ကချင်ပြည်နယ် တနိုင်းမြို့နယ်အတွင်းက အစိုးရတပ်မတော်နဲ့ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA အကြားမှာ ပိတ်မိနေတဲ့ပြည်သူ ၃ထောင်ကျော်အနက်က အမျိုးသမီး၊ ကလေးငယ်နဲ့ အသက်ကြီးသူတွေကို တပ်မတေ်ာကတနိုင်းမြို့ဖက်ကို ပြန်ခွင့်ပေးခဲ့တဲ့နောက်မှာ ဒီကနေ့ နေ့ခင်းအထိမှာ လူ ၁၀၀ကျော်လောက် ရောက်ရှိလာပြီ ဖြစ်ပါတယ်။ ကျန်ရှိနေတဲ့ အမျိုးသားအများစု ကတော့ အခုချိန်ထိ စစ်ဘေးလွတ်ကင်းရာ နေရာကို မရောက်ရှိသေးဘဲ သူတို့ ခိုအောင်းနေတဲ့နေရာမှာ နှစ်ဖက်တပ်တွေ ရင်ဆိုင်နေဆဲ ရှိတာကြောင့် တိုက်ပွဲထပ်ဖြစ်နိုင်မယ့် အခြေအနေတွေ ရှိနေပါတယ်။ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
တနိုင်းမြို့နယ်အတွင်း အစိုးရတပ်မတော်နဲ့ KIA တိုက်ပွဲအကြားပိတ်မိနေတဲ့ ပယင်းမှော်နဲ့ ရွှေမှော်တွေမှာ အလုပ်လုပ်သူ ၃ထောင်ကျော်လောက်ရှိရာမှာ တပ်မတေ်ာက အမျိုးသမီး၊ ကလေးငယ်နဲ့ အသက်ကြီးသူ ၈၀၀လောက်ကိုတနင်္လာနေ့ ညနေပိုင်းက တနိုင်းမြို့ဖက်ကို ပြန်ခွင့်ပေးခဲ့ပါတယ်။
ဒီနေ့မနက်ပိုင်းလောက်မှာ စက်လှေ ၇စင်းနဲ့ လူ ၁၀၀ကျော်လောက် တနိုင်းမြို့ကိုရောက် လာကြောင်း နဲ့ ကျန်ရှိနေတဲ့အမျိုးသားတွေကတော့ တိုက်ပွဲဖြစ်ရာဒေသမှာပဲ ကျန် ရှိနေကြောင်း တနိုင်းမြို့က အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးမလန်ဘရန်ရှောင်က ပြောပါတယ်။
“ ဒီနေ့က တချို့က ရောက်လာခဲ့ပြီ။ အားလုံးတော့ မရောက်သေးဘူး။ စက်လှေ ၇စင်းတော့ ရောက်လာပြီပြောတယ်။ စက်လှေ၇စီးဆိုတော့ တစ်ရာကျော် နှစ်ရာလောက်တော့ ရှိမယ်။ အမျိုးသမီးနဲ့ ကလေးတွေကို အရင်လွှတ်ပေးတယ်လို့ ပြောတယ်။ ၈၀၀လောက် ရှိတယ်ပြောတယ်။ အမျိုးသားတွေကို ကျတော့ လောလောဆည်တော့ ထွက်မလာကြသေးဘူးဗျ။ တချို့ကျတော့ မထွက်ခိုင်းတဲ့အခါ နောက်ပြန်လှည့်ပြီးမှ လုံခြုံတဲ့နေရာပေါ့ဗျာ။ အဲဒါမျိုးနေရာထိ သွားတဲ့လူလည်းရှိတယ်။ တချို့ကတော့ အဲဒီနားမှာပဲ မနေ့က ပြန်လှည့်ခိုင်းတဲ့ အဲဒီနားမှာပဲ နေနေကြတယ်။ အဲဒါမျိုးအဖွဲ့တွေ ကွဲနေကြတယ်လို့ ကြားတယ်။ ”
ပြီးခဲ့တဲ့ အပတ်ကစတင်ပြီး တပ်မတော်က တရားမဝင် တူးဖော်တဲ့ ရွှေမှော်၊ ပယင်းမှော်ဒေသတွေကို နယ်မြေ ရှင်းလင်းရာမှာ KIA နဲ့ တိုက်ပွဲဖြစ်ပွားခဲ့သလို လေကြောင်းကပါ တိုက်ခိုက်တာတွေလည်း ရှိခဲ့ပါတယ်။ တိုက်ပွဲပြင်းထန်ခဲ့တဲ့နောက် နမ့်ဂွမ်းမှော်က လူ ၃ထောင်ကျော်လောက်ဟာ စစ်ဘေးလွတ်ရာ တိမ်းရှောင်းရင်း အစိုးရတပ်မတော်က ထိန်းချုပ်ထားတဲ့ ဆမတ်စခန်းဖက်ကို ရောက်ခဲ့ကြပါတယ်။
ဒီလို ရောက်လာသူတွေကို တပ်မတော်က တာဝန်ယူပြန်ပို့ပေးဖို့ ပြင်ဆင်ခဲ့ပြီးနောက်မှာ မနေ့ညနေပိုင်းက အမျိုးသမီး၊ ကလေးနဲ့ အသက်ကြီးပိုင်း ၈၀၀လောက်ကို တနိုင်းကို သွားခွင့်ပေးခဲ့တာပါ။ ကျန်ရှိနေခဲ့တဲ့ အမျိုးသား အများစုဟာ တပ်မတော် စခန်းချရာနေရာမှာလည်း နေထိုင်ခွင့်မရသလို ပယင်းမှော်ဖက်ကိုလည်း မပြန်နိုင်တာကြောင့် အခက်အခဲ ကြုံနေကြပါတယ်။
ဒီနေ့ နေ့ခင်းအထိလည်း ကျန်ရှိနေတဲ့ အမျိုးသားတွေအခြေအနေကို တိတိကျကျ မသိရသေးဘဲ သူတို့ ခိုအောင်းရာ ဒေသဖက်က သေနတ်သံတွေ ကြားနေရကြောင်းလည်း တနိုင်းမြို့ခံတဦးဖြစ်တဲ့ ဦးနော်တောင်က ပြောပါတယ်။
“ သေနတ်သံတော့ ကြားနေတာပဲ။ ဘယ်လို ဘယ်လိုဖြစ်မှန်းတော့ မသိဘူး အဲဒါ။ ယောကျ်ားလေးတွေ ကတော့ မလွတ်လာသေးဘူး။ အမျိုးသမီးနဲ့ ကလေးတွေပဲ ရောက်လာသေးတယ်။ ”
တနင်္လာနေ့က တနိုင်းမြို့က ဘာသာရေး၊ လူမှုရေး အသင်းအဖွဲ့တွေက ပိတ်မိနေသူတွေ ကို ကယ်ထုတ်နိုင်ဖို့ အာဏာပိုင်တွေနဲ့ သွားရောက် ညှိနှိုင်းခဲ့ပေမဲ့ ပြင်ပအဖွဲ့အစည်းတွေ ကို ခွင့်မပြုခဲ့ဘူးလို့လည်း ပြောပါတယ်။
တနိုင်းမြို့ကို ပြန်လည်ရောက်ရှိလာသူတွေနဲ့ တောတွင်းမှာကျန်ရှိနေသူတွေ အခြေအနေကို သိနိုင်ဖို့ တနိုင်းမြို့နယ် အုပ်ချုပ်ရေးမှုးရုံးကို ဆက်သွယ်ခဲ့ပေမဲ့ ပြန်လည်ရောက်လာသူ စာရင်းကောက်နေဆဲ ရှိကြောင်းသာ တာဝန်ရှိသူတဦးက ဖြေဆိုပါတယ်။
ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကတော့ တနိုင်းမြို့နယ်ဖက်က အခြေအနေကို အခုလို ပြောပါတယ်။
“ ဒီနေ့ ခုအချိန်ထိကတော့ သိပ်ပြင်းထန်တဲ့ တိုက်ပွဲဖြစ်တဲ့သတင်းကတော့ မတက်သေးဘူး။ ဒါပေမဲ့ ပိတ်မိနေတဲ့ အားလုံးကတော့ ပိတ်မိနေတဲ့သူက ၃၀၀၀လောက် လမ်းကြောင်းရှာနေတယ် ဆိုတဲ့ သတင်း လောက်ပဲ ကြားပါတယ်။ ဘယ်ကနေ ထွက်ရမှန်းမသိဘဲနဲ့ လမ်းကြောင်း ရှာနေတယ်ဆိုတဲ့ သတင်းလောက်ပဲ ကြားပါတယ်။ နောက်ပြီးတော့ စစ်ကြောင်းတွေကလည်း ဒီတိုင်းပဲ ဆက်ရှိနေတယ်ဆိုတော့ တိုက်ပွဲကတော့ ဖြစ်နိုင်ပါတယ်။”
ဒီရက်ပိုင်းတွေအတွင်းမှာတော့ ဆွမ်ပရာဘွမ်နဲ့ မန်စီမြို့နယ် အတွင်းမှာလည်း တိုက်ပွဲတွေဖြစ်ပွားခဲ့သလို KIO ဌာနချုပ် လိုင်ဇာအနီးကို ဒီလ ၂၈ရက်နေ့ လက်နက်ကြီးအလုံး၂၀လောက် ပစ်ခတ်ခဲ့ကြောင်းလည်း ပြောပါတယ်။
ဆွမ်ပရာဘွမ်မြို့နယ် အတွင်းဖြစ်တဲ့ တိုက်ပွဲကြောင့် ဒေသခံ ၇၀၀လောက်ဟာ တောတောင်တွေထဲမှာ ပုန်းအောင်း နေရကြောင်းလည်း ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် KBC က သတင်းထုတ်ပြန်ပါတယ်။
လက်ရှိ တနိုင်းနဲ့ ဆွမ်ပရာဘွမ်မှာထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် ပြည်သူတွေ ဆင်းရဲဒုက္ခတွေ့ကြုံပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေခံစားနေရကြောင်း၊ ဒါကြောင့် နိုင်ငံရေးပြဿနာကို စစ်ရေးနည်းနဲ မဖြေရှင်းဘဲ ငြိမ်းချမ်းစွာဆွေးနွေးအဖြေရှာဖို့ တိုက်တွန်းကြောင်း ကချင်နိုင်ငံရေးပါတီများပေါင်းစည်းရေးကော်မတီက ဒီကနေ့ သတင်းထုတ်ပြန်ထားပါတယ်။
Your browser doesn’t support HTML5