Space X ကုမ္ပဏီ အာကာသကို အကြီးဆုံး ဒုံးပျံလွှတ်တင်

SpaceX အာကာသ စူးစမ်းရေး ဆိုင်ရာ ပုဂ္ဂလိက ကုမ္ပဏီက ကမ္ဘာနဲ့ အင်္ဂါဂြိုဟ် ပတ်လမ်းထဲကို လွှတ်တင်မယ့် သူ့ရဲ့ အကြီးဆုံး Falcon Heavy ဒုံးပျံထဲမှာ ချယ်ရီနီရောင် Tesla Roadster ကားကို ထည့်သွင်းပြီး အင်္ဂါနေ့မှာ ပစ်လွှတ်ခဲ့ပါတယ်။

ဒီဒုံးပျံကို ဖလော်ရီဒါပြည်နယ် Kennedy အာကာသလေ့လာရေးစခန်းကနေ ၁၉၆၉ ခုနှစ်တုန်းက NASA က လွှတ်တင်တဲ့ ပထမဆုံး လူသားလိုက်ပါတဲ့ လသွားယာဉ် Apollo 11 ကို လွှတ်တင်တဲ့ နေရာကနေ လွှတ်တင်ခဲ့တာ ဖြစ်ပါတယ်။

အလေးချိန် ကီလိုဂရမ် ၂ သန်းကျော်ကို သယ်ဆောင်ပြီး အာကာသထဲ ပစ်လွှတ်နိုင်ဖို့ ဒီဒုံးပျံမှာ အရှိန်မြှင့်စက် ၃ လုံးနဲ့ အင်ဂျင် ၂၇ လုံး တပ်ဆင်ထားပါတယ်။ ဒီဒုံးပျံ လမ်းမှာ တစုံတရာ မဖြစ်ရင် ဒါဟာ ဒုံးပျံတွေထဲမှာ အကောင်းဆုံးဖြစ်လာဖို့ရှိသလို လ ကို အာကာသ ယာဉ်မှုးတွေ တင်ဆောင်တဲ့ NASA ရဲ့ Saturn 5 ထက် သာသွားမှာ ဖြစ်ပါတယ်။

Falcon Heavy ကို လ ဒါမှမဟုတ် အင်္ဂါဂြိုဟ်ကို လူသားတွေ တင်လွှတ်ဖို့ စပြီးပုံစံထုတ်ခဲ့တာ ဖြစ်ပေမယ့် အခုတော့ နက်ရှိုင်းတဲ့ အာကာသ ဟင်းလင်းပြင်ထဲ စူးစမ်းရေးပစ္စည်းတွေ တင်လွှတ်မယ့် ယာဉ်အဖြစ်သုံးဖို့ စဉ်းစားနေပြီလို့ Tesla ကားတွေ ထုတ်လုပ်နေသူ SpaceX ကုမ္ပဏီက အမှုဆောင် အရာရှိချုပ် Elon Musk က ပြောပါတယ်။

မဆုံးနိုင်တဲ့ အာကာသထဲ ကားမောင်းပြီး သွားကြည့်ချင်သလို လာမယ့် နှစ်သန်းပေါင်း အတော်ကြာမှာ ဂြိုဟ်သားတွေနဲ့ တွေ့ဖို့ စိတ်ကူးရတာကို သူနှစ်သက်ကြောင်း Musk ကပြောကြားခဲ့ပါတယ်။

Your browser doesn’t support HTML5

Space X ကုမ္ပဏီ အာကာသကို အကြီးဆုံး ဒုံးပျံလွှတ်တင်