ထိုင်းဘုရင်သစ် Maha Vajiralongkorn ဟာ သူ့ကို လာရောက် ဆုမွန်ကောင်း တောင်းကြသူတွေကို ဘန်ကောက်မြို့တော်က နန်းတော် လေသာဆောင်ကနေ ဒီကနေ့ ထွက်ပြီး နှုတ်ဆက်ခဲ့ပါတယ်။ ၃ ရက် အခမ်းအနားတွေ ကျင်းပတဲ့ နန်းတက်ပွဲရဲ့ နောက်ဆုံးနေ့အဖြစ် ဒီကနေ့ လေသာဆောင်ထွက် နှုတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။
မနေ့ တနင်္ဂနွေနေ့ကတော့ ဘုရင်သစ် Maha Vajiralongkorn ဟာ နန်းတော်ရှေ့လမ်းပေါ်ထွက်ပြီး လှည့်လည် အပူဇော်ခံခဲ့ပါတယ်။ ရှေးခေတ် တိုက်ခိုက်ရေး ဝတ်စုံပြည့်ဝတ်ဆင်ထားတဲ့ တော်ဝင်တပ်ဖွဲ့တွေ ထမ်းတဲ့ ဝေါပေါ်ကနေ အဆောင်အယောင်အပြည့်နဲ့ ထိုင်းဘုရင်သစ်က တိုင်းခန်း လှည့်လည်ခဲ့တာပါ။
ထိုင်းဒေသ စံတော်ချိန် ညနေ ၅ နာရီမှာစတင်ပြီး ၄ မိုင်ကျော်လောက် ခရီးရှိတဲ့ တိုင်းခန်းလှည့်လည်ပွဲမှာ ဘုရင်သစ်ကို မြင်ရနိုင်ဖို့ ထိုင်း အနယ်အနယ်အရပ်ရပ်က ပြည်သူအမြောက်အများဟာ မနက်အစောကြီးထဲက နန်းတော်တဝိုက် လမ်းတွေပေါ်မှာ လာရောက် စောင့်ဆိုင်းခဲ့ကြပါတယ်။
မေလ ၄ ရက် စနေနေ့က နန်းတက်လာတဲ့ သက်တော် ၆၆ နှစ်အရွယ် Maha Vajiralongkorn ဟာ Rama မင်းဆက်ရဲ့ ၁၀ ယောက်မြောက် ဘုရင် ဖြစ်ပါတယ်။ ဖခမည်းတော် ထိုင်းဘုရင်ကြီး Bhumibol Adulyadej ၂၀၁၆ အောက်တိုဘာလမှာ နတ်ရွာစံသွားခဲ့ပြီးနောက် သားဖြစ်သူက ထီးနန်း အရိုက်အရာကို ဆက်ခံခဲ့တာ ဖြစ်ပါတယ်။
Maha Vajiralongkorn ထိုင်းနိုင်ငံမှာ နှစ်ပေါင်း ၇၀ နီးပါးအတွင်း ပထမဆုံး နန်းတက်လာတဲ့ ဘုရင် ဖြစ်ပါတယ်။
Your browser doesn’t support HTML5