ထိုင်းနိုင်ငံမှာ ဒီကနေ့ တနင်္ဂနွေနေ့မှာ အထွေထွေ ရွေးကောက်ပွဲ စတင် ကျင်းပပါပြီ။ စစ်အာဏာသိမ်းပြီးနောက် ၅ နှစ်အကြာမှာ ပထမဆုံးကျင်းပမယ့် ရွေးကောက်ပွဲလည်း ဖြစ်ပါတယ်။
၂၀၁၄ ခုနှစ် စစ်အာဏာသိမ်းမှုကို ဦးဆောင်ခဲ့သူ လက်ရှိ ဝန်ကြီးချုပ် Prayuth Chan-ocha ကတော့ ဆက်ပြီး အာဏာရယူထားဖို့ မျှော်လင့်နေတာပါ။ စစ်တပ်က စီစဉ်ထားတဲ့ နိုင်ငံရေး စနစ်ကို အားလုံးက လက်မခံတာကြောင့် ဒီရွေးကောက်ပွဲက အစကတည်းက မတည်မငြိမ် ဖြစ်နေပြီး ထိုင်းနိုင်ငံ အတွက် နောက်ထပ် အခက်အခဲ တခုရဲ့ အစသာ ဖြစ်လာလိမ့်မယ်လို့လည်း ဝေဖန်သူတွေက ပြောကြပါတယ်။
မဲဆန္ဒရှင် ၅၁ သန်းက ဝန်ကြီးချုပ်ကို တိုက်ရိုက် ရွေးကောက် တင်မြှောက်မှာ မဟုတ်ပါဘူး။ ရွေးကောက်ခံ အောက်လွှတ်တော် အမတ် ၅၀၀နဲ့ စစ်တပ်က ခန့်အပ်မယ့် အထက်လွှတ်တော် အမတ် ၂၅၀ စုစုပေါင်း လွှတ်တော် အမတ် ၇၅၀ ရဲ့ အများစု ထောက်ခံမှုနဲ့ ဝန်ကြီးချုပ်ကို ရွေးချယ် ဆုံးဖြတ်မှာ ဖြစ်ပါတယ်။
ဝန်ကြီးချုပ်က လွှတ်တော် အမတ် ဖြစ်ဖို့လည်း မလိုအပ်ပါဘူး။ နိုင်ငံရေး ပါတီကြီးတွေ အနေနဲ့ ဝန်ကြီးချုပ် ရွေးချယ်နိုင်ပြီး အစိုးရဖွဲ့နိုင်လောက်တဲ့ အထိ လုံလောက်တဲ့ လွှတ်တော် အမတ် အရေအတွက် ရမယ့် အနေအထား မရှိပါဘူး။
လွှတ်တော်မှာ အများစု ထောက်ခံမှု မရှိဘဲ အထက်လွှတ်တော်က ထောက်ခံမယ့် စစ်တပ်ကြိုက် ဝန်ကြီးချုပ် တယောက်ဘဲ ထွက်ပေါ်လာနိုင်ခြေ ရှိနေပါတယ်။ ဒီကနေ့ အထွေထွေ ရွေးကောက်ပွဲ အတွက် မနေ့ စနေနေ့တုန်းကတော့ ထိုင်းနိုင်ငံ တဝန်းမှာ အကြီးအကျယ် ပြင်ဆင်ခဲ့ကြပါတယ်။