ရခိုင်ပြည်နယ်က ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို မကြာခင် နေရပ်ပြန်ပို့မယ့် အစီအစဉ် အပေါ် စိုးရိမ်ပူပမ်ကြောင်း နိုင်ငံတကာ အကူအညီပေးရေးနဲ့ အရပ်ဖက်အဖွဲ့အစည်း ၄၀ ကျော်က ပြောဆိုလိုက်ကြ ပါတယ်။
ဒုက္ခသည်တွေ နေရပ်ပြန်လိုကြပေမဲ့ လုံခြုံစိတ်ချရတဲ့အခြေအနေမျိုးတွေ မရှိသေးတဲ့အတွက် အလွန်အမင်း စိုးရိမ်တဲ့အကြောင်း ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ ကူညီနေကြတဲ့ အဖွဲ့အစည်း ၄၂ ခုက ပူးတွဲကြေညာချက်တစောင် ဒီနေ့ပဲ ထုတ်ပြန်ပြောဆို လိုက်တာပါ။
ဒုက္ခသည်တွေ ထွက်ပြေးခဲ့ရတဲ့ အကြောင်းရင်းတွေကို မဖြေရှင်းနိုင်သေးသလို၊ အခြေခံအခွင့် အရေးတွေ ခံစားခွင့် ရှိဖို့ အာမခံချက် မပေးနိုင်သေးတဲ့ အခြေအနေမျိုးမှာ ဒုက္ခသည်တွေကို နေရပ် ပြန်ပို့တာဟာ အန္တရာယ် များလွန်းတယ်လို့လည်း မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေကို သတိပေးထားပါတယ်။ မြန်မာအစိုးရနဲ့ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေကတော့ ဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေး အစီအစဉ်ကို အစောဆုံး ရှေ့သီတင်း ပတ်ထဲမှာ စတင်ဖို့ ပြီးခဲ့တဲ့ သီတင်းပတ် ထဲမှာပဲ ကြေညာထားကြတာပါ။ ဒါပေမဲ့လည်း ဒုက္ခသည်တွေ နေရပ် ပြန်ရေး အစီအစဉ်အပေါ် ကုလ သမဂ္ဂအပါအဝင် နိုင်ငံတကာက စိုးရိမ်မကင်းတဲ့ သဘောထားတွေလည်း ထွက် ပေါ်လာနေတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee ကလည်း ရိုဟင်ဂျာတွေ နေရပ်ရင်းကိုပြန်ပြီး လုံခြုံမှုရှိရှိနဲ့ အခြေခံအခွင့်အရေးတွေ ရရှိနိုင်အောင် မြန်မာ အစိုးရက မြင်သာထင်သာ ဖန်တီးထားတဲ့ အထောက်အထား ခိုင်ခိုင်မာမာ မတွေ့ရသေးကြောင်း ဒီသီတင်းပတ်ထဲမှာပဲ ပြောဆိုထားပါ တယ်။ မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင် လက်ခံမထားပေမဲ့ ဒုက္ခသည်တွေကို ပြန်လည် လက်ခံဖို့ အဆင်သင့်ရှိနေတဲ့အကြောင်း ပြောဆိုထားတာပါ။
IRC, Oxfam, World Vision နဲ့ Save the Children တို့ အပါအဝင် နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေ လည်း ပါဝင်တဲ့ ပူးတွဲကြေညာချက်မှာတော့ နေရပ်ပြန်ပို့ရေး အစီအစဉ်မှာ ဒုက္ခသည်တွေ ရဲ့ သဘောထား ဆန္ဒတွေနဲ့ ကုလသမဂ္ဂက ပါဝင်ခွင့်ရဖို့ လိုအပ်ကြောင်းလည်း ပြောဆိုထားပါတယ်။
Your browser doesn’t support HTML5