[[Zawgyi/Unicode]]
ရခိုင်ပြည်နယ်မြောက်ပိုင်းက ရခိုင်စစ်ပြေးဒုက္ခသည်စခန်းတွေမှာ စားရေးသောက်ရေး မလုံလောက်တဲ့ပြဿနာကြုံနေကြတဲ့အပြင် ဆောင်းရာသီဖြစ်တာကြောင့် စောင်နဲ့ အနွေးထည်တွေ လိုအပ်နေကြပါတယ်။ နေရပ်မပြန်နိုင်ဘေးတဲ့ စစ်ဘေးဒုက္ခသည် ၇ သောင်းလောက်ရှိနေတဲ့ ရခိုင်ပြည်နယ်မှာ ထောက်ပံ့ကူညီမှုတွေကလည်း အရင်ထက်နည်းသွားတယ်လို့ ဒုက္ခသည်ကူညီရေးအဖွဲ့တွေက ပြောပါတယ်။ ရခိုင် ဘက်က ဒုက္ခသည်တွေရဲ့ အခြေအနေ ရန်ကုန်ကသတင်းရေးသားပေးပို့ထားတာကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ စီးပွားရေးကျဆင်းလာသလို ကုန်ဈေးနှုန်းတွေလည်း မြင့်တက်လာတာကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းက စစ်ဘေးဒုက္ခသည်တွေ ခိုလှုံနေကြတဲ့ ယာယီဒုက္ခသည်စခန်းတွေမှာ အစားအသောက် အသုံးအဆောင် မလုံလောက်မှုတွေ ကြုံနေကြပါတယ်။ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP နဲ့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ ICRC တို့က ငွေကြေးနဲ့ ဆန်၊ ဆီ၊စား စတဲ့ ကူညီထောက်ပံ့မှုတွေပုံမှန် ပေးပေမဲ့ ပြည်တွင်းက အကူအညီပေးသူတွေ မရှိသလောက်နည်းသွားတဲ့အတွက် လိုအပ်ချက်တွေဖြစ်နေတယ်လို့ စစ်ဘေးဒုက္ခသည် အရေးဆောင်ရွက်နေတဲ့ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများ အစည်းအရုံး REC က ကိုဇော်ဇာ်ထွန်းက ပြောပါတယ်။
“စားနပ်ရိက္ခာနဲ့ပတ်သတ်ပြီးတော့ လိုအပ်ချက်ကတော့ အမြဲတမ်းရှိနေတာပေါ့နော်။ ဘာလို့လဲဆိုတော့ အရင်လိုမျိုး ထောက်ပံ့တဲ့အဖွဲ့တွေက မရှိနေတော့ဘူး၊ ပုံမှန် ထောက်ပံ့တဲ့ ICRC တို့ WFP တို့နောက် လူကယ်ပြန်ဌာနတို့ ဒီလောက်ပဲ ပုံမှန်ရှိတယ် ပေါ့လေ၊ ကျန်တဲ့အဖွဲ့တွေကတော့ အမြဲတမ်းလိုလိုမရှိနေဘူးပေါ့၊ အရင်ကဆိုရင်တော့ ဒေသခံအဖွဲ့တွေရော ပရဟိတအဖွဲ့တွေရော ထောက်ပံ့ကြတာရှိပါတယ်။ အရင်ကဆိုရင် စခန်းမှာနေတဲ့သူတွေက ငွေရမယ့်လုပ်ငန်းတွေကို တနိုင်တပိုင်လုပ်ကြတာရှိပါတယ်။ ကိုဗစ်တွေဖြစ်သွားတယ်၊ စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ စီးပွားရေးတွေထိခိုက်လာတဲ့အခါမှာ လုပ်ငန်းတွေကလည်း အရင်လိုမလွယ်ကူတော့ဘူး။ ရှာလို့မရဘူးလို့ ပြောပါတယ်။ ဒါကြောင့် စားနပ်ရိက္ခာပိုပြီးတော့ ကြပ်တည်းလာတယ်။ တနေရာနဲ့တနေရာတော့ ကွဲပြားမှုရှိပါတယ်။ အနွေးထည်နဲ့ စောင်တွေလည်း တနေရာနဲ့ တနေရာမတူဘူး။ ရတဲ့နေရာရှိသလို မရတဲ့ နေရာတွေလည်းရှိတယ်။”
ကျောက်တော်မြို့နယ်အတွင်းက လူဦးရေ ၅၀၀ ကျော်နေထိုင်တဲ့ တောင်မင်းကလား စစ်ဘေးဒုက္ခသည်စခန်းမှာဆိုရင် WFP ကငွေကြေး ထောက်ပံ့တာတွေရှိနေပေမယ့် ကုန်းဈေးနှုန်းတွေ မြင့်တက်နေတာကြောင့် စားဝတ်နေရေး ခက်ခဲနေတယ် လို့ စစ်ဘေးဒုက္ခသည် မအေးအေးခိုင်က ပြောပါတယ်။
“စားဝတ်နေရေးကလည်း မလုံလောက်ဘူး WFP ကတော့ လူတစ်ယောက်ကို ၁ သောင်း ၇ ထောင်ပေးတာတော့ရှိတယ်။ ဒါပေမယ့်မလုံမလောက်ဘူးလေ၊ တစ်လကို လူတစ်ယောက်ကိုမှ ၁ သောင်း ၇ ထောင်ပေးတယ်။ ဈေးနှုန်းတွေလည်း တအားတက်နေတော့ ဆီတစ်ဗူးကို ၃၅၀၀ အဲတာကြောင့်မလုံလောက်ပါဘူး”
အခုလို စားနပ်ရိက္ခာအခက်အခဲတွေအပြင် ဆောင်းရာသီဖြစ်တာကြောင့် စောင်နဲ့ အနွေးထည်တွေလည်း လိုအပ်နေတယ်လို့မအေးအေးခိုင်က ပြောပါတယ်။
“အခုက တအားချမ်းနေတဲ့အချိန်မှာ စောင်တွေ အနွေးထည်တွေ မလုံမလောက်ဖြစ်နေလို့ တအားလိုအပ်နေတယ်၊ ဒီမှာတော့ လူပေါင်းငါးရာကျော်ရှိတယ်။ အဲဒီမှာ လူပေါင်းသုံးရာလောက်ကတော့ အခက်အခဲဖြစ်နေကြတယ်။ စောင်ကတော့ပေးပါတယ်။ တအိမ်ထာင်ကို သုံးထည်ပေးတယ်။ ဒါပေမယ့် လုံလောက်မှု မရှိပါဘူး။ တအိမ်ထောင်မှာ လူ ၁၂ ယောက်ရှိတဲ့ သူတွေလည်းရှိတယ်၊ ဆယ်ယောက်ရှိတဲ့ အိမ်တွေလည်းရှိတယ်၊ အဲဒါ မလုံလောက်ဖြစ်နေလို့ တအားချမ်းနေတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း မပေးဘူး။ ICRC ကလည်း အနွေးထည်လည်း မပေးဘူး၊ စောင်လည်း မပေးဘူး။ UNHCR ကတော့ ပြီးခဲ့တဲ့ မိုးရာသီက တအိမ်ထောင်ကို စောင်သုံးထည်ပေးတာတော့ရှိတယ်။ ဒါပေမယ့်မလုံလောက်ပါဘူး။”
ရခိုင်ပြည်နယ်မှာ ၂၀၁၈ ခုနှစ် အကုန်ပိုင်းလောက်ကတည်း မြန်မာအစိုးရစစ်တပ်နဲ့ ရခိုင်တပ်တော် AA တို့ကြား တိုက်ပွဲ အကြီးအကျယ်ဖြစ်ပွားခဲ့တာကြောင့် ရခိုင်ဒေ သခံ နှစ်သိန်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ကြပြီး စစ်ဘေးဒုက္ခသည်တွေ စခန်းတွေမှာ ခိုလှုံနေထိုင်နေကြရပါတယ်။ လက်ရှိ ရခိုင်ပြည်ထဲမှာ တိုက်ပွဲတွေရပ်တန့်နေပြီး စစ်ဘေးဒုက္ခသည်အများစု နေရပ်ပြန်သွားခဲ့ကြပေမယ့် မိုင်းနဲ့ စစ်ကျန် လက်နက်တွေ မရှင်းရသေးတဲ့ ကျေးရွာတွေက ရွာသူရွာသားတွေ နေရပ်မပြန်နိုင်ကြသေးသလို အစိုးရက လုံခြုံရေးအာမခံချက် မပေးနိုင်သေးတာကြောင့် နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးဒုက္ခသည် စုစုပေါင်း ၇ သောင်းနီးပါး စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ရှိနေကြပါသေးတယ်။
==============
[[Zawgyi/Unicode]]
#MyanmarViolence #RakhineConflict #MyanmarIDPs #VOABurmese
==============