ရှမ်းပြည် ဖယ်ခုံဒေသ စစ်ဒုက္ခသည်များ အရေးပေါ်အကူအညီ လိုအပ်

ရှမ်းပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံများ။

(Zawgyi / Unicode)

ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်မှာ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ဘေးလွတ်ရာကို ထွက်ပြေးနေကြရတဲ့ ဒေသခံတွေ အစားအသောက်၊ ဆေးဝါးနဲ့ အဝတ်အထည်တွေ အတော်လေး လိုအပ်နေကြပါတယ်။ စစ်ဘေးဒုက္ခသည်တွေကြား ကိုဗစ်ရောဂါ လက္ခဏာနဲ့ နေမကောင်းဖြစ်နေသူ အများအပြား ရှိနေကြပါတယ်။ တိုက်ပွဲဖြစ်ပွားတဲ့ ကျေးရွာတဝိုက်မှာလည်း စစ်တပ်တွေ တပ်စွဲထားတဲ့အတွက် စိုးရိမ်ကြောက်ရွံ့ပြီး နေရပ်မပြန်နိုင်ဘဲ ဖြစ်နေကြတာပါ။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်း မခင်ဖြူထွေး ပြောပြပါမယ်။

ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ကာကွယ်ရေးအဖွဲ့တွေကြား အောက်တိုဘာလကုန်ပိုင်းတည်းက စတင်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ကုန်ဆုံးကျေးရွာအုပ်စုနဲ့ ခေါင်းအိကျေးရွာအုပ်စုက ထောင်နဲ့ချီတဲ့ ဒေသခံတွေ နီးစပ်ရာ ကျေးရွာတွေမှာ ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။ ဒေသခံတွေဟာ နီးစပ်ရာ ဆွေမျိုးအိမ်နဲ့ နည်းနည်းလုံခြုံစိတ်ချရတဲ့ ကျေးရွာတွေက စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းတွေမှာ အဆင်ပြေသလို နေထိုင်ကြရပါတယ်။ ဆောင်းတွင်းဝင်လာတာနဲ့အမျှ ရာသီဥတုက အေးလာတဲ့အတွက် အစားအသောက် ဆေးဝါးအပြင် စောင်နဲ့ အနွေးထည်တွေလည်း လိုအပ်နေတယ်လို့ ထွက်ပြေးတိမ်းရှောင်နေကြသူတွေက ပြောပါတယ်။ ဒုက္ခသည်တွေ အခြေအနေနဲ့ ပတ်သက်လို့ ထွက်ပြေး တိမ်းရှောင်နေရသူ ကသဲရွာခံတဦးက ဗွီအိုအေကို အခုလိုပြောပါတယ်။

"အရင်ရက်ပိုင်းက ရာသီတုပ်ကွေးများတော့ ဖျားနာတာများတယ်၊ တော်တော်များပါတယ်၊ တရွာဆိုရင် အနည်းဆုံး ၁၀ ယောက် ၁၅ ယောက် ဖျားကြပါတယ်။ တအား ပြင်းပြင်းထန်ထန်တော့ မဟုတ်ဘူး၊ ပုံမှန်လောက်ပါပဲ။ ပြင်းထန်တာက ၂ ယောက် ၃ ယောက် အဲ့လောက်ပါ။ အခု ဒီလတ်တလောတော့ အဆင်ပြေသေးတယ်။ နောက်တပတ် နှစ်ပတ်ဆိုတော့ အဆင်မပြေလောက်တော့ဘူး ထင်တယ်။ စားသောက်ရေးတို့ ဘာတို့ ဖြစ်သလိုပဲ စားသောက်နေရတာပေါ့။ အဖက်ဖက် လိုအပ်တာပေါ့။ နောက်ပြီး ဆောင်းတွင်းလည်း ဝင်ပြီဆိုတော့ စောင်တွေ ဘာတွေ အနွေးထည်တို့လည်း ပိုပိုလိုမယ်။"

SEE ALSO: ဖယ်ခုံမှာ စစ်တပ်နဲ့ ဒေသခံကာကွယ်ရေးအဖွဲ့ကြား သုံးရက်ဆက် တိုက်ပွဲဖြစ်နေ

စစ်ဘေးဒုက္ခသည်တွေအတွက် စားသောက်ကုန်နဲ့ စောင်၊ အင်္ကျီအဝတ်အစားတွေကို ဖယ်ခုံနဲ့ လွိုင်ကော်ဘက်က ပရဟိတအဖွဲ့တွေက နှစ်ကြိမ်လောက် လာရောက် လှူဒါန်းပေးထားတယ်လို့ ပြောပါတယ်။ ဒါပေမယ့် ရေရှည်အတွက် အများကြီး လိုအပ်ချက် ရှိသေးတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်နေ့တုန်းက ဖယ်ခုံမြို့အခြေစိုက် စစ်ကောင်စီရဲ့ ကင်းစခန်းတခုကို ဖယ်ခုံ PDF က တိုက်ခိုက်ခဲ့ရာကစပြီး ဖယ်ခုံမြို့နယ်ဘက်မှာ တိုက်ပွဲတွေ ဖြစ်နေတာပါ။ ခေါင်းအိကျေးရွာအုပ်စုမှာဆိုရင် နိုဝင်ဘာ ၂ ရက်နေ့ကစပြီး နိုဝင်ဘာ ၇ ရက် မနေ့ကထိ နေ့စဉ်ရက်ဆက် တိုက်ပွဲတွေ ဖြစ်နေပါတယ်။

လွယ်ပသာရွာ၊ ပူချယ်ရွာ၊ ကုန်ဆုံရွာနဲ့ လုံကာရွာတွေနားမှာ စစ်တပ်လှုပ်ရှားမှုတွေ ပစ်ခတ်မှုတွေ ရှိနေတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာကို ကြောက်ရွံ့ပြီး ထွက်ပြေးနေကြတာပါ။ လွယ်ပသာရွာဘက် လောလောဆယ် တိုက်ခိုက်မှုတွေ မရှိဘဲ ငြိမ်နေတာကြောင့် ဒေသခံတချို့ ပြန်လာကြပါတယ်။ ဒါပေမယ့် ဒေသခံတွေက အလုပ်အကိုင်မရှိလို့ စားသောက်ရေး အခက်အခဲဖြစ်လို့ ထမင်းနပ်မှန်အောင် မစားနိုင်ဘူးလို့ လွယ်ပသာရွာသားတဦးက ပြောပါတယ်။ ချောင်းဆိုး ဖျားနာတဲ့သူတွေ များလာပြီး တရွာလုံးနီးပါး ကိုဗစ်လက္ခဏာလိုမျိုး ဖြစ်နေကြတာလို့ အခုလိုပြောပါတယ်။

"ရွာတိုင်းဆိုလည်း ကိုဗစ်ကြောင့် အဲ့လိုမျိုး Lockdown ချတာရှိတယ်။ ထွက်ပြေးတဲ့ နေရာတိုင်းလည်း အဲ့လိုမျိုး အဆင်မပြေတာရှိတယ်ဗျ။ အခု ကိုဗစ်၊ ရွာဘက်မှာ ကိုဗစ်တော့ မရှိဘူးဗျ။ ဟိုဥစ္စာတော့ ဘယ်လိုပြောမလဲ ရာသီတုပ်ကွေးလောက်ပဲဗျ။ တရွာလုံးလိုလို အဲ့လိုမျိုးဖြစ်တယ်ဗျ၊ အဲ့လိုမျိုး ကိုဗစ်ရဲ့ သံသယနဲ့ နည်းနည်းဆင်တယ်ဗျ။ အစားအသောက်လည်း အဲ့လိုမျိုးဖြစ်၊ တခါတလေဆိုတော့ အနံ့ပျောက်လာတယ်ဗျ။ အဲ့လိုမျိုးဖြစ်နေတယ်၊ ချောင်းလည်းဆိုးတယ်ဗျ။"

ဒီလိုအခြေအနေတွေ ဖြစ်နေပေမယ့် ကိုဗစ်ကပ်ရောဂါ ဖြစ်မဖြစ် စစ်ဆေးနိုင်တဲ့ အခြေအနေလည်း မရှိကြဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ဆေးဝါးအလုံအလောက် မရှိတာကြောင့် ဒေသခံတွေဟာ နေမကောင်းဖြစ်ရင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲ ကုသနေကြရပါတယ်။ စစ်ဘေးလွတ်ရာ ထွက်ပြေးနေကြရတဲ့ ဒုက္ခသည်အားလုံးက စစ်ပွဲတွေ အဆုံးသတ်ပြီး ကိုယ့်ရွာမှာ ငြိမ်းငြိမ်းချမ်းချမ်း ပြန်နေချင်တယ်လို့ ပြောနေကြပါတယ်။

Your browser doesn’t support HTML5

ရှမ်းပြည် ဖယ်ခုံဒေသ စစ်ဒုက္ခသည်များ အရေးပေါ်အကူအညီ လိုအပ်

---------------------

(Unicode)





SEE ALSO: ဖယ်ခုံ လွယ်ဝှဲကျေးရွာမှာ စစ်ကောင်စီနဲ့ဒေသခံ PDFs တွေ တိုက်ပွဲပြင်းထန်




