(Zawgyi / Unicode)
ယူကရိန်းနယ်စပ်နားမှာ ရုရှားက တပ်တွေအများအပြား ချထားတာကြောင့် တင်းမာမှုတွေ တိုးနေချိန်မှာပဲ အနောက်နိုင်ငံတွေ အနေနဲ့ ရုရှားဘက်က တောင်းဆိုတဲ့ လုံခြုံရေးဆိုင်ရာ အာမခံချက်တွေပေးဖို့ ပျက်ကွက်ခဲ့မယ်ဆိုရင် ရွေးချယ်စရာ နည်းလမ်းတွေကို စဉ်းစားရမှာဖြစ်ကြောင်း ရုရှားသမ္မတ Vladimir Putin က ပြောပါတယ်။
ယူကရိန်းနဲ့ ဂျော်ဂျီယာလို ရုရှားဘက်က နယ်မြေချဲ့ထွင်ထားတဲ့ နိုင်ငံတွေနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်တာ အပါအဝင် NATO မဟာမိတ်တွေရဲ့ အရှေ့ဒေသဘက် တိုးချဲ့ လုပ်ဆောင်မှုတွေ အဆုံးသတ်ဖို့ ရုရှားအစိုးရက ဒီလအစောပိုင်းမှာပဲ လုံခြုံရေးဆိုင်ရာ တောင်းဆိုတဲ့ မူကြမ်းကို တင်ပြခဲ့တာပါ။
သမ္မတ Putin ကလည်း အနောက်နိုင်ငံတွေ အနေနဲ့ ရုရှားရဲ့ တောင်းဆိုချက်အတိုင်း ချက်ချင်းလုပ်ပေးဖို့ သူ့ရဲ့ ပြီးခဲ့တဲ့သီတင်းပတ် သတင်းစာရှင်းလင်းပွဲမှာ တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။ တကယ်လို့ အနောက်နိုင်ငံတွေ အနေနဲ့ သူတို့ရဲ့ ရန်လိုတဲ့လုပ်ဆောင်မှု ဆက်လုပ်နေမယ်ဆိုရင် ရုရှားဘက်က သင့်တော်တဲ့ အရေးယူဆောင်ရွက်မှုမျိုး လုပ်ဆောင်ရမယ်လို့ သမ္မတ Putin က သတိပေးခဲ့တာပါ။
ရုရှားဘက်က ဘယ်လိုတုံ့ပြန်ဖို့ရှိတယ် ဆိုတာကို ရှင်းရှင်းလင်းလင်း ပြောဆိုဖို့ မေးမြန်းတဲ့ အခါမှာတော့ အမျိုးမျိုးဖြစ်နိုင်ကြောင်း သမ္မတရဲ့ တုံ့ပြန်ချက်ကို ဒီဇင်ဘာ ၂၆ ရုရှားရုပ်သံမှာ ထုတ်လွှင့်ပြသခဲ့သလို သူ့ရဲ့ စစ်ရေးကျွမ်းကျင်သူတွေ တင်ပြချက်ပေါ် မူတည်စဉ်းစားမှာ ဖြစ်ကြောင်းသာ ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
အမေရိကန် အရာရှိတွေကတော့ ရုရှားရဲ့ တောင်းဆိုမှုနဲ့ ပတ်သက်ပြီး ဆွေးနွေးလိုတဲ့ ဆန္ဒရှိကြောင်း လူသိရှင်ကြား ပြောထားသလို NATO အတွင်းရေးမှူးချုပ် Jens Stoltenberg ကလည်း ဇန်နဝါရီလ ၁၂ ရက်နေ့မှာ NATO ရုရှားကောင်စီ အစည်းအဝေးထိုင်ဖို့ ဆုံးဖြတ်ထားတယ်လို့ မဟာမိတ်အဖွဲ့တာဝန်ခံ အရာရှိတွေက ပြောပါတယ်။ ဒါဟာ နှစ်ပေါင်း ၂ နှစ်ခွဲကာလအတွင်း NATO - ရုရှား ကောင်စီရဲ့ ပထမဆုံးညီလာခံ ဖြစ်လာမှာပါ။
Your browser doesn’t support HTML5
--------------------
(Unicode)