သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Kavanaugh တရားရုံးချုပ် တရားသူကြီးအဖြစ် ကျမ်းကျိန်


အထက်လွှတ်တော် တရားရေးကော်မတီရှေ့ ထွက်ဆိုပွဲတွင် တွေ့ရသည့် Brett Kavanaugh ။ စက်တင်ဘာ ၂၇၊ ၂၀၁၈။
အထက်လွှတ်တော် တရားရေးကော်မတီရှေ့ ထွက်ဆိုပွဲတွင် တွေ့ရသည့် Brett Kavanaugh ။ စက်တင်ဘာ ၂၇၊ ၂၀၁၈။

Brett Kavanaugh ဟာ အမေရိကန် တရားရုံးချုပ်၊ တရားသူကြီးတဦးအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီး သွားပါပြီ။ စနေနေ့ ညနေပိုင်း က အထက်လွှတ်တော်မှာ မဲခွဲအတည်ပြုပေးပြီးတဲ့နောက် တရက်ထဲ မှာပဲ ကျမ်းသစ္စာကျိန်ဆို ခန့်အပ်လိုက်တာပါ။

သူ့ကိုခန့်အပ်ရေး အတည်ပြုဖို့ကိစ္စမှာ လိင်ပိုင်းဆိုင်ရာ မတော်မတရား လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲ ချက်တွေ၊ သူ့ရဲ့ ပြောဆို ပြုမူပုံနဲ့ စရိုက်လက္ခဏာအပေါ် ဝေဖန် ထိုးနှက်တာတွေကြောင့် သီတင်းပတ် အတော်ကြာ အခြေအတင်ဖြစ်ခဲ့ပြီးတဲ့နောက်မှာမှ အခုလို မဲခွဲဆုံးဖြတ်နိုင်တာပါ။

အထက်လွှတ်တော်က ထောက်ခံမဲ ၅၀၊ ကန့်ကွက်မဲ ၄၈ မဲနဲ့ အတည်ပြုပေးလိုက်တာဖြစ်ပြီး ရီပတ် ဘလီကန်အမတ် ၅၁ ယောက် ထဲမှာ အလာစကားပြည်နယ် အထက်လွှတ်တော်အမတ် Lisa Murkowski က ထောက်ခံမဲ ဒါမှမဟုတ် ကန့်ကွက်မဲမပေးဘဲ တက်ရောက်တယ်လို့ပဲ မှတ်တမ်း တင်ပြီး မွန်တေးနားပြည်နယ်အမတ် Steve Daines က သမီးဖြစ်သူ မင်္ဂလာပွဲရှိတာကြောင့် မဲပေး ပွဲကို မတက်နိုင်ပါဘူး။ ဒါပေမဲ့ ဒီမိုကရက်ဘက်က တဦးတည်းသော ထောက်ခံမဲပေးသူ Joe Manchin ရဲ့မဲကြောင့် စုစုပေါင်း ထောက်ခံမဲ ၅၀ ရသွားတာပါ။

ဒီမိုကရက်အမတ်တွေထဲမှာ Joe Manchin ကလွဲလို့ ကျန်တဲ့အမတ် ၄၈ ဦးလုံးက ကန့်ကွက်မဲ ပးကြပါတယ်။

မစ္စတာ Kavanaugh ကို ခန့်အပ်ဖို့ကိစ္စ ကန့်ကွက်ကြတဲ့ ဆန္ဒပြသူတွေက အထက်လွှတ်တော် အမတ်တွေကို ထိပ်တိုက်ရင်ဆိုင် ပြောဆိုတာတွေရှိပြီး ဆန္ဒပြသူ ရာနဲ့ချီပြီး အဖမ်းခံရပါတယ်။

မစ္စတာ Kavanaugh ကို တရားရုံးချုပ် တရားသူကြီးအဖြစ် အမြန်ဆုံး ကျမ်းကျိန်ခန့်အပ်မယ်လို့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က Twitter မှာရေးပြီး “သိပ်ကို စိတ်လှုပ်ရှားစရာပါပဲ” လို့လည်း ဆိုပါတယ်။

တရားရုံးချုပ် တရားသူကြီးတွေဟာ အနားယူတဲ့အထိ ဒါမှမဟုတ် ကွယ်လွန်ချိန်အထိ ဘဝ တသက်တာ လုပ်သွားခွင့်ရှိတာကြောင့် အသက် ၅၃ နှစ်အရွယ် Brett Kavanaugh ဟာ ဆယ်စုနှစ်ပေါင်းများစွာ တရားရုံးချုပ် တရားသူကြီးအဖြစ် ထမ်းဆောင်နိုင်ခြေ ရှိနေပါတယ်။

စုစုပေါင်း တရားသူကြီး ၉ ဦးရှိတဲ့ တရားရုံးချုပ်မှာ အခုဆိုရင် ကွန်ဆာဗေးတစ် အယူဝါဒဘက် ယိမ်း သူ တရားသူကြီး ၅ ဦးအထိ ရှိသွားပြီဖြစ်တာကြောင့် အများစုအရေအတွက် ရသွားပြီဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG