မလေးရှားကို မြန်မာအလုပ်သမားတွေ တရားမဝင်တင်ပို့နေသူကို ထိုင်းရဲဖမ်းမိ

(ယခင်ပုံဟောင်း) ကန်ချနဘူရီပြည်နယ်မှာ ဖမ်းမိတဲ့ မြန်မာများ(သြဂုတ် ၂၀၊ ၂၀၂၂/ Thai Police)

ထိုင်းနိုင်ငံကိုဖြတ်ပြီး မြန်မာအလုပ်သမားတွေ မလေးရှားနိုင်ငံဘက် တရားမဝင် တင်ပို့နေတဲ့ ကွန်ယက်အဖွဲ့ခေါင်းဆောင် အမျိုးသမီးကို ထိုင်း လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

အသက် ၅၃ နှစ်အရွယ် Ms. Palinee ခေါ် Che Mai ကို Nonthaburi ခရိုင်အတွင်းက သူမနေအိမ်မှာ မနေ့ မတ်လ ၇ ရက်နေ့က ဖမ်းဆီးမိလိုက်ခြင်းဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးဌာန ဌာနခွဲ ၆ ရဲ့ အထူးစုံစမ်း စစ်ဆေးရေးမှုး ရဲအရာရှိ Denchai Charoenyut က ပြောပါတယ်။

Ms. Palinee ဟာ Sa Kaew ခရိုင်အတွင်းက ပို့ဆောင်ရေးကုမ္ပဏီတစ်ခုမှာ မန်နေဂျာအဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါတယ်။ သူမဟာ ထိုင်း−မြန်မာနယ်စပ်နဲ့ ထိုင်း−မလေးရှားနယ်စပ်တို့မှာရှိကြတဲ့ ပွဲစားတွေနဲ့ပေါင်းပြီး မြန်မာက တရားမဝင်အလုပ်သမားတွေကို တင်ပို့နေတာလို့ ဆိုပါတယ်။

သူမအနေနဲ့ အနည်းဆုံး တရားမဝင်လူမှောင်ခိုကူးမှု ၇ ကြိမ်လောက် ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ အလားတူဘဲ သူမရဲ့ကွန်ရက်နဲ့ ချိတ်ဆက် လုပ်ဆောင်နေသူ ၁၃ ဦးကိုလည်း ထိုင်းနိုင်ငံတောင်ပိုင်း Surat Thani ၊ Songkhla ၊ Pattani ၊ Yala စတဲ့ ပြည်နယ်တွေမှာ တရားမဝင် ဝင်ရောက်လာသူတွေကို ပို့ဆောင်ပေးမှု၊ နေရာထိုင်ခင်း စီစဉ်ပေးမှုတို့နဲ့ ဖမ်းဝရမ်းထုတ်ထားတယ်လို့ ဆိုပါတယ်။ အဲဒီထဲက တချို့ကိုတော့ အချိန်မှာ ဖမ်းမိထားပြီလို့ ဆိုပါတယ်။

မြန်မာနိုင်ငံကလာကြတဲ့ တရားမဝင် အလုပ်သမားတွေအနေနဲ့ မလေးရှားကို သွားရောက်ခွင့်ရဖို့ ပို့ဆောင်ခ တဦးကို ထိုင်းဘတ်ငွေ ၁၇,၅၀၀ စီ ပေးကြရတယ်လို့ ဆိုပါတယ်။

{Unicode}





