ယူကရိန်းနိုင်ငံကနေ ရုရှားနိုင်ငံအနောက်တောင်ပိုင်းထဲကို နယ်စပ်ဖြတ်ကျူးကျော်ဖို့ ကြိုးပမ်းမှုကို ရုရှားတပ်တွေကဟန့်တားနိုင်ခဲ့တယ်လို့ ရုရှားဒေသတာဝန်ရှိသူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့လတွေက ယူကရိန်းအနေနဲ့ ရုရှားပိုင်နက်ထဲအထိ တိုက်ခိုက်မှုတရပ်လုပ်ခဲ့ပြီး ဒါဟာ နောက်ထပ် အခြေအနေတရပ်ဖြစ်ပါတယ်။
အခု တနင်္ဂနွေနေ့မှာ ယူကရိန်းနဲ့ ရုရှားပိုင် Bryansk ဒေသကြားနယ်စပ်ကို လက်နက်ကိုင်အုပ်စုတစုက ဖြတ်ကျော်ဖို့ကြိုးစားခဲ့ပြီး ခုခံမှုကြောင့် သူတို့ နောက်ပြန်ဆုတ်သွားရတယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး Aleksandr Bogomaz ကပြောပါတယ်။ တိုက်ခိုက်ရေးသမားတွေဟာ ယူကရိန်းစစ်သားတွေလား ဆိုတာကိုတော့ Bogomaz ကရှင်းရှင်းလင်းလင်း မပြောပါဘူး။ တနင်္ဂနွေနေ့ ညနေပိုင်းမှာပဲ ရုရှားတပ်တွေက နယ်မြေတည်ငြိမ်အောင် ထိန်းချုပ်နိုင်ခဲ့ပြီလို့ ပြောပါတယ်။ ဒါနဲ့ပတ်သက်လို့ ယူကရိန်းဘက်က တုံ့ပြန်ပြောဆိုမှု ထွက်မလာသေးပါဘူး။
ပြီးခဲ့တဲ့ ဩဂုတ်လ ၆ ရက်နေ့ကတော့ အဲဒီဒေသနဲ့ နယ်ချင်းစပ် ရုရှားပိုင် Kursk ပြည်နယ်ထဲကို ယူကရိန်းတပ်တွေအလစ်အငိုက်ထိုးစစ်ဆင်ခဲ့တာဟာဆိုရင် ဒုတိယကမ္ဘာစစ်ပြီးတဲ့နောက် ရုရှား ပိုင်နက်ကို အကြီးမားဆုံး တိုက်ခိုက်ခံရမှုဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကတော့ ရုရှားပိုင် Kursk ပြည်နယ်ထဲ မြောက်ကိုရီးယားတပ်ဖွဲ့တွေ တွေ့ရတယ်လို့ ယူကရိန်းထောက်လှမ်းရေးက ပြောခဲ့တာ ကြောင့် ယူကရိန်း ရုရှားစစ်မှာ မြောက်ကိုရီးယားတပ်တွေပါဝင်လာနိုင်ခြေအပေါ်ကမ္ဘာတဝှမ်း စိုးရိမ်မကင်းဖြစ်ခဲ့ကြပါတယ်။ ရုရှားကို မြောက်ကိုရီးယားတပ်ဖွဲ့ဝင် ၃,၀၀၀ စေလွှတ်ခဲ့တယ်လို့ အမေရိကန်ပြည်ထောင်စုကလည်း အတည်ပြုပါတယ်။ အဲဒီနောက် ကြာသပတေးနေ့မှာတော့ ရုရှား မြောက်ကိုရီးယားအပြန်အလှန်စစ်ရေးအထောက်အကူပြုရေး စာချုပ်တရပ်ကို ရုရှား လွှတ်တော်မှာ အတည်ပြုခဲ့ပါတယ်။
ယူကရိန်းအနေနဲ့ အနောက်နိုင်ငံတွေရဲ့ တာဝေးပစ်ဒုံးတွေသုံးပြီး ရုရှားအတွင်းပိုင်းအထိ တိုက်ခိုက်လာတာကို အမေရိကန်နဲ့ NATO မဟာမိတ်အဖွဲ့က ခွင့်ပြုလာမယ်ဆိုရင် ရုရှားဘက်က တုံ့ပြန်သွားမယ်လို့ ရုရှားသမ္မတ Putin က ခုတနင်္ဂနွေနေ့မှာပဲ သတိပေးလိုက်ပါတယ်။
Your browser doesn’t support HTML5