ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင်ထဲမှာရှိတဲ့ Doi Nang Non တောင်တန်းက အရှည်ဆုံး ကျောက်လှိုင်ဂူထဲမှာ ဆယ်ရက်ကြာ ပျောက်ဆုံးနေ တဲ့ ထိုင်းကျောင်းသား ၁၂ ယောက်နဲ့ နည်းပြတို့ ပါတဲ့ ဘောလုံးအဖွဲ့ကို တနင်္လာနေ့က ပြန်ရှာတွေ့ခဲ့တာကြောင့် တကမ္ဘာလုံးက စောင့်ကြည့်နေသူတွေ ဝမ်းမြောက်ခဲ့ကြရပေမယ့် သူတို့ကို ကယ်ထုတ်နိုင်ဖို့ အခက်အခဲတွေ ရှိနေပြီး မိုးကလည်း ပိုကြီးလာနိုင်တဲ့အတွက် စိုးရိမ်နေရပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။
ဇွန်လ ၂၃ ရက်နေ့က ကျောင်းသားလေး ၁၂ ယောက်နဲ့ သူတို့ရဲ့နည်းပြတို့ဟာ ဘောလုံးလေ့ကျင့်အပြီးမှာ ချင်းရိုင်ခရိုင် ထဲက Tham Luang Nang Non ဂူထဲကို သွားရောက်ခဲ့ကြတာဖြစ်ပြီး သည်းထန်စွာရွာတဲ့ မိုးကြောင့် ရေကြီးလာတာမို့ ပြန်မထွက်နိုင်ကြပဲ ဂူထဲမှာ ပိတ်မိနေကြတာ ဖြစ်ပါတယ်။
၆ မိုင်ကျော်ရှည်လျားတဲ့ ကျောက်ဂူတွင်း ရှာဖွေရေးတွေ လုပ်ဆောင်ခဲ့ပေမယ့် ရေကြီးနေတဲ့အတွက် အခက်အခဲတွေ အမျိုးမျိုး ကြုံနေရတာဖြစ်ပြီး ထိုင်းအစိုးရနဲ့အတူ အမေရိကန်၊ Australia ၊ ဗြိတိန်၊ တရုတ်အပါအဝင် ကမ္ဘာတလွှားက ဂူတွင်းကယ်ဆယ်ရေး ကျွမ်းကျင်သူတွေကလည်း အဲဒီနေရာကို လာရောက်ကူညီရှာဖွေခဲ့နေကြတာပါ။
ဂူဝင်ပေါက်ကနေ ပေ ၂၃၀၀ လောက်အကွာဂူတွင်းက ကုန်းမြင့်လေးမှာ ထိုင်းရေတပ် ကယ်ဆယ်ရေး အဖွဲ့က ရှာဖွေရေး စခန်းချ တခု ချထားပါတယ်။ ဇူလိုင်လ ၂ ရက်တနင်္လာနေ့မှာတော့ သူတို့ ၁၃ ဦးစလုံးကို ဗြိတိန်နိုင်ငံ ဂူတွင်း ကယ်ဆယ်ရေးကောင်စီက ဗြိတိသျှ ရေငုပ်သမား ၂ ဦးဖြစ်တဲ့ Rick Stanton and John Volanthen တို့က ပထမဆုံးရှာတွေ့ခဲ့တာပါ။ သူတို့ကို ဂူတွင်းက Pattaya သောင်ပြင်လို့ လူသိများတဲ့ ကုန်းမြင့်နေရာကနေ အတွင်းပိုင်း ပေ ၆၅၀ ကျော်လောက်အကွာမှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ သူတို့အားလုံးဟာ ၉ ရက်ကျော် အစာမစားရတဲ့အတွက် အားအင်ချိနဲ့ နေကြပေမယ့် ထိခိုက်ဒဏ်ရာရသူ တဦးပဲရှိပြီး အားလုံးတည်တည်ငြိမ်ငြိမ်ရှိတာတွေ့ရပါတယ်။ သူတို့ကို ဆေးကုသမှုတွေ ပေးနိုင်ပြီဖြစ်သလို အားဖြည့်အစားအစာနဲ့ လိုအပ်တဲ့ပစ္စည်းလေးတွေလည်း ပေးဝေနိုင်ခဲ့ပါတယ်။
အားလုံးကို ပြန်တွေ့ခဲ့ပေမယ့် သူတို့ကို ဂူအပြင် ကယ်ထုတ်လို့ မရနိုင်သေးကြောင်းနဲ့ ကယ်ထုတ်နိုင်ဖို့ ရက်ပေါင်းများစွာ ကြာမြင့်နိုင်တယ်လို့ ထိုင်း အစိုးရကခန့်မှန်း ခဲ့ပါတယ်။ ကယ်ဆယ်ကူညီရေးအတွက် အနီးကပ်စောင့်ကြည့် အကူအညီပေးနေတဲ့ အမေရိကန်အခြေစိုက် NCRC အမျိုးသား ဂူတွင်းကယ်ဆယ်ရေး ကော်မရှင်က တာဝန်ခံ Anmar Mirza ကတော့ ဒီဘောလုံးအဖွဲ့ကို ကယ်ဆယ်ရေးအတွက် အခက်အခဲတွေ ရှိနေတယ်လို့ ပြောပါတယ်။
"လမ်းကြော ကျဉ်းကျဉ်းကလေး ရှိတဲ့ဂူထဲမှာ စီးနေတဲ့ ရေကို ဆန်ပြီးကူးဖို့ဆိုတာ သိပ်မလွယ်လှပါဘူး။ ဒါ့အပြင် သူတို့ ဘယ်နေရာကို ရောက်နေတယ်ဆိုတာကို သိဖို့ နည်းပညာမရှိသေးပါဘူး။ နောက် ဂူတွင်းနေရာ အတော်များများမှာလည်း ရေကကြီးနေတာပါ။ ဒါ့ကြောင့် သူတို့ကို ကယ်ထုတ်ရေးဟာ သိပ်ကို ရှုပ်ထွေးတဲ့ လုပ်ငန်းပါ။ ဂူပေါက်ကနေ ဝင်ကယ်ဖို့ စဉ်းစားရသလို တချိန်ထဲမှာပဲ သူတို့ ရှိတဲ့ နေရာ ရောက်အောင် တခြားဘယ်နည်းရှိမလဲ ဆိုတာကိုပါ တွက်ကြရမှာပါ။ ဒါထက်ပိုဆိုးတာက မိုးလေဝဿ အခြေအနေပါ။ ပိုဆိုးလာမယ့် သဘောရှိပါတယ်။ နောက်ပြီးတကယ်လို့ ရေငုပ်သွားမယ် ဆိုရင်လည်း ပေနဲနဲလောက်သွားရင်ကို အောက်ဆီဂျင်ဘူးက သုံးနေရတာဖြစ်ပြီး အတွင်းပိုင်းကို ဆက်သွားလေလေ အခြေနေက ပိုဆိုးလေလေဖြစ်မှာပါ။"
ဘောလုံးအဖွဲ့ ရောက်နေတဲ နေရာဟာ ဂူပေါက်ဝကနေ အတွင်းကို ၂ ကီလိုမီတာ (၁ မိုင် ကျော်ကျော်) အကွာမှာပါ။ သူတို့ကိုကယ်ထုတ်နိုင်ဖို့ အခြေအနေ အတော်များများပေါ် မူတည်နေပြီး ဒါတွေဟာ ကြိုတင်ခန့်မှန်းလို့ မရတာတွေ ဖြစ်နေတယ်လို့လည်း Mirza ကပြောပါတယ်။
"သူတို့ကို ကယ်ထုတ်ဖို့ ကြာမယ့် အချိန်ကိုတွက်ကြည့်မယ်ဆိုရင် ကြိုတင်မှန်းဆလို့ မရနိုင်တဲ့အခြေနေတွေ အများကြီးပေါ်မှာ မူတည်နေတာပါ။ အဓိက ကတော့ သူတို့တွေ ရှိတဲ့ နေရာဟာ နောက်ထပ် ရေတက်လာရင် မြုပ်နိုင်သလား ဆိုကို ကြည့်ရမှာပါ။ ဘာကြောင့်လည်း ဆိုတော့ မိုးက ဆက်ပြီး ရွာနေအုံးမှာမို့ ဒီရေတွေကို ဘယ်လိုစုပ်ထုတ် နိုင်မလဲ၊ လွှဲထုတ်ပစ်နိုင်မလဲ ဆိုတာပေါ် မူတည်နေပါတယ်။ တကယ်လို့ ရေငုပ်ပြီး ကယ်မယ်ဆိုရင်တော့ ဒါဟာ သိပ်ကို အန္တရာယ် ကြီးပါတယ်။ သူတို့ကို မကယ်ဆယ်နိုင်ခင်မှာတော့ ဒေသအာဏာပိုင်တွေက သူတို့အတွက် ဆေးဝါးတွေ၊ စားနပ်ရိက္ခာတွေနဲ့ လိုအပ်တာတွေ ပို့ပေးဖို့ လိုပါတယ်။ ဒီဒေသရဲ့ မုတ်သုန်မိုး အခြေနေက ဒီဂူထဲမှာဆို နိုဝင်ဘာလလောက်အထိ ရေကြီးနိုင်လို့ပါ။"
ပိတ်မိနေတဲ့ ဘောလုံးအဖွဲ့သားတွေနဲ့ ဆက်သွယ်နိုင်ဖို့ ကယ်ဆယ်ကူညီရေးအဖွဲ့တွေက လမ်းကြောင်းတွေ စဉ်းစား လုပ်ဆောင်နေကြသလို လျှပ်စစ်မီးနဲ့ ဓါတ်အားလိုင်းတွေ ရောက်အောင်ပါ လုပ်ဆောင်နေပါတယ်။ မကြာခင်မှာ မိုးပိုပြီး သည်းထန်မယ်ဆိုတဲ့ မိုးလေဝဿ ခန့်မှန်းချက်တွေကြောင့် ဘောလုံးအဖွဲ့ရဲ့ မိသားစုဝင်တွေသာမက တကမ္ဘာလုံးက အခြေနေကို စောင့်ကြည့်နေသူတွေပါ စိုးရိမ်နေကြတာပါ။