လာမယ့် ထိုင်းဝန်ကြီးချုပ်ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ တင်ထားတဲ့ ထိုင်းတော်ဝင် မင်းသမီး Ubolratana Mahidol ကို ထိုင်းရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ချက်နဲ့မညီလို့ ပယ်ချလိုက်ပါပြီ။ လက်ရှိ ထိုင်းဘုရင်ရဲ့ အမတော်စပ်သူ Ubolaratana ဟာ ရာထူးကဖယ်ရှားခံခဲ့ရတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နဝပ်နဲ့ မဟာမိတ်လုပ်ထားတဲ့ နိုင်ငံရေးပါတီတခုကနေ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကော်မရှင်ကို တင်ထားခဲ့တာပါ။
ရွေးကောက်ပွဲကော်မရှင်ရဲ့ တရားဝင်ထုတ်ပြန်ချက်မှာတော့ ထိုင်းတော်ဝင်မိသားစုတွေဟာ ထိုင်းနိုင်ငံရေးအထက်စီးမှာ ရှိနေတာကြောင့် Thai Raksa Chart ပါတီက တင်သွင်းတဲ့ တော်ဝင်မင်းသမီး Ubolratana ရဲ့ ကိုယ်စားလှယ်လောင်းလျှောက်လွှာကို ပယ်ဖျက်ခဲ့ရတာလို့ ဆိုထားပါတယ်။ အသက် ၆၇ ခုနှစ်အရွယ် မင်းသမီး Ubolratana ဟာ လာမယ့် မတ်လ ၂၄ ရက်နေ့လုပ်မယ့် ရွေးကောက်ပွဲမှာ Thai Raksa Chart ပါတီရဲ့ ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းအဖြစ် စာရင်းတင်သွင်းခဲ့တဲ့နောက်၊ ဒီလုပ်ရပ်ဟာ မသင့်လျော်ဘူးဆိုပြီး ထိုင်းဘုရင် Maha Vajiralongkorn ရဲ့ ကြေညာချက် ပြီးခဲ့တဲ့သီတင်းပတ်က ထွက်လာပါတယ်။ ဒီလို ကြေညာခဲ့တဲ့နောက် ရွေးကောက်ပွဲကော်မရှင်က အခုလို ထုတ်ပြန်လိုက်တာပါ။
မင်းသမီးရဲ့ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ဆုံးဖြတ်ချက်ဟာ ထိုင်းအစဉ်အလာယဉ်ကျေးမှုနဲ့ဆန့်ကျင်ပြီး၊ မသင့်လျော်ဘူးလို့ ဘုရင် Maha ရဲ့ ကြေညာချက်ထွက်ခဲ့တဲ့နောက်ပိုင်း၊ မင်းသမီး Ubolratana ရဲ့ နိုင်ငံရေးမျှော်လင့်ချက်လည်း မှေးမှိန်သွားခဲ့ပါတယ်။ Thai Raksa Chart ပါတီကလည်း ဘုရင့်သစ္စာခံကြောင်း စနေနေ့ထုတ်ပြန်ပြီး၊ တော်ဝင်အမိန့်အတိုင်း သူတို့ လိုက်နာပါ့မယ်လို့ တုန့်ပြန်ခဲ့ပါတယ်။
မင်းသမီးရဲ့ Instagram အကောင့်မှာတော့ သူ့အကိုတော်ဖြစ်ကိုရော သူ့နိုင်ငံရေးအစီအစဉ်ကိုပါ ထည့်သွင်းပြောဆိုခြင်းမပြုပဲ သူ့ကို ထောက်ခံသူတွေကို သူတို့ရဲ့ ချစ်ခြင်းနဲ့ကြင်နာမှုအတွက် ကျေးဇူးတင်တဲ့အကြောင်း စနေနေ့က ရေးသားခဲ့ပါတယ်။