ထိုင်းနိုင်ငံမှာ အွန်လိုင်းကနေ ငွေကြေး လိမ်လည်မှု လုပ်ငန်းတွေမှာ ပါဝင် ပတ်သက်နေသူတွေကို ဘန်ကောက် အပါအဝင် ဒေသသုံးခုမှာ ရှာဖွေ ဖမ်းဆီးတာတွေ လုပ်ခဲ့ပြီး ဖမ်းဆီးခံသူတွေထဲမှာ မြန်မာတဦး ပါတဲ့အကြောင်း ဆိုက်ဘာရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးဌာန (CCIB)က သြဂုတ်လ ၁၇ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ အွန်လိုင်း ငွေကြေးလိမ်လည်မှု၊ ဘဏ်စာရင်းအကောင့် ဖွင့်ပေးမှု၊ ငွေကြေးခဝါချမူတွေမှာ ပါဝင်ပတ်သက်မှုနဲ့ မြန်မာ အမျိုးသမီးတဦးကို ဖမ်ဆီးခဲ့တာလို့ ပြောပါတယ်။ ဒီအကြောင်း ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။
ထိုင်းနိုင်ငံအတွင်း အွန်လိုင်းကနေ ငွေကြေးလိမ်လည်မှု လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေသူတွေကို ဘန်ကောက်၊ ပထုံဌာနီ နဲ့ ချွန်ဘူရီ ဒေသ ၃ ခုက နေရာ ၂၉ နေရာမှာ ထိုင်းအာဏာပိုင်တွေက ရှာဖွေ ဖမ်းဆီးတာတွေ လုပ်ခဲ့တာပါ။ ဒီထဲက ဘန်ကောက်မြို့ မြို့လည် အစုတ် (Asok) ရပ်ကွက်၊ ဖလမ်ကောက် လမ်းမပေါ်မှာရှိတဲ့ ကွန်ဒိုတိုက်ခန်း အထပ် ၃၉ မှာ နေထိုင်နေသူ အသက် ၂၄ နှစ်အရွယ် မနန်းမိုးမိုးအေးကို ဘတ်ငွေ လေးသန်းခွဲ နီးပါး ဘဏ်စာအုပ် ၁၇ အုပ်နဲ့အတူ ဆိုက်ဘာ မှုခင်း နှိမ်နင်းရေးတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း ဆိုက်ဘာ ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးဌာန (CCIB) က မနေ့က သတင်း ထုတ်ပြန်ပါတယ်။
ဆိုက်ဘာ မှုခင်းနှိမ်နင်ရေး ရဲတပ်ဖွဲ့အနေနဲ့ ထိုင်းနိုင်ငံအတွင်း ပြည်သူတွေကို ကျယ်ကျယ်ပြန့်ပြန့် အန္တရာယ် ပေးနေတဲ့ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေနဲ့ ပတ်သက်နေသူတွေကို ဖမ်းဝရမ်းနဲ့ ဝင်ရောက် ရှာဖွေ ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။ ဖမ်းဆီးမှုတွေနဲ့ ပတ်သက်လို့ ရာဇဝတ်မှုခင်း နှိမ်နင်းရေးဗျုရို ရဲချုပ် ဝိုရဝပ် နခွန်ဘန်ချာ (Worawat Wat Nakhon Bancha) ဦးဆောင်ပြီး မနေ့က သတင်းစာရှင်းလင်းပွဲ လုပ်တာမှာ ရဲချုပ် ဝိုရဝပ် နခွန်ဘန်ချာ က ထိုင်းဘာသာနဲ့ ခုလို ပြောသွားပါတယ်။
"အခု ဖမ်းဆီးနိုင်ခဲ့တဲ့ အွန်လိုင်း ဆိုက်ဘာ ငွေလိမ်ဂိုဏ်းတွေကြောင့် ထိုင်းပြည်သူတွေဟာ တနှစ်ထဲမှာ ဘတ်ငွေသန်းပေါင်း ၁၀,၀၀၀ လောက် ဆုံးရှုံးနစ်နာခဲ့ရပါတယ်။ အခု ဖမ်းဆီးလိုက်တဲ့ ဂိုဏ်းဝင်တွေဟာ အရေးပါတဲ့ အဓိက နေရာကနေ လုပ်ဆောင်ပေးနေသူတွေ ဖြစ်ပါတယ်။ အခုလို ဖမ်းမိနိုင်ဖို့ အမေရိကန် အစိုးရ အမိမြေလုံခြုံရေး တာဝန်ရှိသူတွေပါ ပူးပေါင်း ပါဝင် လုပ်ဆောင်ခဲ့ပါတယ်" လို့ ထိုင်းဘာသာ စကားနဲ့ ပြောသွားတာပါ။
ဖမ်းဆီးခံရတဲ့ မြန်မာအမျိုးသမီး မနန်းမိုးမိုးအေး ကတော့ ကောစင်တာ အွန်လိုင်း လိမ်လည်ဂိုဏ်းဝင်တွေရဲ့ ငွေကြေးခဝါချမှုတွေ နဲ့ ဘဏ်စာရင်းဖွင့် ငွေလက်ခံပေးနေသူ ဖြစ်ပြီး သူနဲ့ပတ်သက်နေတဲ့ အွန်လိုင်း ငွေကြေးလိမ်လည်တဲ့ ဂိုဏ်းက မြန်မာနိုင်ငံသားတွေကို မယ်ဆိုင်နဲ့ မဲဆောက်မှာ ဖမ်းမိခဲ့ရာကနေ ကွင်းဆက် စစ်ဆေးမှုတွေအရ သူ့ကို ဖမ်းဝရမ်းထုတ် ရှာဖွေ ဖမ်းဆီးနိုင်ခဲ့တာလို့လည်း ထုတ်ပြန်ထားပါတယ်။
မနန်းမိုးမိုးအေး ထံကနေ ငွေသားအပါအဝင် ဘတ်ငွေ ၁၀ သန်းလောက် တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို ဖမ်းမိခဲ့တယ်လို့လည်း ပြောပါတယ်။ မနန်းမိုးမိုးအေးအပြင် တရုတ်နိုင်ငံသူ နှစ်ဦးကိုလည်း ဖမ်းဆီးမိခဲ့ပါတယ်။ နောက်ထပ် တရုတ်နိုင်ငံသား တယောက်နဲ့ ထိုင်းနိုင်ငံသား တချို့ကတော့ မှုခင်းတပ်ဖွဲ့တွေက နေအိမ်တွေကို ဝင်ရောက်စီးနင်း ရှာဖွေတာတွေ မလုပ်ခင်မှာ ထွက်ပြေး လွတ်မြောက်သွားခဲ့ကြတယ်လို့ ထိုင်းဆိုက်ဘာမှုခင်းနှိမ်နင်းရေး ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။
ဆိုက်ဘာ ရာဇဝတ်ဂိုဏ်းမှာ ပါဝင်ပတ်သက်နေသူတွေကို ထိုင်းနိုင်ငံတဝန်း နေရာပေါင်း ၂၉ နေရာမှာ ဝင်ရောက် ရှာဖွေဖမ်းဆီးခဲ့ရာမှာ ငွေသားအပြင် တန်ဖိုးကြီး ဇိမ်ခံကားတွေ အပါအဝင် ခြံမြေ ဂရံ စာချုပ်၊ ကာလတန်ဘိုး ဘတ်ငွေ သန်းပေါင်း ၁,၅၀၀ ကျော်ကို နိုင်ငံတော်ပိုင်အဖြစ် သိမ်းဆည်းလိုက်ကြောင်းလည်း ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Your browser doesn’t support HTML5