ဧည့်စာရင်းစနစ် ဖျက်သိမ်းမည်

လွှတ်တော်

ခေတ်စနစ်နဲ့သာမက ဒီမိုကရေစီ စံချိန်စံညွှန်းနဲ့ပါ မကိုက်ညီတော့တာကြောင့် ဧည့်စာရင်းတိုင်ကြားတာနဲ့ ပတ်သက်တဲ့ ဥပဒေပုဒ်မတွေကို မကြာခင်မှာ ပြည်ထောင်စုလွှတ်တော်ကနေပယ်ဖျက်ဖို့ရှိနေပါတယ်။ ဒီလိုပယ်ဖျက်ဖို့ကို ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ ပြင်ဆင်ရေးမူကြမ်းအဖြစ် အမျိုးသားလွှတ်တော်ကို တင်ပြထားပြီး အစိုးရသစ်ဖွဲ့စည်းပြီးနောက်ပိုင်းမှာ အတည်ပြုပြဌာန်းဖွယ်ရှိနေပါတယ်။ ဒီသတင်းကိုတော့ ဗီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ လွတ်လပ်စွာခရီးသွားလာခွင့်ကို အနှောက်အယှက်ဖြစ်စေတဲ့ ဧည့်စာရင်းတိုင်ကြားတာ၊ ဧည့်စာရင်း စစ်ဆေးတာနဲ့ ပျက်ကွက်ရင် အရေးယူတာတွေနဲ့ သက်ဆိုင်တဲ့ ဥပဒေပုဒ်မတွေကို ပယ်ဖျက်ဖို့အတွက် ဥပဒေကြမ်းအဖြစ်နဲ့ လွှတ်တော်ကို တင်ပြထားပြီဖြစ်ပါတယ်။

လောလောဆည်မှာတော့ အမျိုးသားလွှတ်တော်မှာ ဒီဥပဒေကြမ်းကို ပြင်ဆင်ဖို့အတွက် လက်ခံရရှိထားပြီဖြစ်တယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်စူစန်နာလှလှစိုးကပြောပါတယ်။

“ဧည့်စာရင်းကို ပယ်ဖျက်ဖို့ဆိုပြီးတော့ လုပ်နေတာတော့ ကြာပြီလေ ။ ပြီးခဲ့တဲ့ လွှတ်တော်ထဲက အဲဒါကတော့ အဓိက lobby လုပ်တာကတော့ CSO တွေ၊ ကျောင်းသားတွေကနေပြီးတော့မှ အဓိက Lobby လုပ်တာ။ လုပ်တော့ လွှတ်တော်ကနေပြီးတော့ လက်ခံပြီးတော့ ဆွေးနွေးတယ်။ ဆွေးနွေးပြီးတော့ အောင်မြင်သွားတယ်။ အောင်မြင်သွားတော့ အခုက ဥပဒေကြမ်း ။ ဥပဒေကြမ်းကို အခု အန်တီတို့က အတည်ပြုပေးရတယ်။ အဲဒါဆိုလို့ရှိရင်တော့ ဥပဒေအတည်ဖြစ်ပြီပေါ့နော်။”

ပြင်ဆင်၊ပယ်ဖျက်မယ့် ဥပဒေကြမ်းမှာ ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ ပုဒ်မ ၁၃(ဆ)၊ ပုဒ်မ ၁၇နဲ့ ပုဒ်မ ၂၇ပါ “ပုဒ်မ ၁၇”တို့ပါဝင်တာဖြစ်ပါတယ်။

ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ ပုဒ်မ ၁၃(ဆ)မှာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှုးက အခြားရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုက ညဉ့်အိပ်၊ညဉ့်နေ လာရောက်တည်းခိုတဲ့ ဧည်သည်တွေကို ဧည့်စာရင်းတိုင်ကြားတာလက်ခံဖို့၊ ဧည့်စာရင်းစစ်ဆေးဖို့နဲ့ ဧည့်စာရင်းတိုင်ကြားတာပျက်ကွက်ရင် အရေးယူဖို့ ပြဌာန်းထားပါတယ်။ ပုဒ်မ ၁၇ ကတော့ တခြားရပ်ကွက် သို့မဟုတ် ကျေးရွာတွေကို ညဉ့်အိပ်၊ညဉ့်နေသွားရင် ဧည့်စာရင်းတိုင်ကြားဖို့နဲ့ ပုဒ်မ ၁၇ပျက်ကွက်ရင် ပုဒ်မ ၂၇အရ ကျပ် ၅ထောင်ထက် မပိုတဲ့ ငွေဒဏ်နဲ့ ၇ ရက်ထက်မပိုတဲ့ ထောင်ဒဏ်ချမှတ်ဖို့ ဖော်ပြထားတာဖြစ်ပါတယ်။

ဒီဥပဒေကြမ်းကိုတော့ မကြာခင်မှာ အတည်ပြုနိုင်ဖွယ်ရှိတယ်လို့ ဒေါ်စူစန်နာလှလှစိုးက ဆက်ပြောပါတယ်။

“အဲဒါကတော့ ရက်ကို မသက်မှတ်သေးဘူး ။ အခုကတော့ အစိုးရအဖွဲ့ဖွဲ့မယ်ဆိုတော့ အလုပ်ရှုပ်နေတော့လေ ။ ဥပဒေကြမ်းတွေကအများကြီးတွေက အများကြီး တန်းစီနေတယ်ဆိုတော့ ဘယ်တော့ ကျမလဲမသိဘူးလေ။ ဒါပေမယ့် အောင်မြင်ဖို့တော့ များပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်လွှတ်တော်ကတည်းကနေပြီးတော့ သဘောတူထားတဲ့ဥစ္စာဆိုတော့လေ။”

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကလည်း အခုလို ပြောပါတယ်။

“ဟုတ်တယ်။ အမျိုးသားလွှတ်တော်က ပုဂ္ဂိုလ်တွေကိုပေးတယ်။ ကျနော်ခုနက ဖတ်ကြည့်လိုက်ပါတယ်။ ပုဒ်မ ၁၃ (ဆ) ကို ပယ်ဖျက်ဖို့ပေါ့နော် ဧည့်စာရင်း တိုင်တဲ့ကိစ္စက ပြည်သူတွေအတွက် အကျိုးမရှိဘူး Too Corruption ဖြစ်တယ်ဆိုပြီးတော့ အဲဒီမှာ အကျိုးအကြောင်း ဖော်ပြပြီးတော့ ဥပဒေကို ပြင်ဆင်ဖို့ အစိုးရအဖွဲ့က လွှတ်တော်ကို ဥပဒေကြမ်းတင်ထားတာ။”

ဒီလို ပယ်ဖျက်မှာနဲ့ ပတ်သက်ပြီး တရားလွှတ်တော်ရှေ့နေ ဦးကျော်ဟိုးက အခုလို သုံးသပ်ပါတယ်။

“ကျနော်တို့သဘောကတော့် ဧည့်စာရင်း တိုင်တာကို မထားသင့်ဘူးလို့ပဲ သဘောရတယ်လေ။ ဧည့်စာရင်း တိုင်တာကို အလုပ်တခုအနေနဲ့ တာဝန်ပေးတာက ် ဧည့်စာရင်း တိုင်၊ မတိုင်ရင် တရားစွဲမယ်ဆိုတာက ဒါက ပြင်းထန်တယ်ပေါ့ဗျာ။ ဒီလုံခြုံရေးအပိုင်းဆက်လုပ်မယ်ဆိုရင် လုံခြုံရေးတာဝန်ရှိတဲ့လူတွေက သူတို့အနေနဲ့ မသင်္ကာတဲ့လူတွေရှိရင် အရေးယူလို့ရတာပဲ ။ အဓိကတော့ အလုပ်လည်းမရူပ်တော့ဘူး။ အများပြည်သူအတွက် အကောင်းဆုံးပဲပေါ့။”

ဒီဥပဒေပုဒ်မတွေကို ပယ်ဖျက်ဖို့ တင်ပြတဲ့ စာမှာတော့ ဧည့်စာရင်းတိုင်ကြားတာ၊ ဧည့်စာရင်းစစ်ဆေးတာနဲ့ ပျက်ကွက်ရင် အရေးယူတာတွေဟာ ခေတ်စနစ်နဲ့သာမက ဒီမိုကရေစီ စံချိန်စံညွှန်းနဲ့ပါ မကိုက်ညီတော့ကြောင်း၊ မြန်မာနိုင်ငံပုံရိပ်ကို အိုးမဲသုတ်ပြီး တိုင်းရင်းသားတွေကို နှိပ်စက်ဖို့ ရည်ရွယ်တဲ့ဥပဒေဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ဒီဥပဒေ ပုဒ်မတွေကို အင်္ဂလိပ်ကိုလိုနီအစိုးရလက်ထက်က ပြဌာန်းပြီး လွတ်လပ်ရေးရပြီးတဲ့နောက် မြန်မာအစိုးရတွေက ဆက်လက်ကျင့်သုံးနေခဲ့တာဖြစ်ပါတယ်။