မြန်မာ့ငြိမ်းချမ်းရေး ဗိသုကာကြီး ဆရာကြီးသခင်ကိုယ်တော်မှိုင်း လိုလားတောင့်တခဲ့တဲ့ စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို လက်တွေ့ အကောင်အထည် ဖော်ဆောင်နိုင်ဖို့ တပ်မတော်က အစပြုလို့ တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်ရပ်စဲရေးကြေညာပြီး ဆွေးနွေး အဖြေရှာကြဖို့ ဆရာကြီးသခင် ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ယက်က တောင်းဆိုလိုက်ပါတယ်။
သခင်ကိုယ်တော်မှိုင်း ဂူဗိမာန်မှာ ဒီကနေ့ကျင်းပတဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ရဲ့ (၁၄၃)နှစ်ပြည့်မွေးနေ့မှာ မြစ်ဆုံစီမံကိန်းလုံးဝရပ်ဆိုင်းရေး၊ ၂၀၀၈ အခြေခံဥပဒေဖျက်သိမ်းရေး၊ ဖမ်းဆီးခံသတင်းသမား၊ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး ဆွေးနွေးကြတဲ့ ငြိမ်းချမ်းရေး စကားဝိုင်းတွေ၊ ငြိမ်းချမ်းရေး ကဗျာတွေ သဝဏ်လွှာတွေ ဖတ်ကြားပြီး ဒီမိုကရေစီ အင်အားစုတွေက အခုလိုတိုက်တွန်း ပြောဆိုလိုက်ကြတာပါ။ ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က အပြည့်အစုံ ပြောပြပေးထားပါတယ်။
တတိုင်းပြည်လုံး အတိုင်းအတာနဲ့ အပစ်ခတ်ရပ်စဲရေး မြန်မာပြည် ငြိမ်းချမ်းရေးကို အရေးကြီး လုပ်ငန်းစဉ်အဖြစ် အဓိကထား ဖော်ဆောင် မယ်ဆိုတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အရပ်သား အစိုးရ လက်ထက်မှာ ငြိမ်းချမ်းရေးလိုလားသူ ငြိမ်းချမ်းရေး ဗိသုကာကြီးဖြစ်တဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်း လိုလားတောင့်တခဲ့တဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ပါစေကြောင်း ဆရာကြီးသခင်ကိုယ်တော်မှိုင်း (၁၄၃)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အခမ်းအနားမှာ ငြိမ်းချမ်းရေး လိုလားသူတွေက တောင်းဆို လိုက်ကြပါတယ်။
မြန်မာပြည်မှာ ပြည်တွင်းစစ်မီးငြိမ်းပြီး သခင်ကိုယ်တော်မှိုင်း မြင်ချင်ခဲ့တဲ့ ငြိမ်းချမ်းရေးကို အမြန်ဆုံးရစေချင်ပါတယ်။ ဒါကြောင့် တပ်မတော်ကနေ-စ တနိုင်ငံလုံးအပစ်ရပ် ကြေညာပေးဖို့ အပါအဝင် ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်မယ့် နည်းလမ်းအဖြေရှာဖို့ သခင်ကိုယ်တော်မှိုင်းကွန်ရက်ကနေ သဘောထားထုတ်ပြန် တောင်းဆိုလိုက်ပါတယ်လို့ ဆရာကြီးသခင် ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ယက်အဖွဲ့နဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဂူဗိမာန် စောင့်ရှောက်ရေးအဖွဲ့ရဲ့ ပြန်ကြားရေးကော်မတီဝင် ဦးထွန်းဝင်းငြိမ်းက ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။
“ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ဖို့ရာအတွက် အာမခံနိုင်တဲ့အခြေအနေမရှိဘူးပေါ့နော် ဒီအခြေအနေမှာ။ ဒါကြောင့် လတ်တလောမှာ ဆောင်ရွက်ရမယ့်ကိစ္စတွေ ကျနော်တို့ တောင်းဆိုထားတာတွေ ရှိပါတယ်။ အဲ့တာတွေကတော့ AA၊ တအာင်း ပလောင်၊ SSPP/SSA တို့ အပါအဝင် အဲ့ဒီ့တိုင်းရင်းသားဒေသတွေမှာ စစ်ရပ်စဲရေးကို တပ်မတော်က အစပြုပြီး ဘယ်စစ်တိုင်းဒေသမှ မချန်လပ်ပဲ တနိုင်ငံလုံး အပစ်ရပ်စဲရေး ကြေညာဖို့ နောက် စားပွဲဝိုင်းမှာ ဆွေးနွေးအဖြေရှာကြဖို့၊ ဒါကတော့ ရေရှည် ငြိမ်းချမ်းရေးနဲ့ အပစ်ရပ်ရေး ဆောင်ရွက်နိုင်မယ့် နည်းလမ်းကို ရှာကြဖို့ တိုက်တွန်းထားတယ်။ နောက် မြစ်ဆုံစီမံကိန်း လုံးဝရပ်ဆိုင်းပေးဖို့၊ နောက် တောင်သူလယ်သမားတွေကို ဒုက္ခဖြစ်စေတဲ့ မြေလွတ် မြေလပ် မြေရိုင်းဥပဒေ ရပ်ဆိုင်းပေးဖို့ ဒါကိုလည်း တောင်းဆိုထားတယ်။ နောက် စစ်ဘေးဒုက္ခသည် ပြည်သူတွေကို လုံလောက်တဲ့အကူအညီတွေပေါ်နိုင်ဖို့ အရပ်ဘက် လူထုအခြေပြု အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ ကူညီမှု ကို လွတ်လွတ်လပ်လပ် ခွင့်ပြုဖို့ အဲ့တာမျိုးတွေ ကျနေ်ာတို့ တင်ပြထားတယ်။
နောက်တခုက ဖမ်းဆီးထောင်ချထားသည့် နိုင်ငံရေးအကျဉ်းသားတွေ အကျဉ်းထောင်တွေထဲ ရှိနေသေးတယ်။ နောက် သတင်းမီဒီယာသမားတွေ ရှိနေတယ်။ အဲ့တာတွေကို အကုန်လွှတ်ပေးဖို့၊ နောက် ၁၇(၁) (၂) ၊ ၅၀၅(ခ)လို မတရားသင်းအက် ဥပဒေတွေနဲ့ မတရား ဖိနှိပ်ချုပ်ချယ်သည့် ဥပဒေတွေကို ပယ်ဖျက်ပေးဖို့ လိုအပ်တယ်လို့လည်း တင်ပြထားတယ်။ နောက်တပ်မတော်ရဲ့ ငြိမ်းချမ်းရေးမူ ၆ ချက်ကို ရုပ်သိမ်းပေးဖို့ အပါအဝင် နောက် ဘယ်တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်အင်အားစုကိုမှ အကြမ်းဖက်သမား၊ သောင်းကျန်းသူတွေလို သတ်မှတ်ဖို့ မသင့်ဘူး။ အဲ့သလို သတ်မှတ်သုံးစွဲနေတာတွေကို ရပ်တန့်ဖို့လိုတယ်။ အဲ့ဒီ့လူတွေကို အမြစ်ပြတ်ခြေမှုန်းမယ်ဆိုတာ လုံးဝ မဖြစ်သင့်တဲ့အကြောင်း ကျနေ်ာတို့ တင်ပြတောင်းဆိုထားပါတယ်။”
မြန်မာနိုင်ငံမှာ လက်ရှိစစ်မက်ဖြစ်ပွားနေတဲ့ ရခိုင်အရေးအပါအဝင် ြငိမ်းချမ်းရေးဆွေးနွေးမှုတွေ သဘောထားကွဲလွဲမှုတွေနဲ့ အမြင်မတူ အဆင်မပြေဖြစ်နေသေးတာစတဲ့ လက်ရှိမြန်မာနိုင်ငံတွင်း ကြုံတွေ့နေရတဲ့ စစ်ရေး၊ နိုင်ငံရေး ပဋိပက္ခအခြေအနေတွေနဲ့ ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကိုလည်း “ ငြိမ်းချမ်းရေးနဲ့ ၂၀၀၈ အခြေခံဥပဒေ” ဆိုတဲ့ သခင်ကိုယ်တော်မှိုင်းမွေးနေ့ ငြိမ်းချမ်းရေး စကားဝိုင်းတွေမှာ နိုင်ငံရေးပါတီခေါင်းဆောင်တွေနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ ဒီမိုကရေစီ အင်အားစုတွေဘက်က ဆွေးနွေးခဲ့ကြတယ်လို့ ဦးထွန်းဝင်းငြိမ်းက အခုလိုရှင်းပြပါတယ်။
“ဆရာကြီးရဲ့ မွေးနေ့မှာ ဆရာကြီးဆောင်ရွက်ခဲ့တဲ့ ငြိမ်းချမ်းရေး အစဉ်အလာတွေကို ကျနော်တို့က ပြောပြတယ်ပေါ့နော်။ ပြောပြရင်းနဲ့ ဒီကနေ့ မြန်မာပြည် ရင်ဆိုင်နေရတဲ့ အခြေအနေတွေကို အဓိကထားပြီးတော့ ထောက်ပြပါတယ်။ အဲ့တာတွေကတော့ စစ်အာဏာရှင်အဆက်ဆက်ရဲ့ အကျိုးဆက်တွေကြောင့်မို့လို့ လက်ရှိ မြန်မာ့တပ်မတော် အပါအဝင်၊ တည်ဆဲ ဥပဒေဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကြောင့် တိုင်းပြည်မှာ ကောင်းကျိုးထက် ဆိုးကျိုးများကိုသာ ပေးနေတာဖြစ်တယ်။ အဲ့တာကြောင့် ဖြေရှင်းရခက်ခဲတဲ့ ပြဿနာပေါင်းစုံနဲ့ ရင်ဆိုင်နေရတာဖြစ်တယ်လို့ ထောက်ပြတယ်။ လက်ရှိမှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် NCA နှင့် ၂၁ ပင်လုံတွေ့ဆုံပွဲများ မအောင်မြင်သေးဘူး။ အခုလက်ရှိ လွှတ်တော် အတွင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ကြိုးစားနေရတာဖြစ်တယ်။ ဒါပေမဲ့လို့ ပြည်သူလူထုအများစုရဲ့ဆန္ဒကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းပြီးတော့ တိုင်းရင်းသား ပြည်သူလူထုတရပ်လုံးနဲ့ နိုင်ငံရေးအင်အားစု အများစုက လက်ခံတဲ့ ဖွဲ့စည်းပုံအခြေခံ အသစ် တရပ် ပေါ်ပေါက်လာရေးပဲ ဖြစ်တယ်လို့ ကျနော်တို့က အဲ့သလိုမြင်ပါတယ်။”
မြန်မာ့စာပေ၊ ယဉ်ကျေးမှုနဲ့ မြန်မာပြည် လွတ်လပ်ရေး ငြိမ်းချမ်းရေးကို ဖော်ဆောင်ခဲ့တဲ့ ငြိမ်းချမ်းရေးဗိသုကာကြီး ဆရာကြီး သခင်ကိုယ် တော်မှိုင်း ရဲ့ မွေးနေ့ (၁၄၃)နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်မြို့ ရွှေတိဂုံဘုရားလမ်းမှာရှိတဲ့ သခင်ကိုယ်တော်မှိုင်း ဂူဗိမာန်မှာ ကျင်းပခဲ့ကြပြီး သခင်ကိုယ်တော်မှိုင်းမိသားစုတွေ၊ တိုင်းရင်းသားပါတီက ခေါင်းဆောင်တွေ နိုင်ငံရေးပါတီတွေ ဒီမိုကရေစီနိုင်ငံရေးအင်အားစုများ၊ ကျောင်းသား ခေါင်းဆောင်တွေနဲ့ သခင်ကိုယ်တော်မှိုင်းကို ချစ်မြတ်နိုးလေးစားသူတွေက ငြိမ်းချမ်းရေးကဗျာတွေ ရွတ်ဆိုကြ ငြိမ်းချမ်းရေး စာတမ်းတွေ ဖတ်ကြားကြပြီး ဂါရဝပြုခဲ့ကြပါတယ်။
Your browser doesn’t support HTML5