ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ မတ်လ ၂၄ ရက်နေ့ အထွေထွေရွေးကောက်ပွဲ ကနဦးရလဒ်တွေ အရ စစ်တပ်ထောက်ခံတဲ့ ပါတီက အသာစီးရနေတာကြောင့် စစ်တပ်အကြီးအကဲ ဖြစ်တဲ့ လက်ရှိဝန်ကြီးချုပ် Prayuth Chan-ocha ပဲ အာဏာဆက်မြဲဖို့ ရှိနေပါတယ်။
၂၀၁၄ စစ်တပ်အာဏာသိမ်းပြီးကတည်းက စပြီး ထိုင်းနိုင်ငံမှာ ပထမဆုံး အကြိမ်ကျင်းပတဲ့ ရွေးကောက်ပွဲအတွက် မဲအားလုံးရဲ့ ၉၃ % ကို ရေတွက် ပြီးချိန်မှာ Prayuth ရဲ့ Palang Pracharat ပါတီက မဲအရေအတွက် ၇သန်းခွဲနဲ့ ထိပ်ဆုံးက ရှိနေကြောင်း ထိုင်းရွေးကောက်ပွဲ ကော်မရှင်က ပြောပါတယ်။ ထိုင်းစစ်တပ်က အာဏာသိမ်းပြီး ဖြုတ်ချခဲ့တဲ့ Pheu Thai ဖွေထိုင်းပါတီက မဲအရေအတွက် ၇.၁ သန်း နဲ့ ဒုတိယနေရာမှာ ရှိနေတာပါ။ ရွေးကောက်ပွဲ မဲရလဒ်တွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ပါတီတွေက ဘန်ကောက်မှာ သီးခြား သတင်းစာ ရှင်းလင်းပွဲတွေ လုပ်နေတယ်လို့ ထိုင်းနိုင်ငံကလာတဲ့ သတင်းတွေမှာ ဖေါ်ပြထားပါတယ်။
ပါတီအသစ်ဖြစ်တဲ့ စစ်တပ်အုပ်ချုပ်မှုကို ဆန့်ကျင်တဲ့ Future Forward ပါတီကတော့ လူငယ်တွေကြား ရေပန်းစားတဲ့ ပါတီဖြစ်ပြီး မဲစုစုပေါင်း ၅.၂ သန်း ရနေပါတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံရဲ့ သက်တမ်းအရှည်ဆုံး နိုင်ငံရေးပါတီဖြစ်တဲ့ ဒီမိုကရက်ပါတီကိုတော့ မဲပေးသူသိပ်မရှိပါဘူး။ ဒီမိုကရက်ပါတီ ခေါင်းဆောင် ဖြစ်တဲ့ အရင်ဝန်ကြီးချုပ်ဟောင်း Abhisit Vejjajiva ကတော့ သူတို့ပါတီ ပဉ္စမနေရာမှာ ရှိနေကြောင်း တနင်္ဂနွေည ရွေးကောက်ပွဲ ကနဦး ရလဒ်တွေ သိခဲ့ရပြီးနောက်ပြီး ပါတီခေါင်းဆောင်အဖြစ်က သူနှုတ်ထွက်ကြောင်း ကြေညာခဲ့ပါတယ်။
မဲရေတွက်မှုတွေ အပြီးမသတ် သေးပေမယ့် မဲအားလုံးရဲ့ ၆ % လောက်ဟာ ပယ်မဲတွေ ဖြစ်နေကြောင်း ရွေးကောက်ပွဲ ကော်မရှင်ကပြောကြား ခဲ့ပြီး တနင်္လာနေ့ မဲရေတွက် ပြီးချိန်မှာ အတိအကျကို သတင်းထုတ်ပြန်ပေးမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။ ဖွေထိုင်းပါတီကတော့ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိမယ်လို့ သူတို့ ယုံကြည်ကြောင်းနဲ့ တရားဝင် ရွေးကောက်ပွဲမဲရလဒ်ကို စောင့်ကြည့်မှာ ဖြစ်ကြောင်း ပြောပါ တယ်။ ထိုင်းနိုင်ငံမှာ စစ်တပ်က ခန့်ထားတဲ့ အထက်လွှတ်တော်အမတ် ၂၅၀ နဲ့ မဲပေးရွေးချယ်တဲ့ အမတ် ၅၀၀ တို့က နောက်ဝန်ကြီးချုပ် အသစ်ကို ရွေးချယ်ကြမှာ ဖြစ်ပါတယ်။
Your browser doesn’t support HTML5