ဆီးဂိမ်းပိတ်ပွဲ ပရိသတ် ကွင်းပြည့်တက်ရောက်

ဆီးဂိမ်းပိတ်ပွဲအခမ်းအနား နေပြည်တော်မှာ ကျင်းပနေစဉ်။ (ဒီဇင်ဘာလ ၂၂ ရက်၊ ၂၀၁၃)။

မြန်မာနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ အရှေ့တောင်အာရှ ဆီးဂိမ်း အားကစားပြိုင်ပွဲတွေ မနေ့က ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ အပြီးသတ်သွားခဲ့ပါပြီ။ ပိတ်ပွဲအခမ်းအနားကို နေပြည်တော် ဝဏ္ဏသိန္ဓိ အားကစားကွင်းကြီးမှာ ကျင်းပခဲ့တာမှာ အခမ်းအနားတက်ချင်တဲ့ ပရိသတ်တွေ အားကစားကွင်း အပြင်ဘက်မှာ နာရီပေါင်းများစွာ စောင့်ဆိုင်းခဲ့ရတဲ့ အခက်အခဲတွေ ရှိခဲ့သလို၊ လုံခြုံရေးတာဝန်ရှိသူတွေနဲ့ အခြေအတင် စကားများတာမျိုးလည်း ရှိခဲ့တဲ့အကြောင်း ဒီ ပိတ်ပွဲအခမ်းအနားကို ကိုယ်တိုင် သွားရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုစည်သူ က ပြောပြပါတယ်။ မခင်ဖြူထွေးက ကိုစည်သူကို ဆက်သွယ်မေးမြန်း ထားပါတယ်။

မြန်မာနိုင်ငံမှာ (၂၇) ကြိမ်မြောက် ဆီးဂိမ်းအားကစားပြိုင်ပွဲဟာ မနေ့က ပိတ်ပွဲအခမ်းအနား လုပ်တယ်လို့ သိရပါတယ်။ ဒီအခမ်းအနားမှာ လူတွေရဲ့ ဘယ်လို ခံစားချက်တွေကို တွေ့ရသလဲ။ အဆင်မပြေဖြစ်မှုတွေရော ဘာတွေ ရှိခဲ့လဲ။ ကိုစည်သူက အဲဒီ နေရာမှာရှိနေတယ် ဆိုတော့ အဲဒီက တွေ့ရတဲ့အခြေအနေလေးကို နည်းနည်းလောက် ပြောပြပေးပါလားရှင့်။

“ဟုတ်ကဲ့ပါ မခင်ဖြူထွေးရေ။ ဒီ ဆီးဂိမ်း ပိတ်ပွဲမှာတော့ ပရိသတ်တွေကတော့ ဒီ ကွင်းအပြည့်တော့ လာကြပါတယ်။ သူတို့က လွန်ခဲ့တဲ့ရက်ပေါင်း များစွာကတည်းက၊ ဖွင့်ပွဲ ပြီးကတည်းကိုက ဒီပိတ်ပွဲမှာ ဝင်ရဖို့အတွက် လက်မှတ်တွေဘာတွေလည်း ကြိုပြီးတော့ အားသွန်ခွန်စိုက် လိုက်ရှာပြီးတော့ ဝယ်ရတယ်လို့ ပြောပါတယ်။ ကျနော်တို့ မေးမြန်းသလောက်တော့ ပုံမှန်ဈေးနှုန်းထက် လက်မှတ်ကြေး ပို ပေးရတဲ့သူတွေလည်း ရှိတယ်လို့ ကျနော်တို့ သိရတယ်ခင်ဗျ။ သူတို့ကတော့ ဒီ ပိတ်ပွဲ အခမ်းအနားကြီးကို ကြည့်ရဖို့အတွက် အရမ်းကို တက်ကြွပျော်ရွှင်နေတာမျိုး တွေ့ရတယ်ခင်ဗျ။ ဒါပေမဲ့ တခုရှိတာက အခက်အခဲအနေနဲ့တော့ သူတို့လက်မှတ်ရှိနေပေမဲ့၊ ဒီကွင်းထဲကို ဝင်တဲ့အခါမှာ လုံခြုံရေးအရ ဂိတ်ပေါက်တွေက ဝင်ခွင့်ပေးထားပေမဲ့ လုံခြုံရေးက ဂိတ်တွေ အပြောင်းအလဲ ဖြစ်တာတို့၊ ကွင်းအပြင်မှာ နာရီပေါင်းများစွာ စောင့်နေခဲ့ရတာတို့ ရှိတယ်ခင်ဗျ။ ဒါပေမဲ့ အဲဒီလို ပွဲစပြီဆိုရင်တော့ သူတို့ကို အဲဒီလို လုံခြုံရေးတာဝန်ရှိသူတွေက လာပြီးတော့ သူတို့နဲ့ အခြေအတင် ပြောဆိုပြီးတော့မှ ဝင်ခွင့်ပေးလိုက်တာတွေ ဘာတွေ ကျနော်တို့ အဲဒီနေ့မှာ တွေ့ခဲ့ရတယ်ခင်ဗျ။”

ဒီလိုမျိုး လုံခြုံရေးအရ ပြဿနာတချို့ ရှိခဲ့ပေမဲ့ အကြမ်းဖက်တာမျိုး၊ ရုန်းရင်းဆန်ခတ်ဖြစ်တာမျိုးတော့ မရှိခဲ့ဘူးပေါ့နော်။

“ဟုတ်ကဲ့။ အဲဒီလို အကြမ်းဖက်တာမျိုး ရုန်းရင်းဆန်ခတ် ဖြစ်တာမျိုးတော့ မရှိဘူး။ ဒါပေမဲ့ အဲဒီလို စကား အခြေအတင် ပြောရတာ။ ပြီးတော့ အချင်းချင်း နားလည်မှုလွဲတာ၊ လက်မှတ်ထုတ်ပေးတဲ့သူက ဒီဂိတ်မှာ ဝင်ရဖို့အတွက် ထုတ်ပေးထားပေမဲ့၊ လုံခြုံရေးအရ တားမြစ်ထားတဲ့ သူတွေကတော့ ဒီဂိတ်က မဟုတ်ဘူး။ တခြား ဂိတ်က သွားရမယ် အဲဒီလိုမျိုး စကား အခြေအတင် ပြောတာလောက်ပဲဗျ။ ပဋိပက္ခဖြစ်တာမျိုးတော့ မဖြစ်ခဲ့ပါဘူး။”

အခု ဆီးဂိမ်းမှာ မြန်မာက ဒုတိယ ရွှေတံဆိပ် အများစု ရတာပေါ့နော်။ အိမ်နီးချင်း ထိုင်းကတော့ ထိပ်ဆုံးကနေ ဆုတံဆိပ်တွေ အများဆုံး ရသွားတယ်။ မြန်မာက ဘာပဲဖြစ်ဖြစ်တော့ ဒါ အားကစားဘက်မှာ ဒီအဆင့်အတန်းကို ရောက်လာတယ်ဆိုတာ့ အများကြီး တိုးတက်လာတဲ့ အခြေအနေလို့တော့ ပြောလို့ရမယ်ထင်ပါတယ်။ ဆိုတော့ ဒီအပေါ်မှာ ပွဲကိုတက်လာတဲ့ ပရိတ်သတ်တွေကြားမှာရော နောက်ဆုံး ပြိုင်ပွဲ ရလဒ်တွေနဲ့ ပတ်သက်လို့ ဘယ်လို ခံစားချက်တွေ တွေ့ရလဲ။

“ဟုတ်ကဲ့။ သူတို့ကတော့ ရွှေတံဆိပ်က သူတို့အတွက် ၈၆ ခုပဲ သူတို့ရတယ်။ ထိုင်းကတော့ ၁၀၇ ရွှေ့တံဆိပ်ရတယ်။ ဆိုတော့ နိုင်ငံအလိုက်တော့ မြန်မာက ဒုတိယ ရတယ်။ ဒါပေမဲ့ မြန်မာပရိသတ်တွေ အနေနဲ့ကတော့ ဒုတိယ ရတာကို သူတို့အနေနဲ့ ပျော်ရွှင်တဲ့သဘောမှာတော့ တွေ့ရတယ်ခင်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်နိုင်ငံမှာလုပ်တာကို၊ အဓိက က ကိုယ့်နိုင်ငံမှာ ဒီပွဲကြီး အောင်အောင်မြင်မြင် ပြီးစီးသွားတာကိုပဲ သူတို့က ပျော်ရွှင်တဲ့ သဘောမှာ တွေ့ရတယ်ခင်ဗျ။ အဲဒီတော့ ဘယ်လိုပဲဖြစ်ဖြစ် ဒုတိယ ရတာကိုလည်း သူတို့ ဂုဏ်ယူကြတယ်လို့ပဲ ပြောရမယ်ခင်ဗျ။”

လူတွေရော တော်တော်များသလားရှင့်။ ဒီပိတ်ပွဲအခမ်းအနားမှာ လူ ဘယ်နှစ်ယောက်လောက် ရှိမယ်ထင်လဲ။

“ပိတ်ပွဲအခမ်းအနား လာတဲ့သူတွေ ပရိသတ်ကတော့ ကွင်းလုံးပြည့်ပဲဗျ။ ဒီကွင်းက လူ သုံးသောင်းခွဲ ဆန့်တယ်လို့ ကျနော်တို့ သိရတယ်ခင်ဗျ။ အဲဒီအထဲမှာတော့ ပရိသတ်တွေကတော့ အပြည့်ပဲဗျ။ အဲဒီအပြင်ကို လက်မှတ်မရတဲ့သူတွေက အများကြီး ရှိတယ်လို့လည်း ကျနော်တို့ သိရတယ်ခင်ဗျ။ ဝယ်လို့မရတော့လို့ ဆိုပြီးတော့ ကွင်းထဲကို လာကြည့်ခွင့် မရတဲ့သူတွေ အများကြီး ရှိတယ်လို့လည်း ကျနော်တို့ သိရတယ်။ အမှန်အတိုင်း ပြောရရင်တော့ ဖွင့်ပွဲ အခမ်းအနားထက်တော့ ဒီပိတ်ပွဲ အခမ်းအနားက ပိုပြီး မထူးခြားဘူးခင်ဗျ။ နည်းနည်းလေး ပြဿနာရှိတာက အဲဒီ ဝင်လို့မရတဲ့ပြဿနာတွေ၊ ဝင်ရတာ ခက်ခဲတဲ့ပြဿနာတွေ၊ ဂိတ်ပေါက်မှာ ပိတ်မိနေတဲ့ ပြဿနာတွေလောက်ပဲ ရှိတယ်ဗျ။ ပြီးတော့ လူတွေက ပွဲကြီးတခုလုံး ပြီးသွားလို့ ပျော်ရွှင်နေပေမဲ့ သူတို့မှာ နည်းနည်း အားမရတာမျိုး ကျနော်တို့ တွေ့ရတယ်။ ဘာလို့လဲဆိုတော့ ဖွင့်ပွဲလိုပဲ သူတို့က ပိတ်ပွဲကို ပိုပြီးတော့ ဖွင့်ပွဲထက် ပိုကောင်းလိမ့်မယ်လို့ သူတို့က မျှော်လင့်ထားတယ်။ ဒါပေမဲ့ ဖွင့်ပွဲနဲ့ အလားသဏ္ဍာန်တူလောက်ပဲ သူတို့အနေနဲ့ ရတယ်လို့ ကျနော်တို့ ယူဆတယ်ခင်ဗျ။”

ဒါပေမဲ့ ယေဘုယျပြောမယ်ဆိုရင်တော့၊ စောစောက ကိုစည်သူ ပြောသွားတဲ့အတိုင်းဆို လူတွေက အနည်းအများတော့ ကျေနပ်မှု ရှိကြမယ်ထင်တယ်။

“ဟုတ်ပါတယ်ခင်ဗျ။ ဟုတ်တယ်။ သူတို့ ကျေနပ်တယ်ဆိုတာထက် ဒီပွဲကြီးပြီးသွားတဲ့အတွက် သူတို့ ဂုဏ်ယူတယ်လို့ ပြောရင် ပိုမှန်တယ်ခင်ဗျ။”

မနေ့က ဆီးဂိမ်းပြိုင်ပွဲတွေ အားလုံး ပြီးသွားချိန်မှာ မြန်မာက ရွှေ ၈၆၊ ငွေ ၆၂၊ ကြေး ၈၅ နဲ့ နိုင်ငံအလိုက်မှာ ဆုတံဆိပ် ဒုတိယအများဆုံး ရရှိခဲ့ပါတယ်။ အိမ်နီးချင်း ထိုင်းနိုင်ငံက ရွှေ ၁၀၇ ခု၊ ငွေ ၉၄၊ ကြေး ၈၁ နဲ့ ပထမနေရာမှာ ရှိခဲ့ပြီး၊ ဗီယက်နမ်နိုင်ငံက ရွှေ ၇၃၊ ငွေ ၈၆၊ ကြေး ၈၆ နဲ့ တတိယလိုက်ခဲ့တာဖြစ်ပါတယ်ရှင်။