစာနာတဲ့အကူအညီတွေ အဟန့်အတား မရှိပေးနိုင်ဖို့နဲ့ ဖယ်ဒရယ်ဒီမိုကရက်တစ်စနစ် အသွင်ပြောင်းလဲမှုမှာ အားလုံးပါဝင်နိုင်ဖို့ လိုအပ်တယ်လို့ ၄ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ထုတ်ပြန်ချက်မှာ အလေးထားပြောထားပါတယ်။
အချက် ၅ ချက်ပါ အာဆီယံဘုံသဘောတူညီချက်တွေကို အပြည့်အဝ အကောင်အထည်ဖော်ပါလို့လည်း တောင်းဆိုထားပါတယ်။ မြန်မာနိုင်ငံပြဿနာပြေလည်ရေးအတွက် လက်တွေကျ ထိရောက်တဲ့နည်းလမ်းတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက အတူတကွဆောင်ရွက်သွားကြဖို့လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Anthony Blinken အပါအဝင် လေးနိုင်ငံဆွေးနွေးဘက်အဖွဲ့နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။
Your browser doesn’t support HTML5