[[Zawgyi/Unicode]]
စစ်ကိုင်းတိုင်းဒေသကြီးကလေးမြို့နယ် ချောင်းခွနဲ့ ဟားခါးလေးကျေးရွာအနားမှာ ဒီမနက် ဒေသခံ PDF အဖွဲ့နဲ့ စစ်ကောင်စီတပ်တို့တိုက်ပွဲဖြစ်ပွါးနေသလို ကျေးရွာနှစ်ရွာက နေအိမ်တချို့ မီးလောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရွာသားထောင်ချီကလည်း စစ်ဘေး တိမ်းရှောင်နေရပါတယ်။ ဒီအကြောင်းရန်ကုန်ကလာတဲ့သတင်း ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။
ကလေးမြို့နယ် ချောင်းခွနဲ့ ဟားခါးလေးကျေးရွာနားမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ PDF အဖွဲ့တို့ တိုက်ပွဲဖြစ်ပွါးနေတယ်လို့ ချောင်းခွဒေသခံတဦးက ပြောပါတယ်။
“ချောင်းခွရဲ့အထက်ဘက် ဟားခါးလေးရဲ့အထက်ဘက်တောင်တလုံးမှာ။ ဖြစ်စဉ်ကတော့ သူတို့က တက်ချတာပေါ့။ တောင်တလုံးဘက်ဆိုတာလေ။ သူတို့ကတက်လာလို့တိုက်ပွဲစတာပေါ့။”
နတ်ချောင်းကျေးရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကနေထိုးစစ်ဆင်လာလို့ တိုက်ပွဲဖြစ်ပွါးတာဖြစ်ပြီး ဒီတိုက်ပွဲအတွင်း ရွာမီးရှို့ခံရတာရှိနေတယ်လို့ ဒေသခံ PDF ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။
“ဟုတ်ပါတယ်ဗျာ။ တိုက်ပွဲကမနက် ၆ နာရီခွဲ ၇ နာရီပါတ်ဝန်းကျင်ကတည်းကဖြစ်နေတာပါ။ နတ်ချောင်းရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကနေအနောက်ဘက် ချောင်းခွဘက်ကို တဖြေးဖြေးတက်လာတယ်။ ချောင်းခွမှာလည်း နေအိမ်တွေ တော်တော်များများမီးရှို့သွားတယ်။ အခုဆက်လက်ပြီးမှလာ်ဒ တိုက်ပွဲအပြင်းထန်နေတုန်းပါပဲ။ အခြေအနေမငြိမ်သေးပါဘူး။ လက်ရှိလည်း ချောင်းခွရဲ့အနောက်ဘက်က ဟားခါးလေးရွာမှာလည်း မီးရှို့နေတယ်ဗျ။”
တိုက်ပွဲဖြစ်ပွါးမှုဖြစ်စဉ်တွေမှာ ထိခိုက်မှုတော့မသိရသေးပါဘူး။ တိုက်ပွဲဖြစ်ပွါးစဉ် ဟားခါးလေးရွာ မီးရှို့ခံရတယ်လို့ ဟားခါးလေးဒေသခံတဦးကပြောပါတယ်။
“ဟားခါးလေးလည်း ရှို့တယ်လေ။ အဝေးကနေမြင်တယ်ဆိုတော့လေ ပြောလို့မရဘူး။”
မနေ့ကလည်း ချောင်းခွရွာကအိမ်ခြေတချို့မီးရှို့ခံရတယ်လို့ ချောင်းခွရွာခံတဦးကပြောပါတယ်။
“ဒီမနက်လည်း ထပ်ဖြစ်တယ်။ ချောင်းခွဘက်မှာပေါ့နော်။ မနေ့ကလည်းဖြစ်တယ်။ အနည်းဆုံးအိမ် (၆) အိမ်ရယ်၊ ကားတွေ၊ ဆိုင်ကယ်တွေ နောက်ပြီးတော့ သုံးဘီးတစီး မီးလောင်တယ်။ စစ်တပ်ကပေါ့ဗျ အကို။”
ဒီမနက်ပစ်ခတ်မှုကြောင့်နတ်ချောင်း၊ ချောင်းခွ၊ ရေစို၊ ဟားခါးလေး၊ ပါမွန်ချောင်းကျေးရွာက ရွာသား (၂,၀၀၀) ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ကြပါတယ်။ ဒီအခြေအနေကို ဟားခါးလေးဒေသခံတဦးက အခုလိုပြောပါတယ်။
“ဒီမနက်တိုက်ပွဲဖြစ်တယ်။ ကျနော်တို့လည်း ရွာထဲမှာမနေတော့ဘူး။ မနက်ကတည်းကထွက်ခဲ့တာ။ ရွာထဲမှာမပြောင်းတဲ့သူလည်း (၁၅) ယောက်လောက်ပဲ ရှိတာ။ တခြားနတ်ချောင်း၊ ချောင်းခွ၊ ဟားခါးလေး၊ ရေစို၊ ပါမွန်ချောင်း အဲဒီရွာကတော့အကုန်ပြေးတော့တာ။ (၂,၀၀၀) လောက်တော့ရှိမှာ။”
ဒါ့အပြင် ဟားခါးလေးရွာသားတချို့ကို ဟားခါးလေးဘုရားကျောင်းမှာ ပိတ်လှောင်ထားတယ်လို့ ဟားခါးလေး ကျေးရွာသား ကိုပီတာကပြောပါတယ်။
“ဟားခါးလေးဘက်မှာလည်း ဒီစစ်ရှောင်တွေကို ဘုရားကျောင်းထဲဝင်ခိုင်းထားပြီးမှ ပိတ်ထားတဲ့ ပုံစံမျိုးပေါ့နော်။ ဟိုဖမ်းထားတဲ့ပုံစံမျိုး။ ဖုန်းတွေလည်း ပိတ်ထားတယ်။”
ဟားခါးလေးရွာဟာ ကလေးမြို့နဲ့(၁၃) မိုင်ကျော်ကွာဝေးပြီး နတ်ချောင်းကနေ ဝေဘူလ-ဖလမ်းကားလမ်းမပေါ်မှာ ရှိနေပါတယ်။ ဟားခါးလေးကျေးရွာဘက် ကလေးကာကွယ်ရေးအဖွဲ့ PDF နဲ့ တိုက်ပွဲဖြစ်ပွါးမှုအခြေအနေကိုသိရှိဖို့ စစ်ကောင်စီ ပြောခွင့်ရကိုဆက်သွယ်ခဲ့ပေမယ့် မရခဲ့ပါဘူး။
ဒီနေ့ နေ့လယ်ပိုင်းမှာလည်း ကလေးမြို့အတွင်းပေါက်ကွဲမှုဖြစ်ပွါးခဲ့ပြီး တစုံတရာထိခိုက်မှုမရှိဘူးလို့ ကလေးမြို့ခံတဦးကပြောပါတယ်။
“မြို့ပေါ်မှာလည်း ဒီ (၁၂) နာရီကျော်လောက်မှာပေါ့နော်။ မြို့တော်ခန်းမအနားရယ်။ နောက်ပြီးတော့ကလေးမြို့ အထက (၆) ပေါ့နော်၊ အဲဒီအနားမှာ အထက(၆) ကျောင်းဝင်း ဗုံးတလုံးကွဲတယ်။ ဒီလို ဗုံးနှစ်လုံးတပြိုင်တည်းခွဲတာပေါ့နော်။ ဘယ်သူ လုပ်တယ် ဘာညာ ထိခိုက်ဒဏ်ရာရဘာညာတော့ မကြားသေးဘူးဗျ။”
ဒီဇင်ဘာ (၂၈) ရက်နေ့ကလည်း နတ်ချောင်းရွာမှာ နေအိမ်တချို့မီးလောင်ကျွမ်းခဲ့ပြီး စစ်ရေးတင်းမာနေစဉ် အတွင်းအိမ်အလုံး (၂၀) လောက် မီးရှို့ခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၃ ရက်နေ့ကတည်းက ကလေးမြို့နယ်တောင်ပိုင်းဒေသကို စစ်ကောင်စီတပ်တွေကနေ ထိုးစစ်ဆင်မှုပြုလုပ်ခဲ့တာပါ။
ဒီဇင်ဘာ(၂၆) ရက် ညပိုင်းမှာ နတ်ချောင်းကျေးရွာအထက်တန်းကျောင်းနားမှာ စခန်းချထားတဲ့စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) PDF ကလေးနဲ့ ချင်းအမျိုးသားကာကွယ်ရေးအဖွဲ့ CNDF ပူးပေါင်းအဖွဲ့တို့ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွါးခဲ့ပါတယ်။
ကလေးမြို့နယ်မှာ အခုလို PDF အဖွဲ့နဲ့ စစ်တပ်အကြား တိုက်ပွဲတွေရှိနေသလို စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေလည်း နည်းလမ်းပေါင်းစုံနဲ့ နေ့စဉ်လို ဆက်ရှိနေပါတယ်။
Your browser doesn’t support HTML5
============
[[Unicode]]
============