ရခိုင်အကြံပေးအဖွဲ့အပေါ် ယုံကြည်မှုရှိဖို့ Surakiart ပြောကြား

 ထိုင်းဒုတိယဝန်ကြီးချုပ်ဟောင်း Surakiart ဦးဆောင်တဲ့ အဖွဲ့ ရခိုင်ကိုသွားစဉ်

ထိုင်းဒုတိယဝန်ကြီးချုပ်ဟောင်း Surakiart Sathirathai က သူဦးဆောင်တဲ့ ရခိုင်အရေး အကြံပေးအဖွဲ့အပေါ် အပြည့်အဝ ယုံကြည်စိတ်ချထားနိုင်ပါတယ်လို့ ပြောလိုက်ပါတယ်။ ဒီအကြံပေးအဖွဲ့ထဲက ထင်ရှားတဲ့အဖွဲ့ဝင်တဦး မကြာခင် ရက်ပိုင်းအတွင်းက နုတ်ထွက်သွားအပြီး ဖေဖော်ဝါရီလ ၁ ရက်၊ ကြာသပတေးနေ့က ဘန်ကောက်မြို့မှာ ရိုက်တာသတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းအတွင်း ဒေါက်တာဆူရာကီယတ်က အဲဒီလိုပြောတာပါ။ ကိုကျော်ကျော်သိန်းက အပြည့်အစုံပြောပြပါမယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီ အာနန် ဦးဆောင်ခဲ့တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ နောက်ဆုံးအစီရင်ခံစာပါ အကြံပြုချက်တွေကို အကောင်အထည်ဖော်ဖို့ ဖွဲ့ထားတဲ့ ကော်မတီကို အကြံပေးဖို့ဆိုပြီး ပြည်တွင်း ပုဂ္ဂိုလ်ငါးဦး၊ ပြည်ပပုဂ္ဂိုလ်ငါးဦး စုစုပေါင်း ၁၀ ဦးနဲ့ ဖွဲ့စည်းထားတဲ့ အကြံပေးအဖွဲ့ကို ဦးဆောင်ဖို့ ဒေါက်တာ ဆူရာကီယတ် ဆာသီရာထိုင်းကို မြန်မာအစိုးရက ရွေးချယ်ခဲ့တာပါ။

ဒီအဖွဲ့ရဲ့ ရခိုင်ပြည်နယ် ပထမဆုံးခရီးစဉ် အဆုံးမသတ်ခင်မှာပဲ ထင်ရှားတဲ့အဖွဲ့ဝင်တဦးဖြစ်သူ အမေရိကန်ပြည်ထောင်စု၊ နယူး မက္ကဆီကိုပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း ဘီလ် ရစ်ချတ်ဆန်က ဒီအဖွဲ့ဟာ မြန်မာအစိုးရလုပ်ရပ်တွေကို ဖုံးဖိကာကွယ်ပေးမယ့် အဖွဲ့လို့ အပြင်းအထန်ဝေဖန်ပြီး ရုတ်တရက် နုတ်ထွက်သွားတဲ့အတွက် ဒီအဖွဲ့အပေါ် ဘယ်လောက်ထိ ယုံကြည်လို့ရမလဲဆိုတဲ့ မေးခွန်းတွေ ထွက်လာတာပါ။

ဒါကြောင့်လည်း ဒေါက်တာဆူရာကီယတ်အနေနဲ့ သူဦးဆောင်တဲ့အဖွဲ့ရဲ့ ဂုဏ်သိက္ခာကို ကာကွယ် ပြောဆိုလာရတာဖြစ်ပါတယ်။

“နိုင်ငံတကာက အဖွဲ့ဝင်လေးဦးနဲ့ ပြည်တွင်းက အဖွဲ့ဝင်ငါးဦးတို့ဟာ သိပ်ကိုအားကောင်းတဲ့ လူမှုဝန်းကျင် အထောက် အကူပြုစွမ်းအင် ရှိထားသူတွေလို့ ကျနော်ယူဆပါတယ်။ ကျနော်တို့မှာ အတွေ့အကြုံအများကြီးရှိပြီး ဒီအတွေ့အကြုံတွေကနေ ကျနော်တို့အစွမ်းရှိသလောက် အသုံးဝင်မယ့်အကြံဉာဏ်တွေ ပေးသွားမှာပါ။ ကျနော်တို့ဟာ အကောင်အထည်ဖော်မယ့်သူတွေ၊ လုပ်ဆောင်မယ့်သူတွေ မဟုတ်ပါဘူး။ ကျနော်တို့က အကြံပေးပုဂ္ဂိုလ်တွေပါ။ တတ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် ကျနော်တို့ လုပ်ဆောင်ပါမယ်။ မတူကွဲပြားတဲ့ သဘောထားအမြင်တွေကို နားထောင်သွားမှာဖြစ်ပါတယ်။”

ရခိုင်ပြည်နယ်က လူနည်းစုမွတ်ဆလင်တွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်ထားတယ်ဆိုပြီး အထူးသဖြင့် မြန်မာ့ တပ်မတော်ကို နိုင်ငံတကာက ပြစ်တင်ဝေဖန်ထားသလို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာလည်း ဒီအရေး ကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းဖို့ ပျက်ကွက်တယ်ဆိုပြီး ဝေဖန်ခံနေရတာပါ။

ရခိုင်အရေးနဲ့ပတ်သက်ရင် နိုင်ငံတကာမှာသာမက ဒေသတွင်းမှာတောင် သဘောထားအမြင်တွေ မတူကြဘူးဆိုတာကို ဒေါက်တာဆူရာကီယတ်က အသိအမှတ်ပြု ပြောဆိုပါတယ်။

“မြန်မာနိုင်ငံမှာ ပြောဆိုနေတာက မတူပါဘူး။ အနောက်နိုင်ငံတွေ ပြောတာကလည်း တမျိုးပါ။ အာဆီယံအဖွဲ့ဝင် နိုင်ငံ တွေကြားထဲမှာတောင် မတူကြပါဘူး။ အဲဒီအပြောတွေနောက်ကို ကျနော်တို့ လိုက်နေမှာမဟုတ်ပါဘူး။”

မစ္စတာရစ်ချတ်ဆန်က သူနုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့တဲ့ အခြေအနေတွေထဲ ရခိုင်ပြည်နယ်မှာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ နယ်မြေ ရှင်းလင်း စစ်ဆင်ရေးတွေအကြောင်း သတင်းလိုက်ရင်းနဲ့ အစိုးရလျှို့ဝှက်ချက် အက်ဥပဒေကို ချိုးဖောက်တယ်ဆိုပြီး အဖမ်းခံ ထားရတဲ့ ရိုက်တာသတင်းထောက်နှစ်ယောက်ကိစ္စ ပြောဆိုခွင့်မရတာကို အချက်တခုအဖြစ် ပြောထားပါတယ်။

ဒေါက်တာဆူရာကီယတ်ကတော့ သူကိုယ်တိုင်လည်း ဒီသတင်းထောက်တွေကိစ္စ ပြောဆိုတာတွေရှိတယ်လို့ ဆိုပါတယ်။

“ဒီကိစ္စဟာ အကြံပေးအဖွဲ့ရဲ့ လုပ်ပိုင်ခွင့်ထဲမှာမပါပေမဲ့လည်း ကျနော် ပြောဆိုဖူးပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ဒီကိစ္စဟာ ကျနော်တို့နဲ့လည်းဆိုင်တဲ့ သတင်းမီဒီယာတွေကို ခွင့်ပြုဖို့ဆိုတာနဲ့ ဆက်စပ်နေလို့ပါ။ ကိုဖီ အာနန်အစီရင်ခံစာထဲမှာ ဒါကိုရှင်းရှင်းလင်းလင်းဖော်ပြထားပြီး ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနဲ့ ကျနော်ပြောဖူးပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစု ကြည်နဲ့လည်း အစည်းအဝေးကြီးအတွင်းမှာ မဟုတ်ပေမယ့် ပြောဖူးပါတယ်။ ဒီအမှုကို ဥပဒေ လုပ်ထုံးလုပ်နည်းတွေ၊ ရာဇဝတ်မှု တရားစီရင်ရေး လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ကိုင်တွယ်မယ်ဆိုတာ ကျနော်တို့ကို ထပ်ခါတလဲလဲ အာမခံ ပြောဆိုထားပါတယ်။”

ဒီအကြံပေးအဖွဲ့ဟာ ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်ထားတာတွေကို ဖုံးဖိကာကွယ်ပြီး အစိုးရကို ချီးမြှောက်ပြောဆိုမယ့်အဖွဲ့ ဖြစ်တယ် ဆိုပြီး သူနုတ်ထွက်တဲ့အချိန်မှာ မစ္စတာရစ်ချတ်ဆန်က ဝေဖန် ပြောဆိုခဲ့ပါတယ်။ ဒီလိုပြောဆိုတာမျိုးဟာ အကျိုးမရှိဘဲ ထိခိုက်မှု သာ ဖြစ်စေပါမယ်လို့ ဒေါက်တာဆူရာကီယတ်က တုန့်ပြန်ပါတယ်။

“ရခိုင်ပြည်နယ် ငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုးတက်လာအောင် ကြိုးစားဖို့ဆိုတဲ့ ရည်မှန်းချက်မျိုး အုပ်ချုပ်ရေးမှူး ရစ်ချတ်ဆန်ဆီမှာ ရှိနေတုန်းပဲလို့ ကျနော်ယုံကြည်ဆဲဖြစ်ပြီး အဲဒီလိုယုံကြည်ချင်ပါတယ်။ ဒါပေမဲ့ အကြံပေးအဖွဲ့ကို စွပ်စွဲပြီး ထိပ်တန်းသတင်း ဖြစ်အောင်လုပ်ဖို့ သူ ဆုံးဖြတ်ခဲ့တာကတော့ သိပ်ကို အကြောင်းမလှတာပါပဲ။ ဒီလိုလုပ်တာက ထိခိုက်နစ်နာဖို့ပဲရှိပါတယ်။

မစ္စတာရစ်ချတ်ဆန် နုတ်ထွက်သွားပြီးတဲ့နောက် အကြံပေးအဖွဲ့ထဲမှာ အဖွဲ့ဝင်ကိုးဦးကျန်ပြီး လစ်လပ်သွားတဲ့ အဖွဲ့ဝင်တနေရာမှာ ပြန်ဖြည့်မလားဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။ ဒီအဖွဲ့ကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့မှာ သမ္မတ ဦးထင်ကျော်က အမိန့်ထုတ်ပြန်ပြီး ဖွဲ့စည်းထားတာပါ။

Your browser doesn’t support HTML5

ရခိုင်အကြံပေးအဖွဲ့အပေါ် ယုံကြည်မှုရှိဖို့ Surakiart ပြောကြား