သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပလက်ဝမြို့နယ်မှာ တပ်မတော်နဲ့ AA တိုက်ပွဲပြင်းထန်


AA တပ်မတော် (ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)
AA တပ်မတော် (ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ရဲကင်းစခန်း တချို့ တိုက်ခိုက်ခံခဲ့ရတာကြောင့် စခန်း တချို့ကို ပြန်လည်ရုတ်သိမ်းတာနဲ့ ရွှေ့ပြောင်း အင်အားဖြည့်တာတွေ လုပ်ဆောင်နေတဲ့ တချိန်တည်းမှာပဲ ချင်းပြည်နယ် ပလက်ဝမြို့နယ်ဘက်မှာ တပ်မတော်ရဲ့ တပ်စခန်းကို ရခိုင် လက်နက်ကိုင်အဖွဲ့ AA ဘက်က စီးနင်းတိုက်ခိုက်ခဲ့ဲပြီး လက်နက်ပစ္စည်းနဲ့ စစ်သုံ့ပမ်းတချို့ ဖမ်းဆီးခဲ့တယ်လို့ AA အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွေဘက်မှာ AA တပ်ဖွဲ့တွေနဲ့ မြန်မာ့ တပ်မတော်တို့ အကြား တိုက်ပွဲတွေ ပြင်းထန်နေဆဲ အခြေအနေကို ဗွီအိုအေ ထိုင်းအခြေစိုက်သတင်း ထောက် နိုင်ကွန်းအိန်ကနေ ဆက်သွယ်မေးမြန်း သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်နဲ့ကျောက်တော်မြို့နယ် အစပ်မှာ ဒီကနေ့မှာလည်း မြန်မာ့တပ်မတော်နဲ့ ရခိုင့် လက်နက်ကိုင် AA အဖွဲ့တို့ အကြား တိုက်ပွဲ ဖြစ်နေတယ်လို့ ကျောက်တော်မြို့နယ် ကန်စောက်ကျေးရွာ သံဃာတော်တပါးက မိန့်ပါတယ်။

“ဒီနေ့တာ့ လေယာဉ်နဲ့ တိုက်တယ်ခင်ဗျ။ လေယာဉ် ၂ စီးနဲ့ တိုက်တာအခု။ လက်နက်ကြီးတွေနဲ့ ဒီနား (၅၃၉) တပ်ရင်းကနေ လက်နက်ကြီးတွေနဲ့ ထုတယ်။ လေယာဉ်နဲ့လည်း ဗုံးကြဲတယ်။ AA နဲ့ မြန်မာ့ တပ်မတော်နဲ့ပေါ့။ အခြေအနေကတော့ တင်းမာလာတာလို့ မြင်တယ်။”

ကျောက်တော်မြို့နယ် အစပ် ဗုဒ္ဓေါကျေးရွာ တောင်တန်းအစပ်မှာ တိုက်ပွဲ ဖြစ်ပွါးနေတယ်လို့ မိန့်ကြားပါတယ်။

တချိန်တည်းမှာပဲ ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းက တပ်မတော်တပ်ရင်း (၅၆၃) အခြေပြုတဲ့ တပ်စခန်းကို AA တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့လို့ လက်နက်နဲ့ စစ်ပစ္စည်း အမြောက်အများ အပါအဝင် တပ်မတော် စစ်သုံ့ပမ်း (၁၁)ဦး လက်ရ ဖမ်းဆီးရရှိခဲ့တယ်လို့ AA ပြန်ကြားရေးဌာနကနေ မတ်လ(၁၁)ရက်စွဲနဲ့ သတင်း ထုတ်ပြန်ထားပါတယ်။

ပလက်ဝမြို့နယ်၊ ပီချောင်းဒေသ၊ ပြန်ဆိုရွာမှာ စကခ(၅)လက်အောက်ခံ၊ ဂွအခြေစိုက် ခမရ (၅၆၃) တပ်စခန်းကို မတ်လ (၉)ရက်နေ့မှာ AA ဘက်က တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်မှု အခြေအနေကို စစ်တပ်နဲ့နီးစပ်သူ ရဲချောင်း၀ ဒေသခံတဦးက အခုလို ပြောပါတယ်။

“အစိုးရ တပ်မတော် တပ်ကုန်းကို ရခိုင့်တပ်မတော် AAက ဝင်ရောက် သိမ်းဆည်းလိုက်တယ်လို့ သိရတယ်။ (၅၆၃) တပ်ရင်း နဲ့ (၅၄၂) တပ်ရင်းလို့ သိရတယ်။ လက်နက်ကြီးတော့ အမြောက်အများ ရသွားတယ်လို့တော့သိရတယ်။ ဗိုလ်မှူး အဆင့် လောက်တောင်မှနှစ်ဦးနဲ့ ဗျူဟာမှူးတောင်မှ ထွက်ပြေးတယ်လို့တော့ သိရတယ်။ (၁၁) ယောက်လောက်ကို သူတို့ ထိမ်းချုပ်ထားတယ်လို့ သိရတယ်.. ရခိုင်တပ်မတော် AA ကတော့။”

လက်ရှိတိုက်ပွဲ ဖြစ်ပွါးရာဒေသဘက်မှာ တပ်မတော်က အင်အားဖြည့်တင်းထားပြီး နယ်မြေ ရှင်းလင်းရေး လုပ်ဆောင်နေတယ်လို့လည်း အဆိုပါဒေသခံက ပြောပါတယ်။

ဒီအတောအတွင်း ကျောက်တော် ဒေသဘက်မှာလည်း AA လက်နက်ကိုင် တပ်ဖွဲ့တွေက ရဲစခန်းတွေကို စီးနင်း တိုက်ခိုက်လာပြီး နောက်ပိုင်း ရဲကင်းစခန်း တချို့ကို ပြန်လည် ရုပ်သိမ်းတာတွေ ရှိလာတယ်လို့ ကျောက်တော်ဒေသခံ ကိုကျော်လှမြင့်က ပြောပါတယ်။

“ကျောက်တော်မြို့နယ်မှာ တင်းမ ရဲစခန်းပေါ့။ အဲဒီရဲစခန်းကို ရုပ်ပြီးတော့ (၁၀) ရက်နေ့က ကျောက်တော်မြို့မ ရဲစခန်းကို ခေါ်ထားတယ်။ ဒီမင်းပြားမြို့နယ် ပန်းမြောက်ရယ်၊ တခြား ရဲစခန်းတွေကိုလဲ မြို့နယ်မှာ ပူးပေါင်း ခေါ်ထားတာရှိသလို ယိုးတရုတ်စခန်း တိုက်ခိုက်ခံရပြီးနောက် အဲဒီလို ဖြစ်သွားတာ ဖြစ်ပါတယ်။”

တိုက်ပွဲ ဖြစ်ပွါးနေတာနဲ့ ပက်သက်လို့ တပ်မတော်ဘက်က သတင်းထုတ်ပြန်တာ မတွေ့ရသေးသလို တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူးနဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူကို အကြိမ်ကြိမ် ဆက်သွယ်ပေမဲ့လည်း ဆက်သွယ်လို့ မရရှိခဲ့ပါဘူး။

မတ်လ ၉ ရက်နေ့ ညပိုင်းကလည်း ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ် ရဲစခန်းကို ရခိုင်တပ်ဖွဲ့ AA ဘက်က တပ်အင်အား အလုံးအရင်းနဲ့ ဝင်ရောက် တိုက်ခိုက်တာကြောင့် ရဲတပ်ဖွဲ့ဝင် ၉ ဦး ကျဆုံးခဲ့ရတဲ့ အကြောင်း တပ်မတော်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ AA အကြားတိုက်ပွဲတွေ အရှိန်မြင့် ဖြစ်ပွါးလာသလို၊ ပလက်ဝမြို့နယ် အတွင်း ၂ ဖက် တိုက်ပွဲတွေကြောင့် ဒေသခံ ကျေးရွာသား ၁၀၀၀ နီးပါး စစ်ဘေး တိမ်းရှောင်နေရဆဲ အခြေအနေမှာ ရှိပါတယ်။

ဒါ့အပြင် မြို့နယ်တချို့က ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေ တာဝန်ကနေ နှုတ်ထွက်သွားကြသလို ရဲကင်းစခန်း တချို့လဲ ရုတ်သိမ်းထားရတဲ့ အခြေအနေ အထိ ဖြစ်ပွါးနေတာကြောင့် ဒေသခံတွေအတွက် လုံခြုံရေး၊ သွားလာရေးနဲ့ လူမှုရေး လုပ်ငန်းတချို့ ရပ်ဆိုင်းသွားမှာကိုလဲ ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

မြန်မာ့ငြိမ်းချမ်းရေး ကော်မရှင်အနေနဲ့ NCA အပစ် မရပ်နိုင်သေးတဲ့ မြောက်ပိုင်း မဟာမိတ်လက်နက်ကိုင် အဖွဲ့တွေနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ရှိနေတယ်လို့ ပြောဆိုပေမဲ့လဲ မြန်မာ့တပ်မတော်အနေနဲ့ ရခိုင့်တပ်မတော် AA တအာင်း ပလောင်တပ်ဖွဲ့ TNLA မြောက်ပိုင်းရှမ်းပြည် တပ်မတော် SSPP/SSA၊ ကိုးကန့်တပ်ဖွဲ့တို့နဲ့ တိုက်ပွဲ ဖြစ်ပွါးနေဆဲလဲ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG