ဆော်ဒီသတင်းစာဆရာ Jamal Khashoggi သတ်ဖြတ်ခံရမှုအပေါ် အမေရိကန်အစိုးရရဲ့ တုံ့ပြန်ပုံဟာ ကိုယ်ကျင့်သိက္ခာအခြေခံတွေ ကင်းမဲ့နေကြောင်း ရည်းစားဖြစ်သူက ဝေဖန်လိုက်ပါတယ်။
သတ်ဖြတ်မှုမှာ တာဝန်ရှိသူတွေကို တရားဥပဒေရှေ့မှောက် အရောက်ပို့နိုင်အောင် နိုင်ငံတွေ အားလုံး ထဲမှာ အမေရိကန်က ဦးဆောင်သင့်ကြောင်း သတင်းစာဆရာ Khashoggi ရဲ့ ချစ်သူဖြစ် တဲ့ Hatice Cengiz က ဒီနေ့ထုတ် Washington Post သတင်းစာရဲ့ သဘောထားအမြင် ဆောင်းပါးမှာ ရေးသား လိုက်တာပါ။ ဒါပေမဲ့လည်း ဝါရှင်တန်က တချို့လူတွေဟာ အချိန်ဆွဲတဲ့ နည်းဗျုဟာကိုသုံးပြီး မေ့မေ့ပျောက်ပျောက် ဖြစ်ဖို့ မျှော်လင့်နေကြောင်းလည်း ပြောဆိုထားပါတယ်။
Khashoggi သေဆုံးမှုအတွက် တရားမျှတမှုရရှိစေရေး သမ္မတ Donald Trump အစိုးရကို ဆက်လက် တွန်းအားပေးသွားမှာဖြစ်ပြီး အမှန်တရားကို ဖုံးကွယ်လို့ မရနိုင်ကြောင်းလည်း ဖော်ပြ ထားပါတယ်။ New York Times သတင်းစာကတော့ အမေရိကန်သမ္မတ အိမ်ဖြူတော် တာဝန် ရှိသူတွေ အောက်တို ဘာလ ၉ ရက်နေ့က ဆော်ဒီအိမ်ရှေ့မင်းသား Mohammed bin Salman နဲ့ တယ်လီဖုန်းဆက် စကားပြောဆိုရာမှာ အိမ်ရှေ့မင်းသားက Khashoggi ကို အန္တရာယ်ရှိသူ အစ္စလာမ်ဝါဒီတဦးအဖြစ် သဘောထားတဲ့အတွက် ဒါဟာ သတ်ဖြတ်ခဲ့တဲ့အကြောင်းရင်း ဖြစ်နိုင်တယ် ဆိုတာကို သိရှိထားပြီး ဖြစ်တဲ့အကြောင်း နီးစပ်သူ ၂ ဦးကို ကိုးကားပြီး ဒီကနေ့ပဲ ဖော်ပြခဲ့တာပါ။
ဒါပေမဲ့လည်း အရှေ့အလယ်ပိုင်း ဒေသရေးရာ မူဝါဒတွေမှာ ဆော်ဒီအိမ်ရှေ့မင်းသားကို အဓိက ဦးဆောင်သူအဖြစ် အားထားနေတဲ့အတွက် သူ့သြဇာအရှိန်အဝါကို အထိခိုက်မခံဖို့ သမ္မတ Trump အစိုးရက ဆုံးဖြတ်ခဲ့တယ်လို့လည်း ရေးသားထားပါတယ်။ အမေရိကန်မှာ အခြေစိုက်နေထိုင်တဲ့ ဆော်ဒီသတင်းစာဆရာ Khashoggi ဟာ ပြီးခဲ့တဲ့လထဲမှာပဲ တူရကီနိုင်ငံ အီစတန်ဘူလ်မြို့က ဆော်ဒီကောင်စစ်ဝန်ရုံးမှာ လက်ထပ်ဖို့ လိုအပ်တဲ့ အထောက်အထားတွေရဖို့ သွားရောက်ခဲ့ပြီးနောက် ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
Your browser doesn’t support HTML5