မြန်မာနိုင်ငံဘက်က ဒုက္ခသည်တွေ ပြန်လည်လက်ခံရေး အစီအစဉ် ဆောင်ရွက်နေတာတွေကို လေ့လာဖို့ လာမယ့်သောကြာနေ့မှာ ရိုဟင်ဂျာ ဒုက္ခသည် ကိုယ်စားလှယ် အဖွဲ့တဖွဲ့ မြန်မာနိုင်ငံဘက်ကို သွားရောက်လေ့လာမယ့်အကြောင်း ဒုက္ခသည်တွေနဲ့ ဘင်္ဂလားဒေ့ရှ် အရာရှိတွေက ပြောပါတယ်။ သွားရောက်မယ့် အစီအစဉ်နဲ့ ပတ်သက်လို့ အသေးစိတ်ကိုတော့ ပြောဆိုခြင်း မရှိပါဘူး။
ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို အသိအမှတ်ပြုဖို့ ငြင်းဆိုထားတဲ့ စစ်ကောင်စီဘက်ကလည်း မေလ ၅ ရက်နေ့ ကိုယ်စားလှယ် အဖွဲ့တဖွဲ့ လာရောက်မယ်လို့ အကြမ်းဖျဉ်းသိရတဲ့အကြောင်း ပြောဆိုထားပါတယ်။ နှစ်နဲ့ချီကျန့်ကြာနေခဲ့တဲ့ ဒုက္ခသည်ပြန်လည်လက်ခံရေး အစီအစဉ်တွေ ပြန်စဖို့ မြန်မာနိုင်ငံဘက် ပြင်ဆင်နေပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်နေတဲ့ ဟိန္ဒူဘာသာဝင်တွေအပါအဝင် ရိုဟင်ဂျာ အယောက် တထောင်ကို နေရပ်ပြန်လက်ခံမယ်လို့ ပြီးခဲ့တဲ့လပိုင်းတွေအတွင်း ပြောဆိုထားပါတယ်။
ဒါပေမဲ့လည်း ဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေးမှာ အတင်းအကြပ် ခြိမ်းခြောက်တာ၊ လိမ်ညာ လှည့်ဖျားတာတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ထွက်ပေါ်နေပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာကတော့ ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာရဲ့ သဘောထားနဲ့ ဒုက္ခသည်တွေရဲ့ အခြေအနေတွေကို စစ်ကောင်စီဘက်က အလေးထားတာမျိုး မရှိဘူးလို့ ဗွီအိုအေနဲ့ သီးသန့် အင်တာဗျူးမှာ ပြောဆိုပါတယ်။ ဒုက္ခသည်တွေကို ဂုဏ်သိက္ခာရှိရှိ ဘေးကင်းလုံခြုံစွာနေရပ်ပြန်နိုင်ဖို့အပြင် နိုင်ငံသားအဖြစ် အသိအမှတ်ပြုဖို့ စစ်ကောင်စီကို နိုင်ငံတကာနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက တောင်းဆိုနေပါတယ်။
Your browser doesn’t support HTML5