အိုမီခရွန်ကူးစက်မှုတွေကြောင့် ထိုင်းရောက်မြန်မာတွေစိုးရိမ်
{{Zawgyi/Unicode}}
ထိုင်းနိုင်ငံက ပြည်နယ် ၇၀ ကျော်မှာ ဗီဇပြောင်း Omicron ကိုဗစ်ပိုးသစ် ကူးစက်သူဦးရေ ၅ ထောင်ကျော်ရှိနေပါတယ်။ ကိုဗစ်ရောဂါကူးစက်မှုနှုန်း အခုရက်ပိုင်းထဲ ပြန်လည်မြင့်တက်လာနေတဲ့ထဲမှာ မြန်မာနိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေ အများဆုံးအလုပ်လုပ်ကိုင်နေကြတဲ့ ဘန်ကောက်၊ ဆမွတ်ပရာကန်၊ ချင်းမိုင်စတဲ့ ဒေသတွေပါဝင်နေပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာကသတင်းပေးပို့ထားပါတယ်။
ထိုင်းနိုင်ငံမှာရှိတဲ့ ပြည်နယ် ၇၇ ခုထဲက ပြည်နယ် ၇၁ ခုမှာ ဗီဇပြောင်း ကိုဗစ်ရောဂါအသစ် Omicron ကူးစက်သူတွေ ရှိနေပါပြီ။ ထိုင်းကျန်းမာရေးဝန်ကြီးဌာနရဲ့ တရားဝင် သတင်းထုတ်ပြန်ချက်အရ Omicron ကူးစက်သူ စုစုပေါင်း ဇန်နဝါရီလ ၁၀ ရက်နေ့က ၅ ထောင်ကျော်သွားပြီဖြစ်ပါတယ်။ ဒီထဲမှာ မြန်မာအလုပ်သမားတွေ အများဆုံးနေထိုင် အလုပ်လုပ်ကိုင်နေကြတဲ့ ဘန်ကောက်နဲ့ အနီးတဝိုက်က ပြည်နယ်တွေလည်း ပါဝင်ပါတယ်။ အခုလို Omicron ကိုဗစ်ပိုးကူးစက်သူစာရင်းဟာ ဆေးရုံဆေးခန်းတွေက တရားဝင်စာရင်းဖြစ်ပြီး ဒီထက်မက ကူးစက်နေသူတွေရှိနိုင်တယ်လို့ ဆမွတ်ဆာခွန်ပြည်နယ်မှာ အခြေစိုက်ထားတဲ့ရွှေ့ပြောင်းအလုပ်သမားအခွင့်ရေးကွန်ယက်ရဲ့ဥက္ကဌ ဦးအောင်ကျော်က ပြောပါတယ်။
" ပြည်နယ် ၇၇ ခုနီးပါးထိရောက်နေပြီ လက်ရှိကျန်းမာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရပေါ့။ သက်ဆိုင်ရာဆေးရုံတွေက တရားဝင်စစ်တဲ့ စာရင်းကိုပဲသူတို့က ထုတ်ပြန်ထားတာဖြစ်ပြီးကိုယ့်နည်းကိုယ်ဟန် ATK အမြန်စစ်နည်း (Rapid test ) နဲ့လုပ်တဲ့စာရင်းတွေလည်း မပါသေးဘူးဆိုတော့ အတော်လေးတော့ ပျံနှံ့လာနေပြီဆိုတဲ့သဘောဖြစ်ပါတယ်။ ကျနော်တို့ ဆာမွတ်ဆာခွန်းကို မရောက်ဘူးလားဆိုတော့ ကျနော်တို့ဆီကိုလည်း ရောက်လာပါပြီ။ စမွတ်ပရာကန်တို့ ဘက်ကတော့ ဘန်ကောက်နဲ့နီးပြီးခရီးသွားတဲ့လူတွေများတော့ကျနော်တို့ထက်ပိုများသွားတာပေါ့။ မြန်မာအလုပ်သမား အများဆုံးရှိတဲ့ဒေသကတော့ ဘန်ကောက်ရယ် ဆာမွတ်ဆာခွန်းရယ် စမုပရာကန်ရယ် ချွန်ဘူရီရယ် လရောင်ရယ် အဲဒီနေရာတွေကတော့ လူစုလူဝေးအများဆုံး ရှိတဲ့ဒေသတွေပေါ့"
ချွန်ဘူရီ-စမွတ်ပရာကမ်-ဘန်ကောက်စတဲ့နေရာတွေမှာ ဗီဇပြောင်း ကိုဗစ်ရောဂါအသစ် Omicron အများဆုံး ကူးစက်နေတာဖြစ်ပြီး မြန်မာရွှေပြောင်း အလုပ်သမားတွေအများဆုံး အလုပ်လုပ်ကိုင်နေတဲ့ စမွတ်ပရာကန်မှာ ၇၀၀ လောက်နဲ့ မြန်မာနယ်စပ်နဲ့ ကပ်နေတဲ့ ချင်းမိုင်ပြည်နယ်မှာ ၂၀၀ ဦးလောက် ကူးစက်နေတယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံမှာ ကိုဗစ်ကူးစက်သူက ဇန်နဝါရီလ ၁၁ ရက်နေ့ တရက်ထဲမှာပဲ ကူးစက်သူ ၇၀၀၀ ကျော်ရှိခဲ့ပါတယ်။ ခုလိုကူးစက်သူများနေပေမဲ့ စက်ရုံအလုပ်ရုံတွေကတော့ ပုံမှန်လည်ပတ်နေဆဲပဲဖြစ်ပါတယ်။ အခုလို ကူးစက်မှုနှုန်းတွေမြင့်တက်လာမယ်ဆိုရင်တော့ အလုပ်သမားတွေအတွက် အလုပ်အကိုင်အခွင့်အလန်းတွေထိခိုက်လာနိုင်တယ်လို့လည်း ဦးအောင်ကျေ ာ်က ဆိုပါတယ်။
"အလုပ်အကိုင်အခက်အခဲကတော့ လက်ရှိအနေအထားမှာ အခက်အခဲမရှိသေးဘူး ။ သို့သော် Omicron ကလက်ရှိအနေအထားကျော်လွန်ပြီး ကူးစက်မူနှုံးတွေများလာမယ်။ ရောဂါအခြေအနေတွေကလည်း ပြင်းထန်လာမယ်။ ဆေးရုံတွေမှာ အလုအယက်တွေ ကုသရအုန်းမယ်ဆိုရင်တော့ စက်ရုံအလုပ်ရုံတွေပြန်ပိတ်သိမ်းရမယ့် လက္ခဏာတွေ ဖြစ်ကောင်းဖြစ်နိုင်တဲ့ အနေအထားဖြစ်ပါတယ်''
ထိုင်းနိုင်ငံကပ်ရောဂါထိမ်းချုပ်ရေးရဲ့အကြီးအကဲတွေကတော့ ကိုဗစ်ကာကွယ်ဆေးထိုးဖို့ကို တိုက်တွန်းနေပါတယ်။ ပြည်သူတွေနေတဲ့ ကာကွယ်ဆေးကိုသာထိုးကြဖို့ အစိုးရရဲ့ကပ်ရောဂါထိမ်းချုပ်ရေးလုပ်ငန်းတွေမှာ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းပါတယ်ဆိုပြီး ပြောသွားတာဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ ကိုဗစ်အတည်ပြု လူနာ ၂ သန်း ၂ သိန်းကျော်ရှိပြီး ဒီထဲမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား သိန်းနဲ့ ချီ ကိုဗစ်ကပ်ရောဂါ ကူးစက်ခဲ့ကြပါတယ်။
ထိုင်းတနိုင်ငံလုံးမှာ ကိုဗစ်ကပ်ဘေးကာလအတွင်း သေဆုံးသူစုစုပေါင်းကတော့ ၂ သောင်း ၂ ထောင်နီးပါးထိ ရှိလာပြီလို့ ထိုင်းကျန်းမာရေးဌာနက တရားဝင်ထုတ်ပြန်ထားပါတယ်။
.........................................
Your browser doesn’t support HTML5
{{Unicode}}