ဥရောပသမဂ္ဂ (EU) က မြန်မာနိုင်ငံအတွက် တတိယအကြိမ် မြောက်ပေးအပ်တဲ့ ရှူးမန်း (Schuman Award) ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးဆုကို မြန်မာနိုင်ငံက လူ့အခွင့်အရေး ဆောင်ရွက်နေတဲ့ ဒေါ်နန်ပူ၊ ဦးရောဘတ်စန်းအောင်နဲ့ ဦးအောင်ကျော်မိုး တို့သုံးဦး ရရှိသွားပါတယ်။ ဆုပေးပွဲကို ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက် ရန်ကုန်ကနေ ပေးပို့ထားပါတယ်။
မြန်မာနိုင်ငံအတွက် တတိယအကြိမ်မြောက် ချီးမြှင့်တဲ့ ရှူးမန်း လူ့အခွင့်အရေးနဲ့ ငြိမ်းချမ်းရေးဆု ပေးအပ်ပွဲ အခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ အီးယူသံအမတ်ကြီး နေအိမ်မှာ ဒီနေ့ဖေဖော်ဝါရီ ၁၄ ရက် ညနေပိုင်းမှာ ကျင်းပတာပါ။
တပ်မတော်ကို အသရေဖျက်မှုနဲ့ ထောင် ၆လ ကျနေတဲ့ ကချင်စစ်ပွဲအတွင်းပိတ်မိနေတဲ့ ဒေသခံတွေလွတ်မြောက်ဖို့ ဆောင်ရွက်နေတဲ့ Htoi Gender ဖောင်ဒေးရှင်း ဒါရိုက်တာ နန်ပူ၊ ငြိမ်းချမ်းရေးအတွက် တက်ကြွလှုပ်ရှားဆောင်ရွက်သူ ဦးအောင်ကျော်မိုးနဲ့ လူ့အခွင့်အရေး ကာကွယ်ပြောဆိုသူ ဦးရောဘတ်စန်းအောင်တို့သုံးယောက်က ဒီနှစ်အတွက် ဆုကိုရရှိခဲ့ပါတယ်။
ဒီဆုအတွက်ရွေးချယ်တဲ့နေရာမှာ တက်ကြွလှုပ်ရှားသူတွေ၊ သုတေသီတွေ၊ နိုင်ငံရေးသမားတွေ၊ လူမှုရေးအသင်းအဖွဲ့ကသူတွေ၊ သတင်းသမားတွေ၊ ရှေ့နေတွေနဲ့ ရပ်ရွာခေါင်းဆောင်တွေထဲက ထင်ရှားတဲ့သူတွေကို ဥရောပသမဂ္ဂနိုင်ငံတွေက ပူးတွဲရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ဒီဆုကိုရတဲ့အတွက် တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က သူရဲ့ လူ့အခွင့်အရေးအပေါ် မြင်တဲ့ သဘောထားကို အခုလိုပြောပါတယ်။
“ကနော်ကတဖက်တလမ်းကနေ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေကိစ္စရပ်တွေ လူ့ဘောင်ဘဝအတွက်ကြိုးပမ်းဆောင်ရွက်နေပါတယ်။ အဲဒီလိုဆောင်ရွက်နေချိန်မှာ အသက်အန္တရာယ်ကို အမျိုးမျိုးခြိမ်းခြောက်မှုတွေက အင်တာနက် လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာမကတယ်လီဖုန်တွေနဲ့လည်းပဲ ရင်ဆိုင်နေရပေမယ့်လို့ ကျနော့အနေနဲ့နောက်ဆုတ်သွားမှာမဟုတ်ဘူး အခုလို အီးယူနိုင်ငံတွေက ပေးအပ်လိုက်တဲ့ ဂုဏ်ပြုဆုနဲ့အတူ ဂုဏ်ယူစွာနဲ့ရှေ့ကိုဆက်လက်ဆောင်ရွက်သွားမယ်လို့ ကျနော်ကတိပြုပါတယ်”
အခု ဆုရရှိသူ သုံးယောက်ဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ရပ်တန့်ပေးဖို့ တောင်းဆိုနေတဲ့သူတွေ ဖြစ်တဲ့အတွက် ဒီဆုနဲ့ထိုက်တန်တယ်လို့ ၂၀၁၇ ခုနှစ်က အလားတူ ရှူးမန်း လူ့အခွင့်အရေးဆုရခဲ့သူ၊ ညီညွတ်ခြင်းမြန်မာ အဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောပါတယ်။
“လူတွေရဲ့ အခွင့်အရေးချိုးဖောက်ခံရမှုကို တောင်းဆိုမှုကြောင့်ဖြစ်တဲ့အတွက် ပေးအပ်တယ်လို့ ကျနော်ကယုံကြည်တယ်။ ပေးလည်းပေးသင့်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ငြိမ်းချမ်းရေးတောင်းဆိုခြင်းဟာ ရာဇဝတ်မှုမဟုတ်ပါဘူး၊ လူတိုင်းနဲ့သက်ဆိုင်သော အခြေခံကျတဲ့လူ့အခွင့်အရေးတရပ်ဖြစ်တယ်။ အဲဒီအပေါ်မှာမှ အရေးယူခြင်းကိစ္စဖြစ်လာတဲ့အတွက် ဒီဆုဟာ သူတို့သုံးယောက်နဲ့ထိုက်တန်တယ်လို့ ကျနော်ယုံကြည်ပါတယ်။”
ရှူးမန်း လူ့အခွင့်အရေးဆုကိုတော့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြးဟောင်းနှင့် ဥရောပသမဂ္ဂ တည်ထောင်သူဖြစ်တဲ့ ရောဘတ်ရှုးမန်း RobertSchuman နာမည်ကိုစွဲပြီးပေးထားတဲ့ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ကာကွယ်သူတွေရဲ့ စွမ်းဆောင်ရည်ကို အသိအမှတ်ပြုတဲ့အနေနဲ့ ဥရောပသမဂ္ဂ အနှစ် (၆၀) ပြည့် အထိမ်းအမှတ် ၂၀၁၇ ခုနှစ်ကစလို့ နှစ်စဉ်ပေးအပ်လာခဲ့တာပါ။
ဒါကြောင့် မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီ၊ တရားဥပဒေစိုးမိုးရေး၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးနဲ့ မတူကွဲပြားမှုတွေကို မြှင့်တင်တဲ့နေရာမှာ ထူးချွန်ပြောင်မြောက်တဲ့သူတွေကို ရွေးချယ်ချီးမြှင့်တာဖြစ်ပြီး တခြားကမ္ဘာ့နိုင်ငံတွေက အပြောင်းအလဲလိုလားတဲ့ သူတွေနဲ့ ကွန်ရက်တစ်ခု ဖန်တီးပေးနိုင်ဖို့လည်း ရည်ရွယ်တာဖြစ်ပါတယ်။
ဒီနှစ် မြန်မာနိုင်ငံအတွက် တတိယအကြိမ်မြောက် ချီးမြှင့်ပွဲမှာ ဆုရရှိသူ သုံးဦးနဲ့ပါဆိုရင် ရှူးမန်းဆုရှင် မြန်မာနိုင်ငံသား ၉ ဦးရှိသွားပြီဖြစ်ပါတယ်။
Your browser doesn’t support HTML5