မြန်မာနိုင်ငံက ကြီးထွားလာနေတဲ့ စီးပွားရေးပြဿနာတွေဟာ နိုင်ငံတကာအရေးယူမှုကြောင့် မဟုတ်ဘဲ (ဗိုလ်ချုပ်မှူးကြီး) မင်းအောင်လှိုင်ကြောင့် ဖြစ်လာတဲ့ “ပြည်တွင်းဖြစ်” ဖြစ်ပြီး အာဏာသိမ်းစစ်ကောင်စီကသာ တိုင်းပြည်ကို အကြီးဆုံး ပိတ်ဆို့ဒဏ်ခတ်နေသူဖြစ်ကာ တရုတ်လို နိုင်ငံမျိုးကတောင် စစ်ကောင်စီ ရေရှည်မခံတော့ဘူးဆိုတဲ့ ဆုံးဖြတ်ချက်ကို အလျင်အမြန်နဲ့ ချလာရတော့မယ်လို့ စီးပွားရေးပညာရှင် ပါမောက္ခ ရှောင်တာနယ်လ်က ပြောလိုက်ပါတယ်။ ကိုငြိမ်းချမ်းအေးက သီးသန့်တွေ့ဆုံမေးမြန်းထားချက် ဒုတိယပိုင်းကို ကြည့်ရှုနားဆင်နိုင်ပါတယ်။
ငြိမ်းချမ်းအေး (ဗွီအိုအေ) ။ ။ အခု ဒဏ်ခတ်ပိတ်ဆို့မှုတွေအကြောင်း ဆက်မေးချင်ပါတယ် ခင်ဗျာ။ အမေရိကန်၊ ဥရောပသမဂ္ဂ (EU) နဲ့ သြစတြေးလျအပါအဝင် နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုတွေက မြန်မာနိုင်ငံကအကြမ်းဖက်မှုတွေကို ထိရောက်အောင်မတားဆီးနိုင်ဘူးလို့ အများက ထောက်ပြကြပါတယ်။ ဒီအပေါ်မှာ ပါမောက္ခရှောင်တာနယ်လ် ဘယ်လို ရှုမြင်ပါသလဲ။ ဒဏ်ခတ်အရေးယူတွေက ဘယ်လောက်ထိ ထိရောက်နိုင်မလဲ။ နိုင်ငံတကာက ဘာတွေလုပ်နိုင်လဲ။
ပါမောက္ခ ရှောင်တာနယ်လ် (Sean Turnell) (စီးပွားရေး ပညာရှင်) ။ ။ ပိတ်ဆို့အရေးယူမှုနဲ့ ပတ်သက်လို့က ကျနော်တို့ သိပ်မျှော်လင့်ချက်ကြီးလို့ မရပါဘူး။ မြန်မာပြည်က ဖိနှိပ်ရက်စက်မှုတွေက အာဏာသိမ်း စစ်ကောင်စီချုပ်ငြိမ်းသွားမှပဲ အဆုံးသတ်နိုင်မယ်လို့ ထင်ပါတယ်။ နိုင်ငံတကာအသိုင်းအဝန်းက အဲဒါကို တိုက်ရိုက်လုပ်နိုင်ဖို့က အကန့်အသတ်တွေ ရှိပါတယ်။ ဒဏ်ခတ်ပိတ်ဆို့မှုတွေက အသုံးမဝင်ဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ ကျနော်ဆိုလိုချင်တာက ပိတ်ဆို့အရေးယူမှုတွေက စစ်အာဏာရှင်တွေရဲ့ စစ်တိုက်ခိုက်နိုင်မှုစွမ်းရည်ကို လျှော့ချဖို့ပဲလို့ မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ (ဗိုလ်ချုပ်မှူးကြီး) မင်းအောင်လှိုင်က သူ့ပုံရိပ်တွေ ဘာတွေ ဂရုမစိုက်ပါဘူး၊ စီးပွားရေးတွေ ဘာတွေလည်း ဂရုမစိုက်ပါဘူး။ အရင်က ခေါင်းဆောင်တွေ ဒဏ်ခတ်ပိတ်ဆို့မှုအပေါ် စဥ်းစားသလိုမျိုး ထုံးစံကိစ္စတွေကို သူက ဂရုမစိုက်ပါဘူး။ အစိုးရတရပ်က နိုင်ငံတကာမှာ နာမည်ကောင်း၊ ပုံရိပ်ကောင်းလိုချင်တာမျိုး၊ ဒါမှမဟုတ် စီးပွားရေးကောင်းလိုတာမျိုး၊ လူနေမှုအဆင့်အတန်း မြှင့်တင်လိုတာမျိုး ဆိုရင် တခါတလေမှာ ပိတ်ဆို့အရေးယူမှုတွေက အလုပ်ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီလို အခြေခံ လူတွေရဲ့လိုအပ်ချက် ကိစ္စမျိုးတွေတောင် သူက ဂရုစိုက်တာမဟုတ်ပါဘူး။ သူ ရှင်သန်ရပ်တည်နိုင်ဖို့ပဲ သူက အသည်းအသန် လုပ်နေတာပါ။
ဒါကြောင့် ဒဏ်ခတ်ပိတ်ဆို့မှုတွေအကြောင်းပြောတဲ့အခါ ကျနော့်အမြင်က နည်းနည်းတော့ ကွဲပြားပါတယ်။ အာဏာရှင်အစိုးရကို အရှက်ရစေပြီး သူတို့ရဲ့ အမူအကျင့်တွေကိုပြောင်းလဲဖို့ မဟုတ်ပါဘူး။ သူတို့က ဘယ်တော့မှ ပြောင်းလဲမှာမဟုတ်ဘူး။ ဒါကြောင့် ပိတ်ဆို့အရေးယူမှုတွေက သူတို့ရဲ့စွမ်းဆောင်ရည်ကို လျှော့ချဖို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျနော့်အမြင်အရ တကယ်လက်တွေ့ကျတဲ့ နည်းလမ်းက အဓိကအချက် နှစ်ချက် ရှိပါတယ်။ စစ်တပ်ရဲ့ လေယာဥ်ဆီ လောင်စာအရင်းအမြစ်ကို အထူးသဖြင့် ကန့်သတ်ထားဖို့က တချက်ပါ။ ဘာကြောင့်လဲဆိုတော့ သိတဲ့အတိုင်းပဲ အတိုက်အခံတွေအပေါ်မှာ အားသာနေတာတခုက လေကြောင်းကပဲလေ။ နောက်ဆက်နွှယ်နေတဲ့ ဒုတိယအချက်က စစ်ကောင်စီမှာ နိုင်ငံခြားငွေ အလွန်အမင်း ရှားပါးမှုအခက်အကြုံနေပါတယ်။ နိုင်ငံခြားငွေ၊ ခေတ်မီလက်နက်တွေနဲ့ ခဲယမ်းတွေဆိုတာက တခုနဲ့ တခု ဆက်စပ်နေပါတယ်။ ဒါကြောင့်မို့လို့ နိုင်ငံခြားငွေ ကန့်သတ်ဖို့ဆိုရင် ပိတ်ဆို့အရေးယူဖို့လိုတယ်လို့ ယူဆပါတယ်။ စစ်ကောင်စီအတွက် ဘဏ်စာရင်းတွေက အရန်ငွေတွေ အသုံးပြုနိုင်ခွင့်ကို ပိတ်ဆို့နိုင်ရင် တကယ့်ကို ဘဏ္ဍာရေးပိုင်းမှာ ဖိအားဖြစ်စေမှာပါ။
ငြိမ်းချမ်းအေး (ဗွီအိုအေ) ။ ။ အမေရိကန်လို နိုင်ငံတကာအသိုင်းအဝိုင်းက ဥပမာ စစ်ကောင်စီ လက်အောက်မှာရှိနေတဲ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်လိုမျိုး စစ်ကောင်စီရဲ့ ဘဏ္ဍာရေးအဖွဲ့အစည်းတခုလုံးကို ပိတ်ဆို့အရေးယူနိုင်ပါ့မလားလို့ လူတွေက မေးခွန်းထုတ်ကြပါတယ် ။ ဒါမျိုးက ဖြစ်နိုင်ပါ့မလား ခင်ဗျာ။
ပါမောက္ခ ရှောင်တာနယ်လ် ။ ။ ဒါက ဖြစ်နိုင်ပါတယ်။ ဒီလို လုပ်ဖို့ လိုအပ်တဲ့အဆင့်ကို ရောက်ခါနီးနေပါပြီ။ မြန်မာနိုင်ငံရဲ့ဗဟိုဘဏ်က စစ်ပွဲကိုဖန်တီးနေတဲ့ အဓိကယန္တရားဖြစ်နေလို့ပါ။ အခြေခံသဘော ပြောရရင် အရင်အစိုးရလက်ထက်တုန်းကဆိုရင် ဗဟိုဘဏ်က အစိုးရရဲ့စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေမှာ ဘဏ္ဍာငွေထောက်ပံ့ဖို့ ငွေကြေးရိုက်နှိပ်ထုတ်ရပါတယ်။ ဒီလို ငွေကြေးရိုက်ထုတ်တာချည်းသက်သက်လည်း လုပ်လို့ မရပါဘူး။ မှန်ကန်တဲ့ ဘဏ္ဍာရေးစနစ်၊ အခွန်ကောက်ခံမှုစနစ်နဲ့ အလုပ်တွေကို ကောင်းကောင်းမွန်မွန် မှန်မှန်ကန်ကန် လုပ်ဖို့ လိုပါသေးတယ်။ အခုဒါတွေ အကုန်လုံးပျက်စီး သွားပါပြီ။ အခုဆိုရင် မြန်မာစစ်တပ်အတွက်က စစ်ပွဲမှာ အသုံးပြုဖို့ ပြည်တွင်းရန်ပုံငွေရရေး ငွေရိုက်ထုတ်ဖို့ကလွဲလို့ ကျန်တာ ဘာမှမရှိပါဘူး။
ဒါပေမယ့် စစ်ပွဲအတွက်က နိုင်ငံတကာ ရန်ပုံငွေရှိဖို့လည်းလိုပါတယ်။ သူတို့ လိုအပ်နေတာက ရုရှားနဲ့ တရုတ်လို့ နိုင်ငံတွေဆီက လက်နက်တွေ ဝယ်ဖို့ ငွေလိုပါတယ်။ အဲဒီနိုင်ငံတွေက ပြည်တွင်းသုံးငွေဖြစ်တဲ့ ကျပ်ငွေကို လက်ခံမှာ မဟုတ်ပါဘူး။ သူတို့က နိုင်ငံခြားငွေကိုပဲ လက်ခံမှာဖြစ်လို့ ဗဟိုဘဏ်ကလည်း ဒီကဏ္ဍမှာလည်း အဓိကကျပါတယ်။ အဲဒီတော့ ဗဟိုဘဏ်ကို ဒဏ်ခတ်အရေးယူရမယ့် အဆင့်ရောက်နေပြီလို့ ကျနော်ထင်ပါတယ်။ ဒါပေမယ့် ဒီကိစ္စက နိုင်ငံတကာက နိုင်ငံ့ရေးရာ စီးပွားရေးကဏ္ဍမှာ အလွန်ကြီးမားတဲ့ ခြေလှမ်းတရပ်ဖြစ်နေပါတယ်။ ဗဟိုဘဏ်က အာဏာသိမ်း စစ်ကောင်စီရဲ့ စစ်ရေးမှာ အဓိက သော့ချက်ဖြစ်နေတာမို့ ကျနော်ကတော့ အရေးယူရမယ့် အဆင့်ကို ရောက်နေပြီလို့ ထင်ပါတယ်။
ငြိမ်းချမ်းအေး (ဗွီအိုအေ) ။ ။ ဘယ်လောက်မြန်မြန်နဲ့ ဒီကိစ္စ ဖြစ်နိုင်မလဲ ခင်ဗျာ။
ပါမောက္ခ ရှောင်တာနယ်လ် ။ ။ အလုပ်သဘောအရ ဆိုရင်တော့ မြန်နိုင်ပါတယ်။ ဒါပေမယ့် နိုင်ငံရေး အရ ဆိုရင်တော့ ကြာနိုင်ပါတယ်။ ဒီလို လုပ်ဆောင်ဖို့ ခိုင်မာတဲ့ မဟာမိတ်အဖွဲ့တခု လိုအပ်တာကြောင့် နိုင်ငံရေးသဘောအရ အချိန်ပိုကြာနိုင်ပါတယ်။ ယိုပေါက် ဟာကွက်တွေ ရှိနိုင်လို့ နိုင်ငံအရေအတွက် အကန့်အသတ်နဲ့ လုပ်လို့ မရပါဘူး။ အဲဒါက အမြဲတမ်း ပြဿနာပါပဲ။ ဒါပေမယ့် တကယ်တမ်းပြောရရင်တော့ အဲဒါကို မလုပ်နိုင်စရာ ဘာအကြောင်းမှ မရှိပါဘူး။
အဲဒီတော့ ကျနော်တို့ လုပ်ရမှာက မြန်မာနိုင်ငံဟာ လက်ခံနိုင်စရာ အခြေအနေထက် ကျော်လွန်သွားပြီ ဆိုတာကို နိုင်ငံတကာ အသိုက်အဝန်းမှာ သဘောတူညီမှု တရပ် ရဖို့ တည်ဆောက်ရပါမယ်။ လက်ရှိ မြန်မာနိုင်ငံ ကြုံရတဲ့ ပြဿနာတွေထဲက တခုကတော့ တခြား ပဋိပက္ခတွေ ရှိနေတာပါ၊ ယူကရိန်းမှာ၊ ဂါဇာ ကမ်းမြောင်မှာ ပဋိပက္ခတွေ ဖြစ်နေတာပါ။ တခြား ပဋိပက္ခတွေကြောင့် ကမ္ဘာကြီးက အလေးထားသင့်တဲ့အရာတွေထဲမှာ မြန်မာနိုင်ငံက ဟိုးအောက်ဆုံး နောက်တန်းကို ရောက်သွားတယ်လို့ ကျနော်ထင်ပါတယ်။ ဒါတောင် မြန်မာ အခြေအနေက ဘယ်သူ လူကောင်းလဲ၊ ဘယ်သူ လူဆိုးလဲဆိုတာ တခြား အများစု ဖြစ်ရပ်တွေနဲ့ စာရင် ပိုရှင်းမယ်ထင်ပါတယ်။ အခုအချိန်မှာ နိုင်ငံတကာအသိုင်းအဝိုင်းက သူတို့ ဘယ်လို ရပ်တည်မလဲ ဆိုတာကို ပြတ်ပြတ်သားသား လုပ်ရမယ့် အချိန်ရောက်နေပြီလို့ ကျနော် ထင်ပါတယ်။
ငြိမ်းချမ်းအေး (ဗွီအိုအေ) ။ ။ လက်ရှိ အမေရိကန်အစိုးရ ထိန်းချုပ်ထားတဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားအရန်ငွေနဲ့ ပတ်သက်ပြီး မစ္စတာ တာနယ်လ်အနေနဲ့ အမေရိကန် အရာရှိတွေနဲ့ ထိတွေ့ဆက်ဆံဖို့ ကြိုးပမ်းနေတယ်လို့ ကျနော်တို့ နားလည်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး နောက်ဆုံးအခြေအနေ ပြောပြလို့ရမလား ခင်ဗျာ။
ပါမောက္ခ ရှောင်တာနယ်လ် ။ ။ ဟုတ်ပါတယ်။ အဲ့ဒါက (မြန်မာ့အရေး အတွက်) အမေရိကန်ပြည်ထောင်စုရဲ့ အကောင်းဆုံး အရေးယူဆောင်ရွက်ခဲ့တာတွေထဲက တခုပါ။ မြန်မာနိုင်ငံကို ကူညီတဲ့နေရာမှာ အမေရိကန်က တခြားနိုင်ငံတွေထက် အများကြီး သာတယ်လို့ ပြောရပါမယ်။ အဲဒါကလည်း ဒီလို ကိစ္စတွေကြောင့်ပါ။ အမေရိကန်အစိုးရရဲ့ အလွန့်အလွန်ကို ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တခုကတော့ အဲဒီ အရန်ငွေတွေကို အမေရိကန် ပြည်ထောင်စု အရန်ငွေမှာ ထိန်းချုပ်ထားပြီး စစ်ကောင်စီကို အသုံးပြုခွင့် မပေးတာပါ။ ဒါကြောင့် အမေရိကန် အစိုးရကို အခုလို လုပ်ဆောင်ပေးတာအတွက် ကျေးဇူးတင်ကြောင်း ပထမဆုံး ပြောချင်ပါတယ်။ ဒုတိယအဆင့်အနေနဲ့ အဲဒီအရန်ငွေတွေကို ဘာအတွက်သုံးနိုင်မလဲဆိုတာကို ယူကရိန်း ဖြစ်စဥ်နဲ့ နှိုင်းယှဥ်စဉ်းစားဖို့ လိုမယ် ထင်ပါတယ်။ ရုရှားက ဆင်နွှဲနေတဲ့ ယူကရိန်းစစ်ပွဲမှာ အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ တခြားနိုင်ငံအချို့က ရုရှားရဲ့ အရန်ငွေတွေကို သိမ်းယူတာ အပါအဝင် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ခဲ့ပြီး အဲဒီအရန်ငွေတွေထဲက ငွေကြေးတွေကို ယူကရိန်းနိုင်ငံ ပြန်လည်တည်ဆောက်ရေးဆီမှာ အသုံးပြုဖို့ စဥ်းစားတဲ့ အယူအဆတခု ရှိပါတယ်။ ကျနော်တို့ကလည်း ဒါမျိုး အလားတူ ဥပမာထားပြီး စဥ်းစားနေတာပါ။ မြန်မာ့ နိုင်ငံခြား အရန်ငွေကို ထိန်းချုပ်ထားတယ်ဆိုရင် ယူကရိန်း ဥပမာနည်းတူ စစ်တပ်ကို ခုခံရာမှာ ကူညီဖို့ ဒါမှမဟုတ် မြန်မာပြည်သူတွေကို ကူညီဖို့ ဘယ်လိုအသုံးချနိုင်မလဲ ဆိုတာပါ။
နောက်ခံ အကြောင်းအရာချင်းက နည်းနည်းတော့ ကွဲတယ်ဆိုတယ် သိပါတယ်။ တခုမှာက နိုင်ငံတခုက တခြား နိုင်ငံတခုကို ဝင်တိုက်တာပါ။ မြန်မာနိုင်ငံမှာကတော့ ပြည်သူတွေကို ဖိနှိပ်တဲ့တရားမဝင်အစိုးရတရပ် ရှိနေတာပါ။ ဒါပေမယ့် ယူကရိန်းကို တတ်နိုင်သမျှ နမူနာယူနိုင်မယ့် လုံလောက်တဲ့ တူညီမှုတွေ ရှိတယ်လို့ ကျနော်ကတော့ ယူဆပါတယ်။
ဒါပေမယ့် ဒါက ကြီးမားတဲ့ အဆင့်တွေ ဖြတ်ကျော် ရပါမယ်။ ကမ္ဘာတဝန်းက အစိုးရတွေဟာ ကြီးကြီးမားမား ကိုးကားစရာဖြစ်လာမှာ မလိုလားလို့ တခြား အစိုးရတခုခုရဲ့ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုတွေကို သိမ်းယူမှာမျိုးကို မလိုလားပါဘူး။ ဒါက အလွန်ကြီးမားတဲ့ ခြေလှမ်းတရပ်ဖြစ်မှာပါ။ ဒါကြောင့် ကျနော်တို့ အနေအထားက အဲဒီအဆင့်ကို မရောက်သေးပါဘူး။ ယူကရိန်းကလည်း အဲဒီ အဆင့်မရောက်သေးပါဘူး။ ဒီနေရာမှာ ထိုးထွင်းကြံဆတဲ့ နည်းလမ်းတွေ စဥ်းစားကြည့်နိုင်ပါတယ်။ ဒီလို အရန်ငွေတွေကို ငွေသားအနေနဲ့ ထားလေ့မရှိပါဘူး။ များသောအားဖြင့် အစိုးရငွေတိုက်စာချုပ် (Treasury Bonds) လိုမျိုးမှာ ထားကြပါတယ်။ ဒါဆိုရင် ဒါက အတိုးရလား၊ ဝင်ငွေရနေလား ကြည့်ရပါမယ်။ ဒီဝင်ငွေက ဘယ်ကို သွားနိုင်မလဲ။ မြန်မာ့အတိုက်အခံတွေဆီ ပေးလို့ရမလား။ ဒါက ဖြစ်နိုင်ဖို့ ခက်သေးတယ်ဆိုရင်တောင် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ဒါမှမဟုတ် တခြား အတိုက်အခံအဖွဲ့တခုခု ရဲ့ ချေးငွေ အတွက် အပေါင်ပစ္စည်းအဖြစ် ကျောထောက်နောက်ခံ ပြုပေးနိုင်ပါတယ်။ ဒါကနေပြီး စစ်အာဏာရှင်တိုက်ဖျက်ရေး အတိုက်အခံ အင်အားစုတွေကို ထောက်ပံ့နိုင်ပါတယ်။ ဒါမှမဟုတ်ရင် အရေးတကြီး လိုအပ်နေတဲ့ လူသားချင်စာနာမှု အကူအညီတွေမှာ သုံးနိုင်ပါတယ်။
ဆိုတော့ ဒီလို ထိုးထွင်း ကြံဆပြီး လမ်းစရှာနိုင်တဲ့ အရာတွေ အများကြီးရှိနေပါတယ်။ ဒီတော့ အခု။ အခြေအနေက ကြီးမားတဲ့ ခြေလှမ်းတရပ်ကို ကျနော်တို့ အသိအမှတ်ပြုတဲ့ အဆင့်ကိုရောက်နေပြီလို့ ထင်ပါတယ်။ ဖြစ်နိုင်ခြေရှိတဲ့ လမ်းကြောင်းတွေကို ရှာဖွေတဲ့ အဆင့်ဖြစ်ပါတယ်။
ငြိမ်းချမ်းအေး (ဗွီအိုအေ) ။ ။ ဒီအယူအဆအပေါ် အမေရိကန်က ဘယ်လိုတုံ့ပြန်လဲ ခင်ဗျာ။
ပါမောက္ခ ရှောင်တာနယ်လ် ။ ။ အမေရိကန် အစိုးရရဲ့ အစိတ်အပိုင်းတော်တော်များများမှာ ဒီ စိတ်ကူးနည်းလမ်းအတွက် စာနာနားလည်ပေးနိုင်တဲ့ အနေအထား ရှိနေတယ် ဆိုတာ ပထမဆုံး ပြောပါတယ်။ ဒါကြောင့် အဲဒါကို တကယ်တမ်း ဘယ်လိုလုပ်ရမယ်ဆိုတဲ့ အလုပ်သဘောပိုင်းနဲ့ ဒီလို လုပ်နိုင်ဖို့ နိုင်ငံတကာအသိုင်းအဝန်းရဲ့ လိုအပ်ချက်တွေနဲ့ ဖြည့်ဆည်းပေးနိုင်တဲ့ နည်းလမ်းတွေကို စဥ်းစားတွက်ချက်ရတဲ့ အဆင့်လို့ ပြောရမယ် ထင်တယ်။
ငြိမ်းချမ်းအေး (ဗွီအိုအေ) ။ ။ ဆိုတော့ ရှေ့ဆက်လျှောက်ရမယ့် လုပ်ငန်းစဉ်ကတော့ ကြာဦးမယ့် သဘောလား ခင်ဗျာ။
ပါမောက္ခ ရှောင်တာနယ်လ် ။ ။ ဒါဟာ ရှည်လျားတဲ့ လုပ်ငန်းစဉ်တခုလို့ ကျနော်ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီလို နည်းလမ်းတွေကို လိုက်ရှာ လုပ်ရကျိုးနပ်တဲ့ လုပ်ငန်းစဉ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒါက စစ်ကောင်စီလုပ်ဆောင်နေတာတွေကို အာရုံစိုက်လာစေပြီး နိုင်ငံခြားငွေ ရဖို့ သူတို့ အသည်းအသန် ဖြစ်နေတာကို အာရုံစိုက်လာစေမှာပါ။ စစ်ကောင်စီရဲ့ အားနည်းချက်တခုကို အာရုံစိုက်လာစေတာကိုက ရည်ရွယ်ချက်တခုလို့ ထင်ပါတယ်။
ငြိမ်းချမ်းအေး (ဗွီအိုအေ) ။ ။ အမေရိကန် အစိုးရက ဒီငွေတွေကို လောလောဆယ် ထိန်းချုပ်ထားတာကိုက အပြုသဘောဆောင်တဲ့ လုပ်ရပ်လို့ ယူဆပါသလား။
ပါမောက္ခ ရှောင်တာနယ်လ် ။ ။ အမေရိကန်အစိုးရက ဒီ အရန်ငွေတွေကို မင်းအောင်လှိုင်နဲ့ စစ်ကောင်စီကို သုံးစွဲခွင့် မပေးတဲ့ သဘောကိုက ဒီနေရာမှာ အရေးကြီးဆုံးအချက် ဖြစ်ပါတယ်။
ငြိမ်းချမ်းအေး (ဗွီအိုအေ) ။ ။ စစ်ကောင်စီက နိုင်ငံစီးပွားရေး ကျဆင်းတာအပေါ်မှာ နိုင်ငံတကာရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို မကြာခဏဆိုသလို အပြစ်တင်လေ့ရှိပါတယ်။ ပိတ်ဆို့အရေးယူမှုတွေနဲ့ နိုင်ငံတကာက (စစ်ကောင်စီ) အထီးကျန်အောင် အဆက်ဖြတ်ထားတာက လက်ရှိစီးပွားရေး အခြေအနေ အပေါ် ဘယ်လောက် အတိုင်းအတာ အထိ သက်ရောက်နေလဲ ခင်ဗျာ။
ပါမောက္ခ ရှောင်တာနယ်လ် ။ ။ နိုင်ငံတကာတွေ၊ တခြားနိုင်ငံတွေက လုပ်ဆောင်ချက်က (မြန်မာ့စီးပွားရေး ကျဆင်းတာအပေါ် ) သက်ရောက်မှု မရှိသလောက်ပဲလို့ ပြောလို့ရပါတယ်။ မြန်မာနိုင်ငံထဲက ကြီးထွားလာနေတဲ့ စီးပွားရေးပြဿနာတွေက (ဗိုလ်ချုပ်မှူးကြီး) မင်းအောင်လှိုင်ကြောင့် ဖြစ်လာတဲ့ "ပြည်တွင်းဖြစ်" ဖြစ်ပါတယ်။ တကယ်တော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ စစ်ကောင်စီကသာ မြန်မာပြည်အတွက် အကြီးမားဆုံး ဒဏ်ခတ်ပိတ်ဆို့သူတွေ ဖြစ်ပါတယ်။ အာဏာသိမ်းတဲ့နေ့က စပြီး မြန်မာပြည်ရဲ့ စုစုပေါင်း ပြည်တွင်းထုတ်ကုန် (GDP) ကို ၂၅% လျှော့ချပစ်လိုက်တာပါ။ အခု ဆိုရင် GDP ကျဆင်းမှုက ကြီးသထက် ကြီးလာနေပြီးဟာ ဒါဟာ Great Depression လို့ခေါ်တဲ့ ကမ္ဘာ့စီးပွားပျက်ကပ်ကြီး တုန်းကထက်တောင် ပိုပြီး ကျဆင်းနေတာပါ။ ဒါကြောင့် ကပ်ဘေးကြီးသဖွယ် မြန်မာပြည် စီးပွားရေးနဲ့ မြန်မာပြည်သူတွေအပေါ် ဒုက္ခ အကြီးအကျယ် ပေးနေသူက (ဗိုလ်ချုပ်မှူးကြီး) မင်းအောင်လှိုင်ပဲ ဖြစ်ပြီး သူကသာ (မြန်မာပြည်ကို) အကြီးဆုံး ပိတ်ဆို့ဒဏ်ခတ်နေသူ ဖြစ်ပါတယ်။
ဒါကို ကြည့်ရင် ပိတ်ဆို့အရေးယူမှုတွေရဲ့ အနုတ်လက္ခဏာဆောင်တဲ့ ဘေးထွက်ဆိုးကျိုး သက်ရောက်မှုတွေကို လျစ်လျူနိုင်ပါတယ်။ ဟုတ်ပါတယ်၊ ကျနော်တို့ အခြေအနေတွေကို သိပါတယ်။ စီးပွားရေးက ချွတ်ခြုံကျနေတဲ့ ဆိုးရွားတဲ့ အနေအထားပါ။ ဒါပေမယ့် မြန်မာနိုင်ငံသား အများစုက နိုင်ငံတကာ ကူးသန်းရောင်းဝယ်ရေး လို ကိစ္စရပ်တွေနဲ့ ဘယ်လိုမှ ပတ်သက်မှု မရှိပါဘူး။ သူတို့အတွက်က နေ့စဉ်ရှင်သန်ဖို့ ရုန်းကန်နေရတာပါ။ ပိတ်ဆို့အရေးယူမှုက သူတို့အပေါ် သက်ရောက်မှုနည်းပါတယ်။ ဒါပေမယ့် လူတွေအပေါ် ကြီးမားတဲ့ သက်ရောက်မှု ရှိနိုင်ပါတယ်။ ဒါပေမယ့် အတိုင်းအတာ တခု အထိ ချမ်းသာသူ၊ ဩဇာ အာဏာ ရှိသူ တွေ အပေါ်မှာတော့ ပိုပြီး ကြီးမားတဲ့ သက်ရောက်မှု ရှိနိုင်ပါတယ်။ ဒီလူတွေကို သတင်းစကားတွေ ပေးနိုင်ပါတယ်။ ဒါမှမဟုတ် စောစောက ပြောခဲ့သလိုပါပဲ၊ အရေးကြီးဆုံးကတော့ စစ်ကောင်စီရဲ့ နိုင်ငံခြားငွေ ရရှိနိုင်မှုအပေါ် ကန့်သတ်ဖို့နဲ့ စစ်အာဏာရှင်တွေရဲ့ စစ်တိုက်နိုင်တဲ့ စွမ်းရည်ကို ဘယ်လိုကန့်သတ်မလဲ ဆိုတာပါပဲ။
ငြိမ်းချမ်းအေး (ဗွီအိုအေ) ။ ။ နိုင်ငံတကာကနဲ့ အထူးသဖြင့် အနောက်နိုင်ငံတွေက စစ်တပ်ကို ပိတ်ဆို့အရေးယူမှုတွေ ရှိနေပေမယ့် တချို့နိုင်ငံတွေက စစ်ကောင်စီနဲ့ နီးနီးကပ်ကပ် လက်တွဲလုပ်ဆောင်နေကြဆဲလို့ ပြောကြတာတွေလည်းရှိပါတယ်။ ပါမောက္ခ ရှောင်တာနယ်လ် အမြင်အရ စစ်အာဏာရှင်တွေကို အဓိက ဘယ်သူတွေ ပံ့ပိုးပေးနေလဲ။ စီးပွားရေးအရ ဆိုလိုတာပါ။ ဒီလို ဆက်ဆံရေးက စစ်ကောင်စီရဲ့ စွမ်းဆောင်ရည်နဲ့ နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုတွေအပေါ် ဘယ်လိုသက်ရောက်နေပါသလဲ။
ပါမောက္ခ ရှောင်တာနယ်လ် ။ ။ ပထမဆုံး ပြောချင်တာက စစ်ကောင်စီမှာ ထောက်ခံသူ လုံးဝနီးပါးကို မရှိဘူးလို့ ထင်ပါတယ်။ ဆိုလိုတာက ဖြစ်နေတာကို ကြည့်လိုက်ပါ။ ရုရှားဖြစ်ကောင်းဖြစ်နိုင်တယ်၊ ဒါပေမယ့် ရုရှားရဲ့စီးပွားရေးက အားနည်းပါတယ်။ အကွဲအပြား အပြား ဖြစ်နေတယ်။ သူတို့တိုက်နေတဲ့ စစ်ကိုပဲ အဓိက အာရုံစိုက်နေရတယ်။ စီးပွားရေးအရ မြန်မာနိုင်ငံကို တစုံတခု ကူညီပေးနိုင်တာ လုံးဝနီးပါးမရှိသလောက်ပါပဲ။ ဒါပေမယ့် သူက အနီးကပ်ဆုံး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ စစ်ကောင်စီအတွက် ခဲယမ်းမီးကျောက်တွေနဲ့ စစ်လက်နက်ပစ္စည်းတွေ ဝယ်ဖို့ နိုင်ငံခြားငွေ၊ ဒါမှမဟုတ် ရွှေ လိုအပ်ပါတယ်။ ဒါတောင်မှ ရုရှားတွေက (ဗိုလ်ချုပ်မှူးကြီး) မင်းအောင်လှိုင်ကို စစ်ကောင်စီကို မယုံပါဘူး။
တရုတ်ကလည်း အလားတူ ပါပဲ။ အတိုင်းအတာ တခုအထိ ထောက်ခံပေးနေသူ လို့ ပြောလို့ရပါတယ်။ တရုတ်က သူနဲ့ ကပ်လျက် အိမ်နီးချင်း နိုင်ငံတခုမှာ တက်ကြွ အားကောင်းတဲ့ ဒီမိုကရေစီစနစ် ကျင့်သုံးမှာမျိုးကို မလိုလားတာမျိုး ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ တဖက်မှာလည်း စစ်အာဏာသိမ်းတာကို သူတို့ ကြိုက်ချင်မှ ကြိုက်ပါမယ်။ ဒါပေမယ့် အခု မြန်မာပြည် အခြေအနေကို ကြည့်လိုက်ရင် ကပ်ဘေး ဆိုက်နေပြီ ဆိုပြီး သူတို့ စဥ်းစားနိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ စစ်ကောင်စီဟာ တရုတ်ရဲ့ ကြီးမားတဲ့ ခါးပတ်လမ်း စီးပွား ရပ်ဝန်း လမ်းကြောင်း အပါအဝင် စီမံကိန်းတွေနဲ့ ပတ်သက်ပြီး တရုတ်ကို ပိုပြီး ပျော့ပျော့ပျောင်းပျောင်း ရင်းရင်းနှီးနှီး ဆက်ဆံနိုင်ပါတယ်။ ဒါပေမယ့် သူတို့က ဘာလုံခြုံရေးကိုမှ အာမ မခံနိုင်ပါဘူး။ တိုင်းပြည်က ပဋိပက္ခတွေ အပြည့်နဲ့ ဖြစ်နေပြီး စစ်ကောင်စီက ခွင့်ပြုနိုင်တဲ့ ကြီးမားတဲ့ စီမံကိန်းတွေက (တရုတ်အတွက်) သိပ်တန်ဖိုးမရှိတော့ပါဘူး။ သေချာတာကတော့ သူတို့အနေနဲ့ လုံခြုံရေး မပေးနိုင်ဘူးဆိုရင် ကျောက်ဖြူ ဆိပ်ကမ်း၊ ပိုက်လိုင်း၊ မီးရထား အစရှိတဲ့ စီမံကိန်းအားလုံးနဲ့ ပတ်သက်ပြီး တရုတ်က ကျေနပ်နေလိမ့်မယ်လို့ ယူဆဖို့ ခက်ပါတယ်။ ဒီကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုကြီးတွေကို လုပ်ခွင့်ရပေမယ့် အဲဒီနေရာတွေမှာ လုံခြုံရေး မပေးနိုင်ရင် ဒါက ဘာအဓိပ္ပာယ်မှ မရှိပါဘူး။
ငြိမ်းချမ်းအေး (ဗွီအိုအေ) ။ ။ ဟုတ်ကဲ့၊ နောက်မေးခွန်းက ကျောက်ဖြူစီမံကိန်းနဲ့ ဆက်စပ်နေပါတယ်။ အရင် အရပ်သား အစိုးရခေတ်တုန်းက ကျောက်ဖြူစီမံကိန်းနဲ့ ပတ်သက်တဲ့ ရပိုင်ခွင့် အကျိုးအမြတ် သတ်မှတ်ချက်တွေအတွက် တရုတ်နဲ့ ပြန်လည် စေ့စပ်ညှိနှိုင်းတဲ့အကြောင်း အရင်က ပါမောက္ခ ရှောင်တာနယ်လ် ပြောဖူးပါတယ်။ ဒါပေမယ့် သိပ်မကြာခင်ကပဲ စစ်ကောင်စီက တရုတ်နဲ့ ကျောက်ဖြူ ကိစ္စ ထပ်မံ သဘောတူညီတာမျိုး လုပ်ခဲ့ပါတယ်။ တချို့ကတော့ ဒါကို တရုတ်ဘက်ကို ပိုပြီး မျက်နှာသာပေးတဲ့ စည်းကမ်းသတ်မှတ်ချက်တွေ အဖြစ် ပြောင်းသွားနိုင်မလား ဆိုပြီး စိုးရိမ်ကြပါတယ်။ ဒီကိစ္စအပေါ် ပညာရှင် တယောက်အနေနဲ့ ဘယ်လို မြင်ပါသလဲ၊အဲဒါက ဘယ်လောက်ဖြစ်နိုင်မလဲ။
ပါမောက္ခ ရှောင်တာနယ်လ် ။ ။ ကျောက်ဖြူစီမံကိန်းကြီး တခုလုံးဟာ အရင်က လုံးဝ ဆိုးဆိုးရွားရွား စာချုပ်ချုပ်ခဲ့ကြတာပါ။ ဒါကို ဒေါ်အောင်ဆန်းစုကြည် အစိုးရခေတ်ကျမှ မြန်မာနိုင်ငံအတွက် အကျိုးရှိနိုင်မယ့် အနေအထား တခုနဲ့ ပြန်လည် ညှိနှိုင်းနိုင်ခဲ့တာပါ။ တကယ်လို့သာ အရင်တုန်းက အခြေအနေမျိုး ပြန်ဖြစ်လာမယ်ဆိုရင် မြန်မာ့စီးပွားရေးအတွက် ဆိုးဆိုးရွားရွားဖြစ်လာနိုင်တယ်လို့ ကျွန်တော် ထင်ပါတယ်။ မြန်မာနိုင်ငံက ကြွေးမြီ အမြောက်အမြားတင်သွားနိုင်မယ့် အနေအထား ပါ။ ဒီလို ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် ဒီနေရာမှာ စိတ်ဝင်စားစရာ ကောင်းတာက လုံခြုံရေး အခြေအနေကို ကျွန်တော်တို့ ပြန်ရောက်သွားပြန်ပါတယ်။ စစ်ကောင်စီက ကျောက်ဖြူစီမံကိန်းကို အကြွေးအပြည့်အတင်ခံပြီး ပြန်ခွင့်ပြုလိုက်နိုင်ပေမယ့် အဲဒီဒေသမှာက လုံခြုံမှု မရှိလို့ တရုတ်က နောက်တခေါက် ဆက်လုပ်ပါ့မလား ဆိုတာပါ။ သူတို့ ရှေ့ကို ဆက်လုပ်သွားမယ် ဆိုတာ ခန့်မှန်းရခက်ပါတယ်။
ငြိမ်းချမ်းအေး (ဗွီအိုအေ) ။ ။ လက်ရှိ နိုင်ငံရေး အခြေအနေအောက်မှာ စစ်ကောင်စီနဲ့ တရုတ်ကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို ဘယ်လိုမြင်လဲ ခင်ဗျာ။ ပြီးတော့ တရုတ်က အပြုသဘောဆောင်တဲ့ ပံ့ပိုးမှုမျိုး ပေးနိုင်မလား၊ စီးပွားရေး ပြန်လည်ဦးမော့လာဖို့နဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိပ္ပါယ်ရှိတဲ့ နည်းလမ်းနဲ့ ပံ့ပိုးပေးနိုင်မလား ခင်ဗျာ။
Your browser doesn’t support HTML5
ပါမောက္ခ ရှောင်တာနယ်လ် ။ ။ အခုအချိန်မှာတော့ မြန်မာနဲ့ တရုတ်ကြား ဆက်ဆံရေး တခုလုံးမှာ တဘက်သတ်ဖြစ်နေပြီး တရုတ်က လုံးဝကို ကြီးစိုးနေတယ်လို့ ကျနော်ထင်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ စစ်ကောင်စီဟာ တခြားရွေးချယ်စရာတွေ မရှိလို့ မြန်မာနိုင်ငံကို တရုတ်နဲ့ စေ့စပ်ညှိနှိုင်းရေးမှာ အောက်ကနေပြီးတော့ အားနည်းတဲ့ အနေအထားရောက်သွားစေပါတယ်။ ဒီအခြေအနေက စောစောက ပြောခဲ့တဲ့အတိုင်းပဲ ခါးပတ်လမ်း စီမံကိန်းတွေ အလားတူ စီမံကိန်းအားလုံးကို (မြန်မာနိုင်ငံမှာ) တရုတ်က ပိုပြီး လုပ်ခွင့်သာလာပါတယ်။ ဆိုတော့ ဒီသဘောမှာဆိုရင်တော့ တရုတ်ဟာ မြန်မာနိုင်ငံမှာ တာဝန်မဲ့ လုပ်ရပ်တွေ လုပ်လာနိုင်ပြီး မြန်မာကို သူ့ရဲ့ လက်အောက်ခံနိုင်ငံ သဘောမျိုးလုပ်ပစ်လိုက်နိုင်ပါတယ်။။ ဒါက ဖြစ်နိုင်ခြေတခုပါ။
တဘက်မှာတော့ တရုတ်အနေနဲ့ လက်ရှိမှာ သူတို့အကျိုးစီးပွားနဲ့ ကိုက်ညီနေပေမယ့် တကယ်တမ်းမှာတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ တကယ့်ကို ဘေးအန္တရာယ် ဖြစ်စေနေတယ်ဆိုတာကို အသိအမှတ်ပြုလာရင် အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ပိုပြီး လုပ်ဆောင်လာနိုင်ပါတယ်။ တကယ်တမ်းမှာလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုင်းပြည်ကို တကယ့်ကို ကပ်ဆိုးကြီးထဲ ဆွဲသွင်းနေတာပါ။ ဆင်းရဲမွဲတေမှုက ခေါင်ခိုက်နေပါတယ်။ စီးပွားရေးက ပြိုလဲကျနေပါပြီ။ ဒီလို စီးပွားရေးကို ဆိုးရွားစေတဲ့ အချက်တွေက မြန်မာနိုင်ငံမှာ အခြေခံသယံဇာတ ထုတ်ယူတာမျိုးကလွဲလို့ ကျန်တဲ့ စီးပွားရေးလုပ်ဖို့ စိတ်မချရဘူးလို့ ဆိုလိုပါတယ်။ ကုန်ပစ္စည်း စျေးကွက်က လုံးဝနီးပါး ပျောက်ကွယ်သွားခဲ့ပါပြီ။ စီးပွားရေး မိတ်ဖက်အနေနဲ့ မြန်မာနိုင်ငံဟာ စိတ်မချရဘူးလို့ ဆိုလိုတာပါ။ ဒါကြောင့် ဒီအခြေအနေကို တရုတ်နိုင်ငံက ကျေနပ်နှစ်သက်လိမ့်မယ့်လို့ ခန့်မှန်းရခက်ပါတယ်။
ဆိုတော့ သူတို အနေနဲ့ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကို လုပ်ဆောင်နိုင်ဖို့က စစ်ကောင်စီကို မထောက်ခံဖို့နဲ့ မြန်မာနိုင်ငံကို ပိုပြီး ကောင်းမွန်တဲ့ အခြေအနေတခုကို ရောက်အောင် တတ်နိုင်သမျှ လုပ်ပေးဖို့ပါ။ ဒါက တကယ်တမ်းမှာလည်း တရုတ်နိုင်ငံရဲ့ ရေရှည်အကျိုးစီးပွားအတွက် ဖြစ်သလို မြန်မာနိုင်ငံအတွက်လည်း ကောင်းပါတယ်။
ငြိမ်းချမ်းအေး (ဗွီအိုအေ) ။ ။ မြန်မာနိုင်ငံမှာ စီးပွားရေး လုံးလုံးလျားလျား ကျရှုံးနေတာက လက်ရှိစစ် ကောင်စီ ပြိုလဲမှု အတွက် အကြောင်းချင်းရာ အလှည့်အပြောင်း ဖြစ်နိုင်ပါသလား။
ပါမောက္ခ ရှောင်တာနယ်လ် ။ ။ ကျနော်တို့ အဲဒီလို ထင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တရုတ်လို နိုင်ငံတွေက အခြေအနေကို ကြည့်ရုံနဲ့ ဒီစစ်ကောင်စီဟာ ရေရှည်မခံတော့ဘူးဆိုတဲ့ ဆုံးဖြတ်ချက်ကို သေချာပေါက် အလျင်အမြန်နဲ့ ချလာရတော့မယ် ထင်ပါတယ်။ သူတို့ကို ထောက်ခံပေးနေဖို့ မတန်တော့ဘူး ဆိုပြီး သိလာမှာပါ။ ဘယ်လို အကြောင်းပြချက်နဲ့ ဖြစ်ဖြစ် သမိုင်းရဲ့ မှန်ကန်တဲ့ ဘက်မှာ သူတို့လည်း ရပ်တည်ချင်မှာပါ။ သူတို့ ရနိုင်သမျှယူပြီးတော့ စစ်ကောင်စီကို ထောက်ခံပေးနေတာကနေ နောက်ဆုတ်ဖို့ ဆုံးဖြတ်ပါလိမ့်မယ်။ အဲဒါက အတော့်ကို ဖြစ်လာနိုင်တယ်လို့ ကျနော်ထင်ပါတယ်။
ငြိမ်းချမ်းအေး (ဗွီအိုအေ) ။ ။ ဟုတ်ကဲ့ နောက်ဆုံးမှတ်ချက်တခု ပေးပါခင်ဗျာ။ ရေတိုကိုပဲ ဖြစ်ဖြစ် ကြည့်ရင် မြန်မာ့အနာဂတ်အပေါ် ဘယ်လိုမြင်ပါသလဲ။
ပါမောက္ခ ရှောင်တာနယ်လ် ။ ။ ကျနော်တို့ အကောင်းမြင်ပါတယ်။ ရေတိုနဲ့ အလယ်အလတ် အနေအထားကို ကြည့်ရင် မြန်မာ့စီးပွားရေးဟာ လက်ရှိအနေအထားမှာတောင် အကောင်းမြင်လို့ရတယ်လို့ ထင်ပါတယ်။ စီးပွားရေး ပြဿနာရဲ့ အကြောင်းရင်းက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ စစ်ကောင်စီပါ။ စစ်ကောင်စီကို ဖယ်ရှားလိုက်ပြီးရင် စီးပွားရေးဟာ မယုံနိုင်လောက်တဲ့ အင်အားနဲ့ မယုံနိုင်လောက်အောင် မြန်မြန်ဆန်ဆန် ပြန်တိုးတက်လာမယ်လို့ ထင်ပါတယ်။ အထောက်အထားတွေ အများကြီးရှိပါတယ်။ ကိုဗစ်-၁၉ ကပ်ရောက်ကနေ ကမ္ဘာကြီး ပြန်နာလန်ထူလာတာကို ကြည့်ပါ။ ပဋိပက္ခ အမျိုးမျိုးဟာ ပြီးဆုံးသွားချိန်မှာ စီးပွားရေးကို အားကောင်းလာစေနိုင်ပါတယ်။ ဒီ့အတွက် မရေမတွက်နိုင်တဲ့ ဥပမာတွေရှိပါတယ်။ ကောင်းမွန်တဲ့ မူဝါဒတွေနဲ့ အဖွဲ့အစည်းတွေ ရှိဖို့ပဲလိုပါတယ်။ အရင်အစိုးရခေတ်ကို ဥပမာ ပြည့်ကြည့်ရင် အတိုက်အခံဘက်ကလူတွေ၊ ဘာလုပ်ရမလဲ ဆိုတာ သူတို့ သိတယ် ထင်ပါတယ်။ အဲဒါကို အသုံးချနိုင်ရင် မြန်မာ့စီးပွားရေးဟာ တကယ်ကို မြန်မြန်ဆန်ဆန် ပြန်ကောင်းလာမယ်လို့ ကျနော်တော့ အတော်လေး မျှော်လင့်ပါတယ်။
ဒုက္ခတွေကတော့ ထပ်လာဦးမှာပါ။ ဒါ ကျနော်တို့ အားလုံးသိပါတယ်။ စစ်ကောင်စီဟာ ဆောက်တည်ရာမရ ဖြစ်နေပါပြီ။ ချောင်ပိတ်မိနေလို့ သူတို့ ဆိုးရွားရွား လုပ်လာနိုင်တာ ကျနော်တို့ အားလုံးသိနေပါတယ်။ ဒီတော့ ရှေ့မှာ နောက်ထပ် ဒုက္ခတွေ ရှိနေသေးပါတယ်။ ဒါပေမယ့် တိုတောင်းတဲ့ ကာလ အလယ်အလတ် ကာလမှာ သူတို့ ကျဆုံးပြီး မြန်မာနိုင်ငံက ပြန်လည် ခေါင်းထောင်လာနိုင်မယ်လို့ ကျနော် အကောင်းမြင်ပါတယ်။
ငြိမ်းချမ်းအေး (ဗွီအိုအေ) ။ ။ ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ် ခင်ဗျာ။
Your browser doesn’t support HTML5