[[Zawgyi/Unicode]]
ထိုင်းနိုင်ငံမှာ ဆေးခြောက်ရောင်းဝယ်အသုံးပြုမှုတွေကို လျှော့ပေးလိုက်ပါပြီ။ ဆေးခြောက်ကို ဆေးဝါးအဖြစ်နဲ့ တရားဝင်စိုက်ပျိုး သုံးစွဲခွင့် ပေးလိုက်တာပါ။ ဆေးခြောက်ကို မှန်မှန်ကန်ကန်အသုံးပြုနိုင်ဖို့ ရည်ရွယ်တယ်လို့ ထိုင်းကျန်းမာရေးဝန်ကြီး Anutin Charnvirakul က ပြောပါတယ်။
“ဒီဆေးခြောက်ကို ဘယ်လို အသုံးချနိုင်တာကို ကျနော်တို့ သိထားသင့် ပါတယ်။ အခုလို မှန်မှန်ကန်ကန်သိထားမယ်ဆိုရင် ဆေးခြောက်က ရွှေလို တန်ဖိုးရှိတာမို့ သုံးဖို့ အားပေးသင့်ပါတယ်။” လို့ ပြောသွားတာပါ။ ထိုင်းနိုင်ငံတွင်း ဆေးခြောက်ကို ဆေးကုသမှုအတွက် တရားဝင် စိုက်ပျိုး၊ သုံးစွဲခွင့်ပေးလိုက်ပေမယ့် အပျော်မသုံးဖို့တော့ ဆက်ပြီး ကန့်ထားပါတယ်။
ကြာသပတေးနေ့ ဇွန်လ ၉ ရက်နေ့ကစပြီး ခုလို တရားဝင်ခွင့်ပြုလိုက်တာကြောင့် ထိုင်းစီးပွားရေးအတွက် အထောက်အကူဖြစ်စေဖို့ မျှော်လင့်တယ်လို့ ဝန်ကြီး Anutin က ပြောပါတယ်။ ဟိုးရှေးရှေးက ထိုင်းမှာ ဆေးခြောက်ဆေးပြင်းလိပ် ရိုးရာသုံးစွဲခဲ့တာ အမှတ်ရခဲ့သူတွေအတွက်တော့ အိပ်မက်တွေ တကယ်ဖြစ်သွားပြီလို့ ဆေးခြောက်ကို ပြောင်းနဲ့ရှူခဲ့တဲ့ အသက်အရွယ်ရလာသူတဦးက ဆိုပါတယ်။
အကန့်အသတ်နဲ့ စိုက်ပျိုးခွင့်ပြုလိုက်တာကြောင့်လည်း ဆေးခြောက်ကြိုက်တဲ့ နိုင်ငံခြားသားတွေအပြင် ထိုင်းတချို့အတွက်ပါ စီးပွားဖြစ် စိုက်ပျိုး ရောင်းချလိုသူတွေ ရှိလာပါတယ်။ Sri Racha ပြည်နယ်မှာဆိုရင် လယ်သမား ၄၀ လောက် ဆေးခြောက်စိုက်နည်းသင်တန်းတက်နေကြပါပြီ။
ဒါပေမယ့် အခုခွင့်ပြုချက်က ဆေးဝါးအဖြစ်သုံးဖို့ဖြစ်ပြီး လူအများသွားလာရာနေရာတွေမှာ အပျော်သောက်သုံးခွင့်မရှိဘူးလို့ ထိုင်းအစိုးရက သတိပေးထားပါတယ်။ ဒါကို ကျူးလွန်ရင်တော့ ထောင်ဒဏ် ၃ လ နဲ့ ဒဏ်ငွေ ဘတ် ၂၅,၀၀၀ ချမှတ်နိုင်တယ်လို့ ဆိုပါတယ်။
အခု ဆေးခြောက် တရားဝင်ခွင့်ပြုချက်ကြောင့် ထိုင်းမှာ အရင် ဆေးခြောက်မှုနဲ့ ထောင်ကျနေသူ အနည်းဆုံး ၄,၀၀၀ လည်း ပြန်လွတ်လာဖို့ မျှော်လင့်ချက်တွေရှိလာသလို လက်ရှိတရာစွဲထားတာတွေလည်း ပ,လပ်လိုက်ဖို့ ရှိနေပါတယ်။
Your browser doesn’t support HTML5
=============
[[Unicode]]
=============