ရှမ်းပြည်ညီညွတ်ရေးကော်မတီ(CSSU) ရဲ့ ညီလာခံကို ရန်ကုန်မြို့မှာ ၃ ရက်တာ ကျင်းပဖို့ ရည်ရွယ်ထားပေမဲ့ စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့နဲ့ အာဏာပိုင်တွေရဲ့ တားမြစ်ချက်ကြောင့် ညီလာခံရပ်နားလိုက်ပြီး ဒီကနေ့ ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ် SNLDရုံးမှာ အလွတ်သဘော ဆက်လက်ဆွေးနွေးကြပါတယ်။ ဒီနေ့ ဆွေးနွေးချက်တွေမှာတော့ ပြည်တွင်းငြိမ်းချမ်းရေးကို အဓိက ဆွေးနွေးခဲ့ပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက်ကိုမိုးဇော်က တင်ပြထားပါတယ်။
ရှမ်းနိုင်ငံရေးပါတီ၊ လက်နက်ကိုင်အဖွဲ့နဲ့ လူထုအခြေပြုအဖွဲ့အစည်း ၈ခု ပါဝင် ဖွဲ့စည်းထားတဲ့ ရှမ်းပြည်ညီညွတ်ရေးကော်မတီ ရဲ့ နှစ်ပတ်လည် အစည်းအဝေးကို ဒီလ ၃ရက်ကနေ ၅ရက်နေ့အထိ ကျင်းပဖို့ ရည်ရွယ်ထားပေမဲ့ ပထမနေ့ အစည်းအဝေးပြီးဆုံးချိန်မှာ စစ်ဘက်ဆိုင်ရာလုံခြုံရေးအဖွဲ့နဲ့ အာဏာပိုင်တွေက တားမြစ်ခဲ့တာကြောင့် အစည်းအဝေးကို ရပ်ဆိုင်းလိုက်ပါတယ်။
ဒီလို ရပ်နားခဲ့ရတဲ့အကြောင်းကို ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ SNLD ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောဆိုပါတယ်။
" အစည်းအဝေးကို သုံးရက် လုပ်ဖို့ ကျနော်တို့ စီစဉ်ထားပါတယ်။ ဒါပေမဲ့ Micasa မှာ လုပ်နေတုန်းပဲ စရခ ကနေပြီးတော့မှ ကျနော်တို့အစည်းအဝေးထဲကို ဝင်ခွင့်တောင်းတယ်။ ကျနော်တို့ ဝင်ခွင့်မပေးဘူး။ ဝင်ခွင့်မပေးတဲ့ အတွက်ကြောင့်မို့လို့ သူတို့က ဟိုတယ်ရဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေကို သွားပြီး ဖိအားပေးပါတယ်။ ခွင့်ပြုချက်မရှိပဲ အစည်းအဝေး လုပ်တယ်ဆိုပြီးတော့ ကျေျနာ်တို့ကို အစည်းအဝေး ရပ်နားဖို့ တောင်းဆိုတယ်။ အဲ့ဒီ့တော့ ခင်ဗျားတို့ ပိတ်မယ်ဆိုရင် စာရေးပေးပါလို့ ပြောတယ်။ စာရေးမပေးဘူး။ မရေးပေးတဲ့အတွက် ကျနော်တို့လည်း မနားဘူးပေါ့နော်။"
အစည်းအဝေးရပ်နားပြီးချိန်မှာ အနောက်ပိုင်း ခရိုင်အုပ်ချုပ်ရေးရုံးမှာ အစည်းအဝေး ဆက်လက်ကျင်းပဖို့ စာတင်ခိုင်းခဲ့ကြောင်း၊ အနောက်ပိုင်းခရိုင် အုပ်ချုပ်ရေးရုံး စာတင်ရာမှာ ရပ်ကွက်နဲ့ ရဲစခန်းထောက်ခံစာလိုအပ်ကြောင်းနဲ့ ဒီလို တောင်းဆို တာကလည်း ညွှန်ကြားချက်အရ တောင်းဆိုတာဖြစ်ကြောင်း အကြောင်းပြန်ခဲ့ တယ်လို့ ဦးစိုင်းလိတ်ကပြောပါတယ်။
ရှမ်းပြည်ညီညွတ်ရေးကောင်စီ အစည်းအဝေးကို Summit Parkview ဟိုတယ်မှာ ဆက်လက် ကျင်းပဖို့ ပြင်ဆင်ရာမှာတော့ ဟိုတယ်မန်နေဂျာကို ဖိအားပေးတာကြောင့် အစည်းအဝေးကို ရပ်ဆိုင်းခဲ့ရတယ်လို့ ပြောပါတယ်။
" အဲ့တော့ ခင်ဗျားတို့ ညွှန်ကြားချက်က ကျနော်တို့ နိုင်ငံရေးပါတီနဲ့ မပတ်သက်သလို ငြိမ်းချမ်းရေးဖော်ဆောင်နေတဲ့ ကျနော်တို့ မိတ်ဆွေ မဟာမိတ်အဖွဲ့အစည်းများနဲ့ ဘာမှ မပတ်သက်ဘူး။ ခင်ဗျားတို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ကိစ္စ ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ အဲ့တာကို ကျနော်တို့ လိုက်ပြီး တာဝန်ယူဆောင်ရွက်နိုင်စရာ အကြောင်းမရှိဘူး။ ဒါကြောင့်မို့လို့ Summit Parkviewမှာ အစည်းအဝေး ဆက်လုပ်မယ်လို့ ပြောပြီး ထွက်လာတယ်။ ဒါပေမဲ့ Summit Parkview ရောက်တော့ မန်နေဂျာက ကျနော်ကို ဖုန်းလှမ်းဆက်တယ်။ သူ့ကို မြို့နယ်အုပ်ချုပ်ရေးမှူးက ဖိအားပေးလို့ တကယ်လို့ ခွင့်ပြုချက် မတင်ပဲနဲ့ အစည်းအဝေး လုပ်မယ်ဆိုရင် သူတို့ဟိုတယ်ကို အရေးယူဖို့ရှိတယ်။ အဲ့တာကြောင့်မို့ သူ့အနေနဲ့ လက်မခံနိုင်ဘူးလို့ ဆိုတော့ ကျနော်တို့ အစည်းအဝေးကို ဒီကို ရွှေ့လိုက်ရတယ်။"
ဒီကနေ့ ရန်ကုန်မြို့မှာ ကျင်းပပြီးစီးခဲ့တဲ့ ရှမ်းပြည်ညီညွတ်ရေးကော်မတီ(CSSU)ရဲ့ အစည်းအဝေးဟာ ၅ကြိမ်မြောက်ဖြစ်ပြီး အရင်၄ကြိမ်ကတော့ ထိုင်းနဲ့ တရုတ်နိုင်ငံတွေမှာ ကျင်းပခဲ့ပါတယ်။ အဲဒီအချိန်တွေကတော့ အာဏာပိုင်တွေက တားဆီးကန့်ကွက်တာ မရှိကြောင်းလည်း ပြောပါတယ်။
ဒီကနေ့မှာတော့ ဆွေးနွေးဖို့ ကျန်ရှိနေတဲ့အချက်တွေကို ရှမ်းတိုင်းရင်းသား ဒီမိုကရေစီ အဖွဲ့ချုပ် SNLDရုံးမှာ ဆက်လက်ဆွေးနွေးခဲ့ပြီး အဓိက ဆွေးနွေးတာတွေ ကို ဦးစိုင်းလိတ်က အခုလို ပြောပါတယ်။
" အဓိက ကတော့ ကျနော်တို့က ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ဖို့ဆိုလို့ရှိရင် ဖွဲ့စည်းပုံအခြေခံဥပဒေ မပြုပြင်ပဲနဲ့ ဆက်လုပ်သွားလို့မရဘူး။ အဲ့တော့ ဥပဒေပြုပြင်ပြောင်းလဲနိုင်ဖို့အတွက် အဓိကကတော့ ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်ရမယ်။ အဲ့တာကြောင့်မို့လို့ NCA ရဲ့ အနှစ်သာရကို အခြေခံတဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ကျနော်တို့ CSSU အဖွဲ့နဲ့ တခြားသော အဖွဲ့အစည်းများ အကုန်လက်တွဲပြီးတော့ ပူးပေါင်းဆောင်ရွက်သွားဖို့ရှိတယ်။ နောက်တချက်က တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းကြားမှာ ရှိနေတဲ့ လက်နက်ကိုင်ပဋိပက္ခ ၊ တိုင်းရင်းသားအချင်းချင်းဖြစ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခ ကိစ္စတွေ အကုန်လုံးကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့တွေ့ဆုံ ဆွေးနွေးအဖြေရှာသွားဖို့ကို လုံးဝ အာသီသရှိတယ်။ အဲ့ဒီ့အပေါ်မှာပဲ ယုံကြည်စွာနဲ့ ဆက်လက်ရပ်တည်သွားဖို့ရှိတယ်။"
လတ်တလော ရှမ်းပြည်နယ်မြောက်ပိုင်းမှာဖြစ်ပွားနေတဲ့ TNLA ခေါ် ပလောင်တပ်နဲ့ RCSS/SSA တောင်ပိုင်း တပ်ဖွဲ့အကြား ပဋိပက္ခတွေကို တွေ့ဆုံဆွေးနွေးဖို့ ကြိုးစားနေကြောင်းလည်း RCSS/SSA တောင်ပိုင်းရဲ့ ပြောခွင့်ရသူ ဗိုလ်မှုးကြီး စိုင်းလှက သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောကြားခဲ့ပါတယ်။
" ဒီတိုက်ပွဲတွေကို ရပ်တန့်ဖို့လည်း ကျနော်တို့ရှိပါတယ်။ ရပ်တန့်အောင်လည်း ကျနော်တို့ကြိုးစားနေပါတယ်။ မကြာခင်ပိုင်းမှာ ကျနော်တို့ တိုက်ရိုက် ပဋိပက္ခဖြစ်နေတဲ့ ကျနော်တို့ နှစ်ဦးနှစ်ဘက် တိုက်ရိုက်တွေ့ဆုံပြီးတော့ ဒီကိစ္စကို ဖြေရှင်းဖို့အတွက် ကျနော်တို့ ကြိုးစားနေပါတယ်။"
ဒီနေ့ပြီးဆုံးသွားတဲ့ ရှမ်းပြည်ညီညွတ်ရေးကော်မတီ(CSSU)ရဲ့ ညီလာခံမှာ ရှမ်းပြည်အရှေ့ပိုင်းဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီကို အဖွဲ့ဝင်သစ်အဖြစ် အတည်ပြုလက်ခံခဲ့သလို နောက်ပိုင်းမှာ ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးအတွက် ကြိုးပမ်းသွားမှာဖြစ်ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။