ယူကရိန်းအနီး ရုရှားစစ်အင်အား မလျှော့တဲ့အပေါ် အနောက်နိုင်ငံတွေ သတိပေး 

  • ဗွီအိုအေမြန်မာပိုင်း

Ned Price


ယူကရိန်းအနီး ရုရှားစစ်အင်အား မလျှော့တဲ့အပေါ် အနောက်နိုင်ငံတွေ သတိပေး

{{Zawgyi/Unicode}}

ယူကရိန်းနယ်စပ်မှာ ချထားတဲ့တပ်တချို့ကို ပြန်ရုပ်သိမ်းနေပြီလို့ ရုရှားကပြောပေမဲ့ လက်တွေ့မှာ စစ်အင်အား တိုးမြှင့်နေတာသာ တွေ့နေရကြောင်း အမေရိကန်နဲ့ NATO မဟာမိတ်အဖွဲ့ တာဝန်ရှိသူတွေက ပြောဆိုလိုက်ကြပါတယ်။

“ရုရှားတပ်တွေဟာ လျော့မသွားတဲ့အပြင်၊ ပိုများလာနေပြီး၊ တိုက်ခိုက်ရေးအတွက် အသင့်ပြင်တဲ့ အနေအထားမှာ ရှိနေတယ်။” အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ် Ned Price က ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွား တာပါ။

NATO အဖွဲ့ဝင်နိုင်ငံ ၃ဝ က ကာကွယ်ရေးဝန်ကြီးတွေ အစည်းအဝေးလုပ်နေတဲ့ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲမြို့တော်မှာတော့ ရုရှားဟာ သံတမန်ရေးအရ ဖြေရှင်းမယ့်အကြောင်း ပြောနေပေမဲ့ တကယ်လက်တွေ့မှာတင်းမာမှုတွေလျော့မသွားဘဲ၊ တပ်တွေ ဆက်လက်တိုးချနေတာကိုဘဲတွေ့နေရတယ်လို့ NATO အတွင်းရေးမှုးချုပ် Jens Stoltenberg ကပြောဆိုခဲ့ပါတယ်။

အက်စတိုးနီးယားထောက်လှမ်းရေးအကြီးအကဲ Mikk Marran ကလည်း ရုရှားအနေနဲ့ မစ်ဇိုင်းဒုံးနဲ့ တိုက်ခိုက်တာအပါအဝင်၊ ယူကရိန်းအပေါ် အကန့်အသတ်နဲ့ တိုက်ခိုက်ပြီး အရေးကြီးတဲ့ နယ်မြေတွေကို သိမ်းပိုက်နိုင်တယ်လို့ ပြောပါတယ်။

တချိန်ကဆိုဗီယက်ယူနီယံ အဖွဲ့ဝင်ဖြစ်ခဲ့တဲ့ ယူကရိန်းရဲ့ အရှေ့ဖက်၊ တောင်ဖက်နဲ့ မြောက်ဖက်နယ်စပ်တွေမှာ ရုရှားက စစ်အင်အား ၁ သိန်းခွဲလောက်ချထားတဲ့အထဲက ပြန်ရုပ်သိမ်းတဲ့ အရိပ်အယောင် မတွေ့ရကြောင်းလည်း ယူကရိန်းနဲ့ အမေရိကန် တာဝန်ရှိသူတွေက ပြောဆိုကြပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antonny Blinken ကတော့ ရုရှားဟာ အပြောတမျိုး အလုပ်မျိုးလုပ်နေတယ်လို့ ABC သတင်းဌာနကိုပြောဆိုခဲ့ပါတယ်။

ရုရှားကကြံဖန်လုပ်ထားတဲ့ဆင်ခြေတွေပေးပြီး ယူကရိန်းကိုအချိန်မရွေးဝင်တိုက်နိုင် တယ်လို့ယုံကြည်ထားကြောင်း အိမ်ဖြူတော်ပြောခွင့်ရအမျိုးသမီး Jen Psaki ကလည်း ပြောဆိုပါတယ်။

......................................

Your browser doesn’t support HTML5

ယူကရိန်းအနီး ရုရှားစစ်အင်အား မလျှော့တဲ့အပေါ် အနောက်နိုင်ငံတွေ သတိပေး


{{Zawgyi/Unicode}}






