တေလာဆွိဖ် အသစ်တဖန် “1989” 

Eras Tour ဂီတဖျော်ဖြေပွဲတခုမှာ တွေ့ရတဲ့ တေလာဆွိဖ် (သြဂုတ်လ ၇၊ ၂၀၂၃)

ကမ္ဘာမှာ အအောင်မြင်ဆုံး ပေါ့ပ်အဆိုတော်တဦးဖြစ်တဲ့ တေဘာဆွိဖ်က သူရဲ့ 1989 တေးဓာတ်ပြားကို အသံပြန်သွင်းပြီး"1989 (Taylor's Version)" ဆိုပြီး ပြန်ထုတ်မယ်လို့ ဩဂုတ်လ ၁၀ ရက်က ကြေညာသွားပါတယ်။ ဒီခွေသစ်ဟာ သူအကြိုက်ဆုံး ပြန်လည်အသံသွင်းသီဆိုမှု ဖြစ်တယ်လို့ တေလာဆွိဖ်က သူ့ အင်စတာဂရမ် စာမျက်နှာမှာ သူ့ပရိသတ်တွေကို ပြောသွားတာပါ။

တေလာဆွိဖ်က သူ့ရဲ့ သီချင်းဟောင်းတွေကို ပြန်လည်ဆန်းသစ်အသံသွင်းပြီး ပြန်ဖြန့်ချီတာမှာ အခုဟာက ၄ ခုမြောက် Taylor’s Version ဖြစ်ပါတယ်။ အခုလို ပြန်အသံသွင်းဖြန့်ချီတဲ့ သီချင်းတွေက တေးသံသွင်း ထုတ်လုပ်ရေးကုမ္ပဏီကြီးတွေက မပိုင်တော့ပဲ သူ့အပိုင်ဖြစ်သွားတာကြောင့် ဒီသီချင်းတွေကို ကြော်ငြာပဲသုံးသုံး၊ ရုပ်ရှင်နဲ့ တခြား ဘယ်နေရာမှာမဆို အသုံးပြုတဲ့အခါ သူက အဖိုးခရမှာဖြစ်ပြီး သူများပိုင်တဲ့ သူ့မူပိုင်သီချင်းတန်ဖိုးကို ဖယ်လိုက်ရရောက်နိုင်ပါတယ်။

သူက အဲဒီမူရင်းသီချင်းပိုင်ဆိုင်ခွင့်နဲ့ ပတ်သတ်ပြီး တေးထုတ်လုပ်ရေးကုမ္ပဏီကြီးနဲ့ အကြီးအကျယ် ပြဿနာ တက်ထားတာပါ။ ၂၀၁၉ ခုနှစ်မှာ Big Machine ဆိုတဲ့ တေးသံသွင်းနဲ့ စာချုပ်ရပ်လိုက်တော့ သူ့ရဲ့ ပထမတေးဓာတ်ပြား ၆ ပြားရဲ့ မူရင်းအသံသွင်းသီချင်းတွေကို လက်လွှတ်ခဲ့ရပါတယ်။ အဲဒီကုမ္ပဏီက တေလာဆွိဖ်မူရင်းအသံသွင်းဓာတ်ပြားတွေကို နောက်ကုမ္ပဏီတခုကို ဒေါ်လာသန်း ၃၀၀ ကျော်နဲ့ ရောင်းလိုက်တယ်လို့ ဆိုပါတယ်။

အခု သူပြန်အသံသွင်းထုတ်မယ့် “1989” ၁၉၈၉ ဆိုတဲ့အခွေဟာ ၂၀၁၄ ခုနှစ်မှာ ပထမအကြိမ် အသံသွင်းခဲ့တာဖြစ်ပြီး Shake if Off လို အကောင်းဆုံးတေး ထိပ်ဆုံးရောက်တဲ့ သီချင်းတွေပါဝင်သလို သူထွက်တဲ့ တေးဓာတ်ပြားတွေထဲက နံပတ် ၁ ချိတ်တဲ့ ၄ ချပ်မြောက် ဓာတ်ပြားဖြစ်ပါတယ်။

အခု အသစ်ပြန်သွင်းတဲ့ 1989 တေးအယ်လ်ဘမ်ကတော့ ၂၀၂၃ အောက်တိုဘာလ ၂၇ ရက်နေ့မှာ ထွက်မယ်လို့ တေလာဆွိဖ်ရဲ့ အင်စတာဂရမ် လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။