[[Zawgyi/Unicode]]
ထိုင်းနိုင်ငံမှာ Omicron ဗီဇမျိုးကွဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူအရေအတွက် ပိုများလာပြီးတဲ့နောက် ပြည်ပကဝင်လာသူတွေ သီးခြားခွဲနေရေး သတ်မှတ်ချက် ကင်းလွတ်ခွင့်အစီအစဉ် ဆိုင်းငံ့ထားတာကို တိုးချဲ့မှာဖြစ်သလို နောက်ထပ် ကန့်သတ်ချက် အသစ်တွေလည်း ချမှတ်မယ်လို့ ထိုင်းအစိုးရ၊ COVID-19 ဆိုင်ရာ လုပ်ငန်းအဖွဲ့က ဒီကနေ့ပြောပါတယ်။
Test&Go လို့ခေါ်တဲ့ ကိုဗစ်ရှိမရှိစစ်ဆေးပြီး မရှိရင် လိုရာသွားလို့ရတဲ့ အစီအစဉ်အတွက် လျှောက်လွှာအသစ်တွေကို နောက်ထပ် ကြေညာချက်မထုတ်မချင်း အတည်ပြုပေးမှာမဟုတ်ဘူးလို့ COVID-19 ဆိုင်ရာလုပ်ငန်းအဖွဲ့ပြောခွင့်ရ Taweesin Visanuyothin ကပြောပါတယ်။ ဒါပေမယ့် လက်ရှိ လျှောက်ထားပြီးသူတွေကိုတော့ သီးခြားခွဲနေဖို့မလိုဘဲ ဇန်နဝါရီလ ၁၅ ရက်နေ့အထိ ဝင်ခွင့်ပြု သွားမယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် ဘန်ကောက်မြို့တော်အပါအဝင် ပြည်နယ် ၈ ခုမှာ တနင်္ဂနွေနေ့ကစပြီး စားသောက်ဆိုင် တွေအနေနဲ့ အရက်၊ ဘီယာ၊ ဝိုင် စတဲ့ အဖျော်ယမကာတွေကို ည ၉ နာရီအထိပဲ ရောင်းချရမယ်လို့ ကန့်သတ်လိုက်ပါတယ်။
ဒီကနေ့မှာ နောက်ထပ် ကိုဗစ်ရောဂါကူးစက်သူပေါင်း ၇,၅၀၀ ရှိခဲ့တယ်လို့ ထိုင်းတာဝန်ရှိသူတွေ ထုတ်ပြန်တာကြောင့် နိုဝင်ဘာလအစောပိုင်းကတည်းကဆိုရင် အများဆုံးအရေအတွက်ဖြစ်သလို ဇန်နဝါရီလ ၁ ရက်နေ့က ရှိခဲ့တဲ့အရေအတွက်ထက် နှစ်ဆပိုများပါတယ်။ ဒီအတိုင်းဆက်သွားရင် ဒီလကုန်မှာ တရက်ကို ကူးစက်သူ ၃၀,၀၀၀ ထိ ရောက် သွားနိုင်တယ်လို့ COVID-19 ဆိုင်ရာလုပ်ငန်းအဖွဲ့ပြောခွင့်ရ Taweesin က ပြောပါတယ်။
ထိုင်းနိုင်ငံ ခန့်မှန်းလူဦးရေ ၇၂ သန်းမှာ ၆၉.၅% က ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးထားပြီးပြီဖြစ်ပြီး ၁၁.၅% ပဲ အားဖြည့် ကာကွယ်ဆေး ထိုးရပါသေးတယ်။ ကာကွယ်ဆေး တတိယတလုံးနဲ့ စတုတ္ထတလုံး ထိုးပေးမယ့်သူတွေအပါအဝင် ဒီလအတွင်း လူပေါင်း ၉.၃ သန်းကို ကာကွယ်ဆေးထိုးဖို့ စီစဉ်ထားတယ်လို့ ထိုင်းအစိုးရကပြောပါတယ်။
Pfizer ကုမ္ပဏီထုတ် Paxlovid ကိုဗစ်ရောဂါကုသဆေးပြား အရေအတွက် ၅၀,၀၀၀ ဝယ်ယူမယ့် အစီအစဉ်တခုကိုလည်း ထိုင်းအစိုးရက ဒီကနေ့ အတည်ပြုခဲ့ပါတယ်။
Your browser doesn’t support HTML5
=============
[[Unicode]]
=============