ရှက်ကီယာ အခွန်ရှောင်မှုအတွက် ဒေါ်လာ ၇ သန်းကျော် ဒဏ်ကြေးပေး  

စပိန်နိုင်ငံ ဘာစီလိုနာမြို့ တရားရုံးကို အမှုရင်ဆိုင်ဖို့ရောက်လာတဲ့ ကိုလံဘီယာအဆိုတော် Shakira (နိုဝင်ဘာ ၂၀၊ ၂၀၂၃)

ကမ္ဘာကျော် ကိုလံဘီယာအဆိုတော် ရှက်ကီယာ (Shakira) ဟာ အခွန်ရှောင်မှုနဲ့ တရားစွဲခံထားရတာကို အမှုပြေလည်အောင် ရှင်းလိုက်နိုင်ပါပြီ။ စပိန်နိုင်ငံမှာ ၂၀၁၂ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ်ကြား ဝင်ငွေခွန် ဒေါ်လာ ၁၅.၇ သန်းပေးဆောင်ဖို့ ပျက်ကွက်တယ်ဆိုပြီး ဘာစီလိုနာမြို့တော်မှာ တရားရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ အခုတော့ သူက ပေးဆောင်ရမယ်ဆိုတဲ့ ငွေစုစုပေါင်းရဲ့ တဝက်ကျော် ဒေါ်လာ ၇.၃ သန်း ဒဏ်ကြေးဆောင်ပြီး သဘောတူညီမှု ရယူလိုက်ပါတယ်။ သူက ၃ နှစ် ထောင်ဒဏ်မကျခံပဲ ပေးဆောင်ရမယ့် နောက်ထပ် ဒဏ်ကြေး ဒေါ်လာ ၅ သိန်း နီးပါးလည်း ပေးလိုက်ရပါတယ်။ အရင်ကတော့ သူက အခွန်ရှောင်မှုက မတရားစွပ်စွဲမှုဖြစ်တယ်၊ အမှုပြေလည်သွားတဲ့အထိ မရရအောင် ပြန်ချေပမယ်လို့ ပြောထားတာပါ။ အခုသူ့မှာ နောက်ထပ် ဒီအခွန်ရှောင်မှုတခုတော့ ရှင်းဖို့ ကျန်ပါသေးတယ်။

သူမရှင်းနိုင်ရင် ထောင်ဒဏ် ၈ နှစ်အထိ ပြစ်ဒဏ်ချဖို့ အစိုးရရှေ့နေတွေ ပြင်ဆင်နေပါတယ်။ ရှက်ကီယာဟာ အခု အမှုရှင်းနေရတဲ့ နှစ်ကာလအပိုင်းအခြားမှာ တနှစ်တနှစ်ဆီတိုင်းမှာ နှစ်ဝက်ကျော်စီ စပိန််နိုင်ငံမှာ နေထိုင်ခဲ့တယ်၊ ဒါ့ကြောင့် စပိန်နိုင်ငံမှာ အမြဲနေထိုင်သူလို့ သတ်မှတ်လို့ရတယ်လို့ ရှေ့နေတွေဘက်က ပြောတာပါ။ ပြီးတော့ ၂၀၁၂ ခုနှစ် မေလက ဘာဆီလိုနားမြို့မှာ သူဝယ်ယူခဲ့တဲ့ အိမ်ကလည်း ပင်မနေထိုင်တဲ့ မိသားစုအိမ်အဖြစ် သတ်မှတ်နိုင်တယ်လို့ ပြောပါတယ်။

ရှက်ကီယာဟာ ဘာစီလိုနာကလပ်အသင်းမှာ ကစားတဲ့ ဥရောပနာမည်ကျော် ဘောလုံးသမား ဂျရတ်ပီကေးနဲ့ လက်ထပ်ပေါင်းသင်းခဲ့ပြီး ကလေး ၂ ယောက်ရပြီးမှ အိမ်ထောင်ကွဲသွားတာပါ။ သူက လတ်တလော နိုဝင်ဘာလ ၁၆ ရက်နေ့ကပဲ စပိန်နိုင်ငံ ဆဗေးလ်မြို့မှာ ကျင်းပတဲ့ လက်တင်ဂရမီဂီတချီးမြှင့်ပွဲမှာ ဆု ၂ ဆု ဆွတ်ခူးထားတာပါ။