ယူကရိန်းကို အနောက်နိုင်ငံတွေက F-16 တိုက်လေယာဉ်တွေ ပေးပို့တာဟာ ပဋိပက္ခကို ပိုမိုရှည်ကြာစေလိမ့်မယ်လို့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က ဒီနေ့ပဲ ပြောလိုက်ပါတယ်။ ယူကရိန်းစစ်ပွဲအပေါ် သက်ရောက်မှု မရှိနိုင်ဘူးလို့လည်း ရုရှားက ကျင်းပတဲ့ နှစ်ပတ်လည် အရှေ့ဖျားစီးပွားရေးဖိုရမ်မှာ ပြောလိုက်တာပါ။
ရုရှားစစ်တပ်အတွက် နေ့စဉ် စေတနာ့ဝန်ထမ်း ၁၀၀၀ ကနေ ၁၅၀၀ အကြားမှာ ရှိနေပြီး၊ လွန်ခဲ့တဲ့ ၆ လအတွင်း စာရင်းသွင်းသူ ၂ သိန်း ၇ သောင်း ရှိတယ်လို့လည်း ပြောပါတယ်။ ဇွန်လထဲက စတင်ခဲ့တဲ့ ယူကရိန်းရဲ့ တန်ပြန်ထိုးစစ်ကလည်း မအောင်မြင်ဘူးလို့လည်း ပြောပါတယ်။ ယူကရိန်းတပ်ဖွဲ့တွေကတော့ ရုရှားခံစစ်နဲ့ မိုင်းကွင်းတွေကို ဖြတ်ကျော်ပြီး ယူကရိန်းအရှေ့ပိုင်းနဲ့ တောင်ပိုင်းရှိ ရွာအချို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပြောထားပါတယ်။
ပြီးခဲ့တဲ့ အပတ်ကလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဦးဆောင်တဲ့အဖွဲ့ဟာ ယူကရိန်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပြီး၊ ယူကရိန်းနိုင်ငံအတွက် စစ်ရေးအကူအညီပေးရေး အစီအစဉ်ကိုလည်း ကြေညာခဲ့ပါတယ်။ ယူကရိန်းတန်ပြန်ထိုးစစ်ရဲ့ တိုးတက်မှုဟာ အလွန်အားရစရာ ဖြစ်တယ်လို့လည်း ဝန်ကြီး Blinken က ပြောပါတယ်။
ယူကရိန်းတပ်ဖွဲ့တွေရဲ့ တိုးတက်မှုကို အမေရိကန်ပြည်ထောင်စုက ဆက်လက်စောင့်ကြည့်နေပြီး၊ ယူကရိန်းမှာ ရုရှားရဲ့ မဟာဗျူဟာမြောက် ရည်မှန်းချက်တွေ မအောင်မြင်ခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ Matthew Miller ကလည်း မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ ယူကရိန်းဟာ ရုရှားတို့ သိမ်းပိုက်ထားတဲ့ နယ်မြေရဲ့ ၅၀ ရာခိုင်နှုန်းခန့်ကို ပြန်လည်သိမ်းပိုက်ခဲ့တယ်လို့လည်း ပြောပါတယ်။
Your browser doesn’t support HTML5