မြန်မာစစ်ကောင်စီအတွက် လက်နက်တွေဝယ်ယူတဲ့နေရာမှာ ထိုင်းနိုင်ငံကဘဏ်တွေကို အသုံးပြုနေတယ်ဆိုတဲ့ စွပ်စွဲမှုတွေနဲ့ပတ်သက်လို့ ထိုင်းဗဟိုဘဏ်နဲ့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးရုံးတို့က စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့ ဇူလိုင်လ ၂၄ ရက်နေ့မှာ ပြောပါတယ်။
ထိုင်းနိုင်ငံက ဘဏ် ၅ ခုကတဆင့် အမေရိကန်ဒေါ်လာ သန်း ၁၃၀ တန်ဖိုးရှိတဲ့ စစ်ဘက်ဆိုင်ရာ ပစ္စည်းကို မြန်မာ စစ်ကောင်စီအတွက် ဝယ်ယူခဲ့ကြောင်း၊ စစ်ဘက်ဆိုင်ရာ ကိစ္စရပ်တွေနဲ့ ဆက်စပ်ပြီး ငွေလွှဲပြောင်းမှု အပါအဝင် ဘဏ်၀န်ဆောင်မှုတွေ ပေးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews က ဇွန်လကုန်မှာ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
မြန်မာစစ်ကောင်စီအတွက် စစ်လက်နက်ပစ္စည်းနဲ့ တခြား စစ်ဘက်ဆိုင်ရာ ကိစ္စရပ်တွေအတွက် ဝယ်ယူသုံးစွဲခဲ့နိုင်ခြေရှိတဲ့ ငွေကြေး လွှဲပြောင်းမှုဆိုင်ရာ ကိစ္စရပ်တွေကို မနေ့ ဗုဒ္ဓဟူးနေ့က ထိုင်းအစိုးရတာဝန်ရှိသူတွေနဲ့ ဘဏ်တွေက အရာရှိတွေတွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်လို့ ထိုင်းနိုင်ငံခြားရေးဌာန ပြောခွင့်ရ Nikorndej Balankura က ပြောပါတယ်။ ဒီကိစ္စကို စုံစမ်းစစ်ဆေးဖို့အတွက် ထိုင်းဗဟိုဘဏ်နဲ့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးရုံးတို့က လုပ်ငန်းအဖွဲ့ ဖွဲ့စည်းပြီး အဲဒီ ငွေကြေးလွှဲပြောင်းမှုတွေကို စုံစမ်းဖော်ထုတ်သွားမယ်လို့လည်း ဆိုပါတယ်။
မြန်မာစစ်ကောင်စီလက်ထဲ လက်နက်တွေ ရောက်ရှိနေတဲ့နေရာမှာ ထိုင်းဘဏ်တွေ ပါ၀င်ပတ်သက်နေတဲ့ကိစ္စကို ရက်ပေါင်း ၃၀ အတွင်း စုံစမ်းစစ်ဆေးသွားမယ်လို့ ထိုင်းလွှတ်တော် အမျိုးသားလုံခြုံရေးကော်မတီက ကတိက၀တ်ပြု ပြောဆိုထားတဲ့အတိုင်း အခုလို စုံစမ်းစစ်ဆေးမယ့် လုပ်ငန်းအဖွဲ့ ဖြစ်ပေါ်လာတာပါ။
Your browser doesn’t support HTML5