တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ပေါ်ကို ဒီနေ့မနက်က စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ တဦး သေဆုံးပြီး တချို့ ဒဏ်ရာရခဲ့ပါတယ်။ ကချင်ပြည်နယ် အထူးဒေသ ၁၊ ချီဖွေမြို့နယ် ဖီမော်ရှိ နယ်ခြားစောင့်တပ် အမှတ် ၁၀၀၁ ကိုလည်း KIA က သိမ်းယူလိုက်ကြောင်း သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်ဘက်က စစ်ရေးသတင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး တင်ပြထားပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်းက ညီနောင်မဟာမိတ်တပ်တွေ ထိန်းချုပ်ထားတဲ့ မြို့တွေအပေါ် စစ်တပ်က လေကြောင်းနဲ့ ခပ်စိပ်စိပ် တိုက်ခိုက်နေတာမှာ ဒီကနေ့ သောကြာနေ့ မနက် အစောပိုင်းမှာတော့ TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ကို လေကြောင်းကနေ ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ စစ်တပ်လေကြောင်း တိုက်ခိုက်မှုနဲ့ပတ်သက်လို့ ထိခိုက် ပျက်စီးမှုတွေကို ကွတ်ခိုင်ဒေသခံတဦးက VOA ကို အခုလို ပြောပါတယ်။
“မူးယစ်ရုံးရယ်၊ နတလရယ် ပြီးတော့ ဒီဘက် ကျောဘက်က ခြံထဲလည်း ကျတယ်ပေါ့။ ၃ နေရာကျတာ။ ၃ ကြိမ်ပေါ့သူက။ ၃ ကြိမ်ကို ပထမတကြိမ်က ၃လုံး။ ဒုတိယတကြိမ်က ၄ လုံး။ တတိယတကြိမ်က ၆ လုံးလောက် ချတယ်ဗျ။ ၁၀ လုံးကျော်တယ်။ လောလောဆည် လူတယောက်သေတယ်။ အမျိုးသားတယောက် သေတယ်။ မူးယစ်ရုံးကတော့ တော်တော်ထိတယ်။”
အခြား ထိခိုက်ဒဏ်ရာရသူတွေနဲ့ နတလရုံး ( နယ်စပ်ဒေသနဲ့ တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန) အထိအခိုက်ကိုတော့ မသိရသေးကြောင်းပြောပါတယ်။ ကွတ်ခိုင်ဒေသခံတချို့ကတော့ သေဆုံးသူအမျိုးသားဟာ လက်နက်ကိုင် အဖွဲ့အစည်းက ဖြစ်ကြောင်း ပြောဆိုပေမဲ့ သီးခြားတည်ပြုချက်မရသေးပါဘူး။
ဒီကနေ့မနက် ၃ နာရီခွဲ အချိန်ခန့်မှာ စစ်ကောင်စီက ဂျက်တိုက်လေယာဉ် ၂ စီးနဲ့ ၃ ကြိမ်၊ ဗုံး ၈ လုံး ကြဲချခဲ့ကြောင်း၊ အကောက်ခွန်ရုံး၊ မီးသတ်ဌာနရုံး၊ နတလ ကျောင်း၊ လျှပ်စစ်ရုံး၊ အေးရှားဝါးလ် တိုးဂိတ်နဲ့ ယူကလစ်တောဘက်တွေမှာ ကျရောက်ကြောင်း TNLA ဘက်က သတင်းထုတ်ပြန်ထားပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် လူတယောက် ထိခိုက်ပြီး ကျွဲတကောင်နဲ့ ဌာနဆိုင်ရာ အဆောက်အဦတွေ ထိခိုက်ပျက်ဆီးကြောင်းလည်း ဖော်ပြထားပါတယ်။
မူဆယ်မြို့နဲ့ ၃ မိုင်အကွာမှာလည်း ဒီကနေ့ မနက်ပိုင်း ၇နာရီလောက်က လက်နက်ကြီးပေါက်ကွဲသံနဲ့ လက်နက်ငယ်ပစ်ခတ်သံတွေ ကြားရကြောင်း ဒေသခံတဦးက ပြောဆိုပါတယ်။ အခင်းဖြစ်ပွားတာကတော့ မူဆယ်မြို့နဲ့ ၃မိုင်အကွာ မန့်မိုင်ဘက်မှာ မိုင်းနင်းမိတာကြောင့် လူ ၂ယောက် ထိခိုက်တယ်လို့ ကြားသိရကြောင်းလည်း ပြောပါတယ်။ မူဆယ်မြို့အနီးတဝိုက်မှာ ညီနောင်မဟာမိတ် ၃ ဖွဲ့အပြင် ကချင်KIA နဲ့ ရှမ်း SSPP အဖွဲ့တွေ အခြေစိုက် လှုပ်ရှားနေတာဖြစ်ပါတယ်။
ကချင်ပြည်နယ်ဘက်မှာတော့ စစ်တပ်နဲ့ KIA ကချင်တပ်တွေ ဒီရက်ပိုင်း စစ်ရေးတင်းမာနေတဲ့ ကချင်ပြည်နယ် အရှေ့ပိုင်းက ချီဖွေမြို့နယ် ဖီမော်မြို့အခြေစိုက် နယ်ခြားစောင့်တပ် အမှတ် ၁၀၀၁ ကို ကြာသပတေးနေ့ညနေပိုင်းက KIA ပူးပေါင်းတပ်တွေက သိမ်းယူလိုက်ကြောင်း ကချင်ဒေသခံ တဦးက ပြောပါတယ်။
“မနေ့က ၁၀၀၁ တော့ သိမ်းလိုက်ပြီပြောတယ်။ ၁၀၀၁၊ ၁၀၀၂၊ ၁၀၀၃ တပ်ရင်းဌာနချုပ် ၃ ခုစလုံး သိမ်းပြီးသွားပြီ အဲလိုတော့ ကြားတယ်။ ကန်ပိုက်တီပဲ ကျန်တော့တာပေါ့။”
နယ်ခြားစောင့်တပ် အမှတ် ၁၀၀၁ မှာ တိုက်ပွဲဖြစ်ပွားတာတွေ ရှိပေမဲ့ သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူက အတည်ပြုပါတယ်။
“ဟုတ်ကဲ့ပါ။ BGF အမှတ် ၁၀၀၁ ကို ဒီမနက်ပိုင်းသိမ်းပြီးမှ လဂွေပြည်သူ့စစ်တပ်စခန်းကိုတော့ ညနေ ၁ နာရီဝန်းကျင်မှာ အပြီးအစီးသိမ်းပိုက်နိုင်တယ်ဆိုတဲ့ အတည်ပြုချက်ကိုအခုပဲရပါတယ်။”
KIA ပူးပေါင်းတပ်တွေဟာ ကချင်ပြည်နယ် အထူးဒေသ ၁ ကို စက်တင်ဘာလကုန်ပိုင်းမှာ ထိုးစစ်ဆင်ခဲ့တာပါ။ လက်ရှိမှာတော့ ချီဖွေ၊ ဆော့လော်နဲ့ ပန်ဝါ စတဲ့ အရေးပါတဲ့ မြို့တွေနဲ့ နယ်ခြားစောင့်တပ် အမှတ် ၁၀၀၂ နဲ့ ၁၀၀၃ တို့ကို သိမ်းယူထားပြီဖြစ်ပါတယ်။ မိုးမောက်နဲ့ ဗန်းမော် မြို့နယ်ဘက်မှာတော့ အောက်တိုဘာလ ၂၀ရက်နေ့ကနေ ယနေ့အထိ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်သလို ဖားကန့်ဒေသ လုံးခင်းဘက်မှာလည်း စစ်ရေးတင်းမာမှုတွေ ပြန်လည် မြင့်တက်လာနေပါတယ်။ လက်ရှိ ရှမ်းမြောက်နဲ့ ကချင်ပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်တာနဲ့ တိုက်ပွဲဖြစ်ပွားတဲ့အခြေအနေတွေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိပါဘူး။
Your browser doesn’t support HTML5