ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ စစ်ကောင်စီတို့ပူးပေါင်းပြီး ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ငါးခုမှာ ဇန်နဝါရီလ ၁၉ ရက်နေ့ထဲ စတင်ပြီး ကိုဗစ်ကာကွယ်ဆေးတွေ ထိုးပေးနေပါတယ်။ ဒီအစီအစဉ်နဲ့ ကိုဗစ်ကာကွယ်ဆေးထိုးပြီးသူ ဒီနေ့ ဇန်နဝါရီလ ၂၅ ရက်နေ့အထိ ၅ မြို့နယ်ပေါင်းမှာ ၅၀၀၀ ကျော်ရှိပြီး AA တပ်ဖွဲ့ဝင်တချို့လည်း ပါတယ်လို့ AA အဖွဲ့ပြောခွင့်ရ ခိုင်သုခက ဗွီအိုအေကို ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကနေ သတင်းရေးသားပေးပို့ထားပါတယ်။
ရခိုင်ပြည်နယ်က ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာ ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ စစ်ကောင်စီတို့ပူးပေါင်းပြီး ဒေသခံပြည်သူတွေကို ကိုဗစ်ကာကွယ်ဆေးထိုး အစီအစဉ်လုပ်နေပါတယ်။ ကျန်းမာရေးဌာနတာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး ကိုဗစ်ကာကွယ်ဆေးထိုးပေးနေတဲ့အကြောင်း AA အဖွဲ့ ပြောခွင့်ရ ခိုင်သုခက ဗီအိုအေကို ခုလိုပြောပါတယ်။
“ ကိုဗစ်ကာကွယ်ဆေးကတော့ ကျနော်တို့ ဇန်နဝါရီလ ၁၉ ရက်နေ့က စပြီးတော့ မြို့နယ် ငါးခုမှာ ထိုးပေးနေတာဖြစ်ပါတယ်၊ အဓိကကတော့ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်နဲ့ မြောက်ဦးပေါ့နော်၊ အဲဒီငါးမြို့နယ်မှာ SAC နဲ့ ကျနော်တို့ကြားမှာ ကြိုတင်ညှိနှိုင်း သဘောတူညီချက်အရ SAC ရဲ့ ကျန်းမာရေးဌာနက လာရောက်ပြီးတော့ ကိုဗစ်ကာကွယ်ဆေးတွေကို ထိုးပေးနေတာရှိတယ်ဗျာ။ ဒီနေ့အထိဆိုလို့ရှိရင်တော့ ငါးရက်ရှိပြီပေါ့နော်၊ ဘာကြောင့်လည်း ဆိုတော့ ဒီဟာကတော့ ကမ္ဘာလုံးဆိုင်ရာ ကိုဗစ် ကပ်ရောဂါ ကာကွယ်ရေး လှုပ်ရှားမှုဖြစ်တဲ့ အတွက် ကြောင့် ကျနော် တို့ ဖက်ကလည်း အပြည့်အဝ ပူးပေါင်း ဆောင်ရွက်နေတာဖြစ်ပါတယ်။”
အိန္ဒိယနိုင်ငံထုတ် Covishield ကိုဗစ်ကာကွယ်ဆေးထိုးပေးနေတာဖြစ်ပါတယ်။ ရခိုင်မြို့နယ် ၅ ခုမှာ ဇန်နဝါရီလ ၂၄ ရက်နေ့အထိ ကိုဗစ်ကာကွယ်ဆေးထိုးပြီးသူ ၅ ထောင်ကျော်အထိ ရှိနေပြီး အဲဒီထဲမှာ AA တပ်ဖွဲ့ဝင်တစ်ချို့ ပါဝင်ပါတယ်။ AA တပ်ဖဲ့ွဝင်တွေပါတယ်ဆိုပေမဲ့ ဆေးထိုးပေးတဲ့ ပြည်သူတွေအရေအတွက်က ပိုများတယ်လို့ ခိုင်သုခကပြောပါတယ်။
“ မနေ့က ဇန်နဝါရီလ ၂၄ရက်နေ့ ညနေအထိတော့ ဆေးထိုးပြီးတဲ့ လူက အကုန်လုံး ၄၂၀၇ ယောက် ထိုးပြီးပြီဗျာ၊ ဒီနေ့ဆိုလို့ရှိရင်တော့ အားလုံးပေါင်းရင်တော့ ငါးထောင်နဲ့ ငါးထောင် အထက်လောက်ထိဒါ ထိုးပြီးမှာပေါ့နော်၊ ကျနော်တို့ အဓိကကတော့ ပြည်သူတွေကို အဓိက ထားထိုးပေးနေတာဖြစ်တယ်ဗျာ၊ အဲဒီမှာ ပြည်သူတွေ သွားရေးလာရေး လွယ်ကူမယ့် နေရာ တွေမှာ စုရပ်အဖြစ်ဖန်တီးသတ်မှတ်ပြီးတော့မှ ထိုးပေးနေတာဖြစ်ပါတယ်၊ အဲဒီမှာ စုရပ်နဲ့ နီးတဲ့ နေရာမှာ ရှိတဲ့ ကျနော်တို့ တပ်ဖွဲ့ဝင်တွေလည်း လာရောက်ပြီးတော့ ထိုးနေကြ တာတော့ ရှိတယ်ဗျာ၊ ဒါပေမယ့် အဲတာကတော့အရေ အတွက် အားဖြင့်ပြောရမယ်ဆိုလို့ရှိရင် တော့ အရမ်းနည်းတဲ့ အရေအတွက်လို့ ပြောလို့ရတာပေါ့နော်၊ အဓိကကတော့ ပြည်သူတွေ ကိုပဲ ကျနော်တို့ ထိုးပေးနေတာဖြစ်တယ်ဗျာ”
ရခိုင်ပြည်နယ်အတွင်း ကိုဗစ်ကာကွယ်ဆေးထိုးပေးမယ့် ဦးစားပေးအုပ်စု ၁၆ ခုထဲမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO)တွေလည်း ပါဝင်ပြီး အဲဒီထဲမှာ ရခိုင်လက်နက်ကိုင် AA အဖွဲ့လည်း ပါဝင်တယ်လို့ ရခိုင်ပြည်နယ်ကောင်စီပြောခွင့်ရ ဦးလှသိန်းက ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ်က စက်တင်ဘာလက သတင်းစာရှင်း လင်းပွဲမှာ မီဒီယာတွေကို ပြောဆိုခဲ့ပါတယ်။ မြန်မာတနိုင်ငံလုံး တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေအပါအဝင် နေရာလပ်မကျန် လူတိုင်းကိုဆေးထိုးပေးမယ်လို့ စစ်ကောင်စီကအကြီးအကဲတွေကလည်း ပြောကြားထားပါတယ်။
ဝတိုင်းရင်းသားလက်နက်ကိုင် UWSA၊ ကချင်တိုင်းရင်းသားလက်နက်ကိုင် KIO၊ SSPP/ SSA ရှမ်းပြည်မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့၊ မိုင်းလား NDAA စတဲ့ အဖွဲ့တွေကတော့ သူတို့ထိန်းချုပ်ရာဒေသတွေမှာ သူတို့အစီအစဉ်နဲ့ ကိုဗစ်ကာကွယ်ဆေးတွေ ထိုးခဲ့ကြပါတယ်။ ရခိုင်ပြည်နယ်ထဲမှာတော့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တွေ အားကောင်းတဲ့ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်နဲ့ မြောက်ဦးစတဲ့ မြို့နယ်တွေမှာ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး AA အဖွဲ့က ကိုဗစ်ကာကွယ်ဆေးတွေ ထိုးပေးနေတာဖြစ်ပါတယ်။
..................................................................................................