တရုတ်နိုင်ငံရဲ့ အချိန်အကြာဆုံးနဲ့ ရည်မှန်းချက် အကြီးမားဆုံး အာကာသ စူးစမ်းလေ့လာရေး အစီအစဉ်တခုအတွက် အာကာသယာဉ်မှူး နှစ်ဦး ဒီကနေ့ပဲ အာကာသထဲ ထွက်ခွာသွားပါပြီ။
အာကာသယာဉ်မှူးတွေဖြစ်ကြတဲ့ ဂျင်းဟန်ပန်းနဲ့ ချန်ဒေါင်း တို့ကို ဂိုဘီ - သဲကန္တာရမှာရှိတဲ့- ဂျင်းဂျန် ဂြိုလ်တု လွှတ်တင်တဲ့ နေရာကနေ ရှန်ဂျိုး - ၁၁ အာကာသ ယာဉ်နဲ့ အာကာသထဲကို လွှတ်တင်လိုက်တာဖြစ်ပါတယ်။ Jing နဲ့ Chen တို့ဟာ ကမ္ဘာပတ်လမ်းကြောင်းထဲမှာ နှစ်ရက်ကြာ သွားပြီးတဲ့နောက် ပြီးခဲ့တဲ့လက လွှတ်တင်ထားတဲ့ ထျန်းကုန်း- ၂ (ဒါမှမဟုတ်) ကောင်းကင်ဘုံ ၂ လို့ခေါ်တဲ့ အာကာသ ဓာတ်ခွဲခန်းကို ကြိုတင်စီစဉ်ထားတဲ့အတိုင်း ရောက်သွားမှာပါ။
သူတို့နှစ်ယောက်ဟာ ထျန်းကုန်း ၂ အာကာသ ဓာတ်ခွဲခန်းထဲမှာ သိပ္ပံနဲ့ အာကာသယာဉ်ဆိုင်ရာ နည်းပညာတွေကို ရက်ပေါင်း ၃၀ ကြာ စူးစမ်းလေ့လာကြာမှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ အာကာသ ယာဉ်မှူးတွေ နေထိုင်လုပ်ကိုင်မယ့် အာကာသစခန်းတခုကို ၂၀၂၂ ခုနှစ်မှာ အမြဲတမ်းထားသွားနိုင်ဖို့ ရည်မှန်း လုပ်ဆောင်နေတာပါ။
တရုတ်နိုင်ငံရဲ့ အာကာသဆိုင်ရာ အစီအစဉ်ကို အသုံးပြုပြီး ကမ္ဘာ့အင်အားကြီးနိုင်ငံတခုအဖြစ် တရုတ်ရဲ့ အဆင့်အတန်းကိုပြတဲ့ အမှတ်သင်္ကေတတခုဖြစ်လာရေး မျှော်မှန်းထားတဲ့ တရုတ်သမ္မတ ရှီ ကျင့်ဖျင်က အာကာသယာဉ်မှူးနှစ်ဦးကို ချီးကျူး ဂုဏ်ပြုစကား ပြောခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ အရင်တုန်းက အာကာသစူးစမ်းလေ့လာရေးခရီး ၅ ကြိမ် ပြုလုပ်ခဲ့ပြီး ၂၀၀၃ ခုနှစ်က Lunar အာကာသ စူးစမ်းလေ့လာရေး ယာဉ်ကို လပေါ်ကို အောင်မြင်စွာလွှတ်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။