ပိတ်မိနေတဲ့ ထိုင်းကျောင်းသားတွေ ကယ်ထုတ်ရေး နည်းလမ်းစုံ ရှာဖွေဆဲ

ထိုင်းနိုင်ငံက လှိုဏ်ဂူတခုထဲမှာ ပိတ်မိနေတဲ့ လူငယ်ဘောလုံးသမား ၁၂ ယောက်နဲ့ နည်းပြဆရာတို့ကို ကယ်ဆယ်ရာမှာ မနက်ဖြန်ကစလို့ မိုးရွာနိုင်ကြောင်း ခန့်မှန်းထားတဲ့အတွက် ရေတက်လာမှာကို စိုးရိမ်နေရပါတယ်။ ရာသီဥတုက စိုးရိမ်စရာ အကောင်းဆုံး ကိစ္စတခု ဖြစ်နေရကြောင်းနဲ့ မိုးကြီးလာခဲ့မယ်ဆိုရင် အချိန်ဘယ်လောက် ရနိုင်မလဲဆိုတာ တွက်နေရတဲ့အကြောင်း ချင်းရိုင်းခရိုင် အုပ်ချုပ်ရေးမှူး Narongsak Osotthanakorn က ဒီနေ့ပဲ ပြောဆိုလိုက်တာပါ။

ထိုင်းနိုင်ငံမြောက်ပိုင်း Tham Luang လှိုဏ်ဂူထဲမှာ ပိတ်မိနေသူတွေကို ကယ်ဆယ်နိုင်ဖို့ ဖြစ်နိုင်ချေရှိတဲ့ နောက်ထပ် နည်းလမ်းတွေကိုလည်း ကယ်ဆယ်ရေးဝန်ထမ်းတွေ ပူးပေါင်းရှာဖွေနေကြပါတယ်။ ရေဆက်တက်နေတဲ့ လှိုဏ်ဂူထဲမှာတော့ အဆက်မပြတ် ရေစုပ်စက်တွေနဲ့ စုပ်ထုတ်နေရာမှာ တနာရီကို ၁ စင်တီမီတာနှုန်းနဲ့ ရေပြန်ကျနေပါတယ်။ အရေးပေါ် အခြေအနေ ကြုံရနိုင်တဲ့အတွက် ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့ကစပြီး လှိုဏ်ဂူထဲမှာ ပိတ်မိနေသူတွေကို ခပ်စောစော ကယ်ထုတ်နိုင်လောက်အောင် ကျန်းမာရေးအခြေအနေ ကောင်းမကောင်း ဆိုတာကိုလည်း ထိုင်းရေတပ် အထူးတပ်ဖွဲ့က ရေငုပ်သမားတွေနဲ့ ဆေးဝန်ထမ်းတွေ လေ့လာစစ်ဆေးနေပါတယ်။

ပိတ်မိနေသူတွေ အန္တရာယ်ဖြစ်စေမယ့် ကယ်ဆယ်မှုမျိုး လုပ်မှာမဟုတ်ကြောင်း မနေ့တုန်းက ပြောထားပေမဲ့ လတ်တလော အခြေအနေကြောင့် အပြောင်းအလဲဖြစ်နိုင်မယ့် အလားအလာတွေလည်း ရှိနေပါတယ်။ ကယ်ဆယ်ဖို့ ဖြစ်နိုင်ချေ နည်းလမ်းတခုကတော့ ရှေ့လာမယ့် ၄ လအကြာ မိုးရာသီကုန်ဆုံးပြီး ရေပြန်ကျမယ့် အချိန်အထိ လှိုဏ်ဂူထဲက လက်ရှိနေရာမှာပဲ စောင့်နေကြဖို့ ဖြစ်ပါတယ်။

ပိတ်မိနေသူတွေနဲ့အတူ လတ်တလောမှာ လှိုဏ်ဂူထဲမှာ ထိုင်းရေတပ် အထူးတပ်ဖွဲ့ဝင်တွေနဲ့ ဆေးဝန်ထမ်းတွေ ရှိနေကြောင်းလည်း တာဝန်ရှိသူတွေက ပြောပါတယ်။ လှိုဏ်ဂူထဲမှာ အရေးပေါ် ကယ်ဆင်ရေး အကူအညီ ပေးနေတဲ့ ရေငုပ်အဖွဲ့နဲ့ ဆက်သွယ်ရ ခက်ခဲတာမျိုးတွေလို အဟန့်အတားတွေကြောင့် ပိတ်မိနေသူတွေကို ကယ်ထုတ်ရေး အစီအစဉ်တွေ ကြန့်ကြာနေရကြောင်းလည်း ချင်းရိုင်းခရိုင် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

Your browser doesn’t support HTML5

ပိတ်မိနေတဲ့ ထိုင်းကျောင်းသားတွေ ကယ်ထုတ်ရေး နည်းလမ်းစုံ ရှာဖွေဆဲ