မြန်မာ့အရေး ဖြေရှင်းဖို့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) က ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အခုနောက်ဆုံး ပြောင်းလဲဖြစ်ထွန်းမှုတွေအပေါ် မူတည်ပြီး တုံ့ပြန်ဆောင်ရွက်ဖို့ လိုအပ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က တိုက်တွန်းလိုက်ပါတယ်။
လက်ရှိအခြေအနေအရ အာဆီယံရဲ့ ဘုံသဘောတူညီချက်ကို ကျော်လွန်ဆောင်ရွက်ဖို့ အချိန်တန်ပြီလို့လည်း ကုလသမဂ္ဂ အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ SAC-M က ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ တိုက်တွန်းထားတာပါ။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ မြန်မာနိုင်ငံက အကျပ်အတည်းတွေကို ဖြေရှင်းဖို့ ချမှတ်ခဲ့တဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို စစ်ကောင်စီက လက်ခံခဲ့ပေမဲ့ လက်တွေမှာ အကောင်အထည်ဖော်ဖို့ ပျက်ကွက်နေတယ်လို့လည်း ပြောပါတယ်။
ဒီအတွက်လည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တိုင်းရင်းသား အဖွဲ့အစည်းတွေ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ ထိတွေ့ဆက်ဆံပြီး ချဉ်းကပ်မှုတွေကို ပုံစံပြောင်းဖို့လည်း တိုက်တွန်းထားတာပါ။ အလားတူ ကုလသမဂ္ဂ အနေနဲ့လည်း မြန်မာနိုင်ငံက ပြောင်းလဲဖြစ်ထွန်းမှုတွေနဲ့ ကိုက်ညီတဲ့ တုံ့ပြန်မှုတွေ လိုအပ်ကြောင်း ထောက်ပြထားပါတယ်။