ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်း မုန်တိုင်း “မိုခါ (Mocha)” ဟာ ဒီသီတင်းပတ်ကုန်ကျရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ရခိုင်ပြည်နယ်ကို ဝင်ရောက်နိုင်တယ်လို့ ခန့်မှန်းထားတာကြောင့် ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေ စိုးရိမ်နေကြပါတယ်။ ဘင်္ဂလားဒေ့ရှ်နဲ့ ရခိုင်ပြည်နယ်မှာ မုန်တိုင်းမလာခင် ဘေးကင်းရာ ပြောင်းရွှေ့တာတွေရှိပေမဲ့ Cox’s Bazar က ဒုက္ခသည်စခန်းမှာ ပြင်ဆင်မှုတွေ အားနည်းတာကြောင့် ဒုက္ခသည်တွေ စိုးရိမ်နေကြတာပါ။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို အခြေခံပြီး ကိုရန်နိုင်က တင်ပြပေးပါမယ်။
ဘင်္ဂလားပင်လယ်အော်အတွင်းမှာဖြစ်ပေါ်နေတဲ့ အင်အားပြင်း Mocha ဆိုင်ကလုန်းမုန်တိုင်းဟာ မေလ ၁၄ရက်၊ တနင်္ဂနွေနေ့မှာ ဘင်္ဂလားဒေရှ့်နိုင်ငံ Cox’s Bazar နဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ကြားကနေ ကုန်းတွင်းပိုင်းကို ဝင်လာနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
မုန်တိုင်းဝင်လာနိုင်ခြေ အများဆုံးရှိနေတဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံ၊ Cox’s Bazar ဒေသမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းမှာတော့ မုန်တိုင်းအန္တာရယ် ကြိုတင်ကာကွယ်ဖို့ အစိုးရဖက်က သတိပေးတာလောက်သာရှိပြီး ဘေးကင်းရာကို ရွေ့ပြောင်းဖို့ နေရာထိုင်ခင်း စီစဉ်ပေးထားတာမရှိဘူးလို့ ဒုက္ခသည်တဦးဖြစ်တဲ့ ဦးမောင်မောင်က ပြောပါတယ်။
“အစိုးရဖက်ကလည်း ဒီမှာရှိတဲ့ လူတွေကို ရွေ့ပြောင်းဖို့ဆိုတာက လောလောဆယ် သူတို့မှာ ရှိမှာမဟုတ်ပါဘူး။ အနီးအနားပတ်ဝန်းကျင်မှာ လောလောဆယ် သစ်ပင်တွေဘာတွေ မရှိတဲ့နေရာမှာ ကျနော်တို့ သွားဖို့ရှိတယ်။ ဒါပေမယ့် သူတို့ဖက်ကတော့ အကူအညီပေးဖို့ စင်တာတွေ ဘာတွေ မရှိပါဘူး။ အခုထိ မုန်တိုင်းနဲ့ ပတ်သတ်ပြီး ထောက်ပံ့တာတွေ မရှိပါဘူး။ ကျနော်တို့ ကိုယ့်အစီအစဉ်နဲ့ကိုယ် လုပ်ထားတာတော့ ရှိတယ်။ တချို့လူတွေမှာလည်းမရှိဘူး။ အခုကျနော်တို့မှာရှိတဲ့ ရိက္ခာထုပ်တွေ စုပြီးတော့ လုပ်ထားတာရှိပါတယ်။”
ဒါကြောင့်လည်း Cox’s Bazar ဒုက္ခသည်စခန်းမှာ ရှိတဲ့သူတွေအနေနဲ့ စိုးရိမ်မှု မြင့်တက်နေကြတယ်လို့ ဦးမောင်မောင်က ဆက်ပြောပါတယ်။
“ကျနော်တို့ လောလောဆယ်စိုးရိမ်တာကတော့ ဒီမှာ မုန်တိုင်းတိုက်မယ် ဆိုလို့ရှိရင် ဒီမှာက ကလေးတွေ၊ သက်ကြီးရွယ်အိုတွေရှိတယ်၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေရှိတယ်။ ဒါက လောလောဆယ် လူတိုင်းမှာစိုးရိမ်စရာပေါ့။ ဒါဘယ်လိုလုပ်မလဲ မသိဘူး။ အနီးအနားမှာ ကလေးပညာသင်တဲ့ အဆောင်တဆောင်ရှိတယ်။ အဲဒီမှာ ဥပမာ လူ ၁၀၀ ဆန့်ရင် တခြားလူတွေက ဘယ်မှာသွားနေမလဲ၊ ဘယ်လိုဖြစ်လာမလဲ ဆိုတာလည်း ကျနော်တို့ အင်မတန်စိုးရိမ်တယ်။ ကျနော်တို့တော့ တော်တော်စိုးရိမ်တယ်။”
မြန်မာနိုင်ငံဘက်အခြမ်းမှာ ဆိုင်ကလုန်း မုန်တိုင်း “မိုခါ” ဝင်လာနိုင်ခြေ အများဆုံးရှိတဲ့ စစ်တွေ၊ ကျောက်ဖြူနဲ့ သံတွဲမြို့တို့က ကမ်းရိုးတန်း ဒေသတွေမှာလည်း မုန်တိုင်းနဲ့ပတ်သတ်ပြီး ကြိုတင်ကာကွယ်တာတွေ လုပ်ဆောင်နေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။
လက်ရှိအနေအထားအရ မုန်တိုင်းဝင်ရောက်မယ့် လမ်းကြောင်းပေါ်မှာ ရှိနေတဲ့ စစ်တွေမြို့နယ်မှာဆိုရင်လည်း ဒေသခံတွေဟာ ဘေးလွတ်ရာ ကုန်းမြင့်ပိုင်းတွေ ရွေ့ပြောင်းနေကြသလို ဒေသခံတွေကြား စိုးရိမ်မှုတွေ မြင့်တက်နေတယ်လို့ စစ်တွေမှာနေထိုင်တဲ့ ကိုဇော်ဇော်က ပြောပါတယ်။
“အနိမ့်ပိုင်းကလူတွေကတော့ အမြင့်ပိုင်းတွေကို အထုပ်အပိုးတွေ ပြောင်းရွှေ့တာတွေတော့ တွေ့တယ်။ စစ်တွေမြို့ကလည်း ပင်လယ်ရေ မျက်နှာပြင်ထက် ၁၅ ပေလောက်ပဲ မြင့်တယ်ဆိုတော့ စိုးရိမ်မှုတွေတော့ အများကြီးရှိကြတယ်။ တချို့ဆိုရင်လည်း မြောက်ဦးတို့၊ ကျောက်တော်တို့၊ ပုဏ္ဏားကျွန်းတို့ အဲလိုနေရာတွေအထိ ပြောင်းသွားကြတာရှိတယ်။ တော်တော်များများတော့ စိုးရိမ်နေကြတယ်။ ခန့်မှန်းထားတဲ့ အတိုင်းဆိုရင်လည်း တော်တော်ပြင်းထန်မယ့် အနေအထား၊ နာဂစ်ထက်တောင်မှ ပြင်းထန်မယ့်အနေအထား စိုးရိမ်မှုတွေ အများကြီးဖြစ်တာပေါ့။ အဲတာကြောင့်လဲ ရွေ့ပြောင်းသွားကြတာ။”
ကျောက်ဖြူမြို့နယ်မှာတော့ သက်ဆိုင်ရာ အာဏာပိုင်တွေက ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေကို ဘေးလွတ်ရာသို့ ရွေ့ပြောင်းတာတွေ လုပ်ဆောင်နေတယ်လို့ ကျောက်ဖြူဒေသခံ ကိုနိုင်လင်းစိုးက ပြောပါတယ်။
“ကျနော်တို့ ကျောက်ဖြူဖက်မှာတော့ အစိုးရဌာနတွေက ကားတွေနဲ့ပတ်ပြီးတော့ သတိထားဖို့အကြောင်းတွေ ပြောတာတွေရှိတယ်။ ကျောက်ဖြူ ထွေအုပ်ရုံးကနေပြီးတော့ သူတို့သတ်မှတ်ထားတဲ့ စာသင်ကျောင်းတွေ၊ ဓမ္မာရုံတွေ၊ ဘုန်းကြီးကျောင်းတွေမှာ သက်ကြီးပိုင်းတွေ၊ အခုကတည်းက သွားနေဖို့အတွက်၊ သွားနေတာတွေရှိတယ်။ လူတွေကတော့ ရုတ်ရုတ်သဲသဲ သိပ်မဖြစ်သေးပါဘူး။”
သံတွဲမြို့နယ်မှာတော့ ကြိုတင် ပြင်ဆင်တာတချို့ရှိပေမယ့် ဒေသခံတွေကြား စိုးရိမ်မှုမြင့် တက်နေတာမျိုးတွေ မရှိဘူးလို့ ဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။
“အခုအချိန်ထိတော့ သံတွဲမှာ ဘယ်လိုရှိလဲဆိုတော့ လူတွေကတော့ ပုံမှန်ပဲ သွားလာလှုပ် ရှားနေကြတယ်။ တခုရှိတာကတော့ အစိုးရကနေပြီးတော့ ဈေးတွေ ပိတ်ခိုင်းထားတယ်။ တချို့ အနည်းအကျဥ်း ဖွင့်တဲ့ဟာတွေလည်းရှိတယ်။ အဓိကတော့ ပင်လယ်နဲ့ပတ်သတ်ရင်တော့ လှေတွေအကုန်လုံး တင်ထားတယ်။ လှေသမားတွေ မဆင်းကြတော့ဘူး၊ ကျန်တာကတော့ နည်းနည်းပါးပါး ပြောင်းတဲ့ ရွှေ့တဲ့ သူတွေတော့ရှိတယ်။ အနည်းအကျင်းလောက်ပဲ ရှောင်ကြတယ်။ ဒီဖက်က လူတွေက သိပ်ပြီးတော့ မစိုးရိမ်ကြသလိုပဲ။”
လာမယ့် မေလ ၁၄ရက်နေ့မှာ ရခိုင်ကမ်းရိုးတန်းနဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံ Cox’s bazar ဒေသတို့ကို ဝင်ရောက်လာနိုင်တဲ့ Mocha ဆိုင်ကလုန်းမုန်တိုင်းဟာ တဖြည်းဖြည်း အင်အားကောင်းလာနေပါတယ်။ လက်ရှိအချိန်မှာတော့ သက်ဆိုင်ရာအာဏာပိုင်တွေက သတိပေးတာတွေ၊ ဒေသခံပြည်သူတွေကို ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးတာတွေ လုပ်ဆောင်နေတဲ့တချိန်ထဲမှာဘဲ ဒေသခံတွေကြားမှာလည်း မုန်တိုင်းနဲ့ ပတ်သတ်ပြီး စိုးရိမ်မှုတွေ တဖြည်းဖြည်း မြင့်တက်လာနေကြပါတယ်။
Your browser doesn’t support HTML5