ထိုင်းရွေးကောက်ပွဲ ရှေ့သို့ချီပါတီ အများစုအနိုင်ရထား 

Move Forward Party ခေါင်းဆောင် ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်း Pita Limjaroenrat 

ထိုင်းနိုင်ငံရွေးကောက်ပွဲမှာတော့ အတိုက်အခံပါတီတွေက အောက်လွှတ်တော်အမတ်နေရာ ၅၀၀ မှာ နေရာအများစုကိုအနိုင်ရရှိခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ စစ်တပ်အာဏာသိမ်းပြီး ဝန်ကြီးချုပ်ရာထူး ယူထားတဲ့ ဗိုလ်ချုပ်ဟောင်း ပရာယွတ် ချန်အိုချာကို ထိုးနှက်နိုင်ခဲ့ပါတယ်။

တနင်္ဂနွေနေ့ကကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲရဲ့ရလဒ်တွေက ရှေးရိုးစွဲနိုင်ငံရေးမလိုလားကြောင်း အထင်အရှားပြသနေပြီး နိုင်ငံရေးမှာ စစ်တပ်ရဲ့သြဇာလွှမ်းမိုးမှုကိုကန့်သတ်ဖို့နဲ့ ဘုရင်စနစ်ကို ပြုပြင်ပြောင်းလဲလိုတဲ့ လူငယ်မဲဆန္ဒရှင်တွေရဲ့သဘောထားတွေကို ထင်ဟပ်စေခဲ့ပါတယ်။ ဒါပေမယ့် အစိုးရသစ် ဘယ်လိုပုံစံဖွဲ့လာနိုင်မလဲဆိုတာတော့ လက်ရှိမှာ ရှင်းရှင်းလင်းလင်း ပုံမပေါ် သေးဘဲ နောက်ကွယ်က စေ့စပ်ညှိနှိုင်းမှုတွေနဲ့ ညွှန့်ပေါင်းအစိုးရဖွဲ့ရေး ဆွေးနွေးပွဲတွေက အရေးပါ အခရာကျလာဖို့ ရှိပါတယ်။

တနင်္လာနေ့မှာ မဲအားလုံးနီးပါးကိုရေတွက်ပြီးနောက် အပြောင်းအလဲကိုလိုလားတဲ့ ရှေ့သို့ချီ (Move Forward) ပါတီက အများဆုံးအနိုင်ရသူအဖြစ် ထွက်ပေါ်လာပါတယ်။ မဲဆန္ဒနယ် ၄၀၀ မှာ လူထုဆန္ဒမဲ ၂၄ ရာခိုင်နှုန်းရရှိလို့ အောက်လွှတ်တော်ရဲ့အမတ်နေရာ ၁၅၁ နေရာကိုအနိုင်ရခဲ့ပြီး အချိုးကျ ခွဲဝေပေးတဲ့အမတ်နေရာ ၁၀၀ မှာလည်း ၃၆ ရာခိုင်နှုန်းကျော်ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ကပ်လျက်ဒုတိယနေရာမှာတော့ အဓိက အတိုက်အခံဖြစ်တဲ့ ဖူရတ်ထိုင်းပါတီရှိနေပြီး စုစုပေါင်း အမတ်နေရာ ၁၄၁ အနိုင်ရတယ်လို့ ခန့်မှန်းထားကြပါတယ်။

လက်ရှိဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာရဲ့ပါတီကတော့ မဲဆန္ဒနယ် ၃၆ နေရာမှာ အနိုင်ရရှိတယ်လို့ တွက်ချက်ထားပြီး မဲဆန္ဒနယ်အရ ပဉ္စမနေရာမှာချိတ်ပြီး ပါတီထောက်ခံမှုပြဇယားအရဆိုရင် တတိယနေရာမှာ ရှိနေပါတယ်။

ရွေးကောက်ပွဲကော်မရှင်က တရားဝင်ရလဒ်တွေမကြေညာခင်မှာ အပြာင်းအလဲတွေဖြစ်နိုင်သေးတယ်လို့ လေ့လာသူတွေကထောက်ပြကြပြီး လုပ်ငန်းစဥ်တွေက ၇၅ ရက်အထိ ကြာမြင့်နိုင်ပြီး မဲရလဒ်တွေအပေါ် ဥပဒေလမ်းကြောင်းကနေ ပြန်လည်စိန်ခေါ်မှုတွေလည်း ဖြစ်လာနိုင်ပါသေးတယ်။

ရှေ့သို့ချီ ပါတီခေါင်းဆောင် ပီတာ လင်ဂျာရိုအင်နရတ် (Pita Limjaroenrat) က ထိုင်းနိုင်ငံရဲ့ အယောက် ၃၀ မြောက်ဝန်ကြီးချုပ်အဖြစ် အပြောင်းအလဲကိုဆောင်ကျဉ်းပေးဖို့ အသင့်ရှိကြောင်း သူ့ရဲ့ လူမှုကွန်ရက်တွစ်တာမှာ ရေးသားထားပါတယ်။

Your browser doesn’t support HTML5

ထိုင်းရွေးကောက်ပွဲ ရှေ့သို့ချီပါတီ အများစုအနိုင်ရထား