စစ်ကောင်စီလက်နက်ထုတ်လုပ်ရေး နိုင်ငံတကာကုမ္ပဏီတချို့ပတ်သက်မှု SAC-M ထုတ်ပြန်

တပ်မတော်နေ့စစ်ရေးပြအခမ်းအနား

ဩစတေးလျ၊ ပြင်သစ်၊ တရုတ်၊ စင်ကာပူ၊ အစ္စရေး၊ ယူကရိန်း၊ ဂျာမဏီ၊ ထိုင်ဝမ်၊ ဂျပန်၊ ရုရှား၊ တောင်ကိုရီယားနဲ့ အမေရိကန်ပြည်ထောင်စုတို့မှာ အခြေစိုက်တဲ့ ကုမ္ပဏီတချို့ဟာ စစ်ကောင်စီရဲ့ စစ်လက်နက်ထုတ်လုပ်မှုတွေမှာ ပါဝင်ပတ်သက်နေကြတယ်လို့ SAC-M ရဲ့ ဒီကနေ့ထုတ်ပြန်တဲ့ အစီရင်ခံစာမှာဖော်ပြတာပါ။

မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာအသုံးပြုတဲ့ စစ်ကောင်စီရဲ့ စစ်လက်နက်ပစ္စည်းတွေ ထုတ်လုပ်ရာမှာဥရောပ၊ အာရှနဲ့ မြောက်အမေရိကားအပါအဝင် နိုင်ငံပေါင်း ၁၃နိုင်ငံထက်မနည်းက စီးပွားရေးကုမ္ပဏီတွေ ပါဝင်ပတ်သက်နေကြတယ်လို့ SAC-M မြန်မာနိုင်ငံအတွက် အထူးအကြံပေးကောင်စီက ထုတ်ပြန်ပါတယ်။ ဩစတြေးလျ၊ ပြင်သစ်၊ တရုတ်၊ စင်ကာပူ၊ အစ္စရေး၊ ယူကရိန်း၊ ဂျာမဏီ၊ ထိုင်ဝမ်၊ ဂျပန်၊ ရုရှား၊ တောင်ကိုရီယားနဲ့ အမေရိကန်ပြည်ထောင်စုတို့မှာ အခြေစိုက်တဲ့ ကုမ္ပဏီတချို့ဟာ စစ်ကောင်စီရဲ့ စစ်လက်နက်ထုတ်လုပ်မှုတွေမှာ ပါဝင်ပတ်သက်နေကြတယ်လို့ "လူ့အသက်တွေဆုံးရှုံးရတဲ့စီးပွားရေးလုပ်ငန်းများ" ဆိုတဲ့ SAC-M ရဲ့ ဒီကနေ့ထုတ်ပြန်တဲ့ အစီရင်ခံစာမှာဖော်ပြတာပါ။

ကပစ လို့ အများသိတဲ့ စစ်ကောင်စီရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံတွေက စစ်လက်နက်ထုတ်လုပ်မှုတွေမှာ အဲဒီ ကုမ္ပဏီတွေက ထောက်ပံ့ ပံ့ပိုးနေကြတယ်လို့ ဆိုပါတယ်။ မြန်မာလူထုကို နေ့စဉ် လူ့အခွင့်အရေးချိုးဖောက်မှုတွေကျူးလွန်နိုင်ဖို့ စစ်ကောင်စီရဲ့ စစ်လက်နက်ထုတ်လုပ်မှုတွေမှာ ဒီကုမ္ပဏီတွေ ပါဝင်ပတ်သက်နေကြတယ်လို့ SAC-M အဖွဲ့က Ms.Yanhee Lee က ပြောပါတယ်။

နိုင်ငံတကာဥပဒေကိုချိုးဖောက်ရာရောက်တဲ့ မြန်မာနိုင်ငံတွင်းလူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ စစ်ကောင်စီက အဲဒီ့စစ်လက်နက်ပစ္စည်းတွေကို အသုံးပြုနေတာကြောင့်၊ စစ်ကောင်စီရဲ့ လက်နက်ထုတ်လုပ်မှုလုပ်ငန်းတွေမှာ မပတ်သက်ကြဖို့ SAC-M က အဲဒီ လုပ်ငန်းကုမ္ပဏီတွေကို တိုက်တွန်းတောင်းဆိုထားပါတယ်။ မြန်မာစစ်ကောင်စီရဲ့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ စစ်လက်နက်ပစ္စည်းသယ်ယူပို့ဆောင်မှုဆိုင်ရာ ပေါက်ကြားလာတဲ့ မှတ်တမ်းတွေ၊ မြန်မာစစ်တပ်နဲ့ပတ်သက်ခဲ့သူတဦးချင်းနဲ့ အင်တာဗျူးတွေ၊ အခြားဓါတ်ပုံအထောက်အထားတွေအပေါ် တည်ပြီး ဒီအစီရင်ခံစာကို ပြုစုခဲ့တာလို့ ဆိုပါတယ်။

SAC-M အဖွဲ့ဟာ မြန်မာ့အရေးဆိုင်ရာ ကုလလူ့အခွင့်အရေးအရာရှိဟောင်းတွေ စုဖွဲ့ထားတာဖြစ်ပြီး၊ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မပြတ်စောင့်ကြည့်ဝေဖန်နေတဲ့အဖွဲ့ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းနေရာအတော်များများမှာ မတည်ငြိမ်မှုတွေ စစ်ရေးပဋိပက္ခတွေကြုံနေရတာပါ။ မြန်မာနိုင်ငံမှာ အရပ်သားပြည်သူတွေကို ဖိနှိပ်ရာမှာ ပြည်တွင်းထုတ်လက်နက်တွေကို အသုံးပြုနေတယ်လို့ SAC-M က ဖော်ပြပါတယ်။

အစီရင်ခံစာထဲ ဖော်ပြတဲ့ ကုမ္ပဏီတွေဟာ အဲဒီလက်နက်ထုတ်လုပ်ရေးမှာ လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်း၊ သင်တန်းနဲ့ နည်းပညာထောက်ပံ့မှုတွေလုပ်နေတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် မြန်မာစစ်တပ်နဲ့ နှီးနွယ်ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းတွေကိုလည်း အနောက်နိုင်ငံအများစုက ပစ်မှတ်ထားဒဏ်ခတ်မှုတွေတိုးလုပ်နေပါတယ်။

Your browser doesn’t support HTML5

စစ်ကောင်စီလက်နက်ထုတ်လုပ်ရေး နိုင်ငံတကာကုမ္ပဏီတချို့ပတ်သက်မှု SAC-M ထုတ်ပြန်

{Unicode}





