မကွေးတိုင်းဒေသကြီးက ဆောမြို့နယ် ကျောက်မီးသွေးတွင်းမှာ ပိတ်မိနေသူ ၄ ယောက် ကျန်နေပမယ့်၊ မြေပြိုတာနဲ့ ဓါတ်ငွေ့တွေ တွင်းထဲမှာ ရှိနိုင်တာကြောင့် ကယ်ဆယ်တဲ့လုပ်ငန်းကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ကယ်ဆယ်ရာမှာ ပါဝင်ဆောင်ရွက်ခဲ့သူက ပြောပါတယ်။ ပိတ်မိနေသူတွေ သေဆုံးသွားပြီလို့လည်း ကယ်ဆယ်ရေးဆောင်ရွက်သူတွေက ခန့်မှန်းထားပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
ဒီလ ၆ရက်နေ့ကဖြစ်ပွားတဲ့ ဆောမြို့နယ် ကျောက်မြောင်းရွာအနီးရှိ ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုမှာ ပထမနေ့မှာ လူ ၃ဦး၊ ဒုတိယနေ့မှာ ၁ဦးရဲ့ ရုပ်အလောင်း ရရှိခဲ့ပြီး ၄ ဦးကျန်နေခဲ့တာပါ။ ကျန်နေတဲ့သူတွေကို ဆက်လက် ရှာဖွေတဲ့လုပ်ငန်းတွေ ဒီနေ့ ၉ ရက် နေ့မှာတော့ ရပ်ဆိုင်းလိုက်ပြီဖြစ်ပါတယ်။
ကယ်ဆယ်ရေးလုပ်ငန်းမှာ ပါဝင်ဆောင်ရွက်ခဲ့သူ ဆောမြို့နယ်က ကြက်ခြေနီတပ်ဖွဲ့မှုး ဦးစံဝင်းက ရပ်ဆိုင်းလိုက်တဲ့ အခြေအနေကို အခုလို ပြောပါတယ်။
“ တွင်းမှာလေ မနေ့ကတုန်းက မီတာ ၆၀၀လောက် ဆင်းတယ်။ တွင်းထဲကို။ မီတာ ၆၀၀လောက်ပြီး ထိပ်မှာ ပိတ်နေတာဗျ။ မြေတွေလည်း ပြိုတယ်။ ထပ်ပြိုတယ်ဆိုတော့ ကယ်ဆယ်ဖို့ အဆင်မပြေဘူးဆိုပြီးမှ သတ္ထုတွင်း ဌာနနဲ့ ညှိနှိုင်းပြီးခါကမှ ကယ်ဆယ်ဖို့ကို ရပ်ဆိုင်းလိုက်တာဗျ။ မနေ့ကတုန်းက သတ္ထုတွင်းက ပညာရှင် ၃ဦးနဲ့ ကျွမ်းကျင်လုပ်သား ၈ဦးဆင်းတယ်ဗျ။ ဓါတ်ငွေ့တွေကလည်း ထွက်တုန်းဆိုတော့ ထပ်ပြီးကယ်ဆယ်ဖို့ရာ အန္တရာယ်များပြီး အဆင်မပြေဘူးဆို ရပ်ဆိုင်းလိုက်တာဗျ။ ၄ယောက်ကျန်တယ်ဗျ။ အသက်မရှိတော့ဘူးလို့ပဲ ခန့်မှန်းရတယ်ဗျ။ ”
သတ္ထုတွင်းဝန်ကြီးဌာနရဲ့ သတ္ထုတွင်း ဦးစီးဌာန(နေပြည်တော်)က တာဝန်ရှိသူတဦးကတော့ ကယ်ဆယ် ဆောင်ရွက်ခဲ့မှုအခြေအနေကို အခုလို ရှင်းလင်းပြောဆိုပါတယ်။
“ ကျွမ်းကျင်တဲ့အဖွဲ့ ၁၁ ယောက်အဖွဲ့၊ ၆ယောက်တဖွဲ့ကို ထပ်ခေါ်ပါတယ်။ သူတို့နဲ့ ဝင်ပြီးလုပ်တဲ့အခါကျတော့ အထဲမှာ မြေသားကြံ့ခိုင်မှု က ပေါက်ကွဲမှုဖြစ်ပြီးတဲ့အခါမှာ အားနည်းတာပေါ့နော်။ အားနည်းတော့ အထဲကို ဝင်တဲ့အချိန်မှာ ကန့်သတ်ချက်တွေ ရှိလို့ မနေ့ကတော့ အထဲမှာကျန်တဲ့ ၄ဦးကိုတော့ ကယ်ဆယ်ရေးဆက် မလုပ်တော့ပါဘူး။ ”
ကျောက်မီးသွေးတွင်း ပေါက်ကွဲပြိုကျမှုဖြစ်စဉ်ကိုတော့ စုံစမ်းစစ်ဆေးနေဆဲရှိကြောင်း ပြောပါတယ်။
ဒီပေါက်ကွဲမှုဟာ ထွန်းရာဇသတ္ထုတူးဖော်ရေးကုမ္ပဏီလီမိတက်လုပ်ကွက်ဖြစ်ပွားခဲ့တာဖြစ်ပြီး လောလောဆည် မှာ ကုမ္ပဏီက တွင်းမန်နေဂျာကို ရဲတပ်ဖွဲ့က အမှုဖွင့် အရေးယူထားတယ်လို့လည်း ဆောမြို့နယ် ရဲတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
“ တွင်းမန်နေဂျာကို ကျနော်တို့ ဆောမြို့မ ရဲစခန်းကနေ အမှုဖွင့် အရေးယူဆောင်ရွက်ထားပါတယ်။ လူသေမှုရယ်၊ အပြင်းအထန်ဒဏ်ရာရရှိစေမှုရယ်ပါ။ ”
၂၀၁၇ခုနှစ် နိုဝင်ဘာလက မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် ငဖဲ- ရွှေစက်တော်ကားလမ်းဘေးက ကျောက်မီးသွေးတွင်းပြိုကျမှုမှာ လူ ၈ယောက် သေဆုံးခဲ့သလို ဒီနှစ် မတ်လက စစ်ကိုင်းတိုင်းဒေသကြီး သစ်ချောက်ကျောက်မီးသွေးတွင်းဒေသမှာ အောက်စီဂျင်ပြတ်လပ်တာကြောင့် တရုတ်နိုင်ငံသား ၁ဦး၊ သြဂုတ်လမှာ တရုတ်နိုင်ငံသား ၁ ဦးနဲ့ မြန်မာ၄ဦး သေဆုံးခဲ့ဖူးပါတယ်။
Your browser doesn’t support HTML5