နိုင်ငံတော် တရားရုံးချုပ် တရားသူကြီးအသစ်အဖြစ် Brett Kavanaugh ရဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနားကို သမ္မတအိမ်ဖြူတော်ရဲ့ အရှေ့ဘက် ခန်းမဆောင်မှာ ဒေသစံတော်ချိန် တနင်္လာနေ့ ညနေက သမ္မတ Donald Trump ကိုယ်တိုင် ကြီးမှူးကျင်းပခဲ့ပါတယ်။
Brett Kavanaugh ဟာ အမေရိကန်ပြည်ထောင်စုရဲ့ ၁၁၄ ယောက်မြောက် နိုင်ငံတော် တရားရုံးချုပ် တရားသူကြီး ဖြစ်ပါတယ်။ အခမ်းအနားမှာ Brett Kavanaugh ကျမ်းသစ္စာ မကျိန်ဆိုခင် သမ္မတ Trump က မိန့်ခွန်းပြောကြားရာမှာတော့ Kavanaugh ဟာ အပြစ်မရှိကြောင်း သက်သေပြခဲ့တယ်လို့ ပြောပါတယ်။ Kavanaugh ဟာ ဆယ်ကျော်သက်အရွယ်က လိင်မှုဆိုင်ရာ အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခဲ့သူ ၃ ဦးရှိခဲ့တာကြောင့် သူ့အတွက် အတည်ပြုရေး မဲခွဲဖို့ ရွှေ့ဆိုင်းခဲ့ရသလို FBI ရဲ့ စစ်ဆေးမှုတွေကိုပါ ခံခဲ့ရတာပါ။
အခုလို ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနား မတိုင်ခင်နာရီပိုင်းအလိုမှာပဲ သမ္မတ Trump က ဒီမိုကရက်တစ် ပါတီဝင်တွေဟာ Kavanaugh ကို နိုင်ငံတော် တရားရုံးချုပ် တရားသူကြီး ဖြစ်မလာအောင် လုပ်ဖို့ ကြံစည်ခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။
Brett Kavanaugh ကို အထက်လွှတ်တော် တရားရေးကော်မတီက ထောက်ခံမဲ ၅၀ ကန့်ကွက်မဲ ၄၈ မဲနဲ့ စနေနေ့က အတည်ပြုခဲ့တာ ဖြစ်ပြီး အဲဒီနေ့မှာပဲ လွှတ်တော်မှာ တရားရုံးချုပ် တရားသူကြီးအသစ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့တာပါ။ ရီပတ်ပလီကန်ပါတင်ဝင်အားလုံးနဲ့ ဒီမိုကရက်တစ်ပါတီဝင်တဦးက သူ့ကိုထောက်ခံမဲပေးခဲ့တာဖြစ်ပါတယ်။
တရားရုံးချုပ် တရားသူကြီးတဦးဖြစ်သူ Anthony Kennedy အနားယူသွားပြီးတဲ့နောက် လစ်လပ်သွားတဲ့နေရာအတွက် Brett Kavanugh ကို အစားထိုးခန့်ခဲ့တာ ဖြစ်ပါတယ်။ တရားရုံးချုပ်မှာ တရားသူကြီး ကိုးဦးရှိပြီး အခု ကွန်ဆာဗေးတစ် အယူဝါဒဘက်ယိမ်းတဲ့ တရားသူကြီး အရေအတွက် ၅ ဦးဖြစ်ပြီး အများစုဖြစ်သွားတာပါ။ ဒီတရားသူကြီး ၉ ဦးဟာ အနားယူတဲ့ထိ ဒါမှမဟုတ် ကွယ်လွန်တဲ့ထိ ရာသက်ပန် တာဝန်ထမ်းဆောင်ခွင့်ရှိပါတယ်။
Brett Kavanaugh ကို နိုင်ငံတော် တရားရုံးချုပ် တရားသူကြီး အဖြစ်ရွေးချယ်နိုင်မှုဟာ ရီပတ်ဘလစ်ကင်တွေ လွှမ်းမိုးထားတဲ့ လွှတ်တော်အတွက် ကြားဖြတ်ရွေးကောက်ပွဲမှာ သူတို့ကို ထောက်ခံသူတွေအတွက် အင်အားတရပ်ဖြစ်လိမ့်မယ်လို့ သမ္မတ Trump နဲ့ ရီပတ်ဘလစ်ကင် ပါတီဝင်တွေက ယုံကြည်ကြတာပါ။ အသက် ၅၃ နှစ်အရွယ် တရားသူကြီး Brett Kavanaugh ကို နိုင်ငံတော် တရားရုံးချုပ် တရားသူကြီးအဖြစ် အတည်ပြုခန့်အပ်ရေးကိစ္စဟာ အမေရိကန်သမိုင်းမှာ အခြေအတင်အဖြစ်ဆုံး ကိစ္စရပ်တခုဖြစ်ပါတယ်။
Your browser doesn’t support HTML5